ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ လက်ရှိအချိန်အထိ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၆ ဘီလျံခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ်တွင် နိုင်ငံတော်၏ဝင်ငွေ ၁၁ ရာခိုင်နှုန်းခန့် ရှာဖွေနိုင်ခဲ့

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ လက်ရှိအချိန်အထိ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၆ ဘီလျံခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ်တွင် နိုင်ငံတော်၏ဝင်ငွေ ၁၁ ရာခိုင်နှုန်းခန့် ရှာဖွေနိုင်ခဲ့
ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
Published 15 January 2021

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ လက်ရှိအချိန်အထိ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၆ ဘီလျံခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ်တွင် နိုင်ငံတော်၏ဝင်ငွေ ၁၁ ရာခိုင်နှုန်းခန့် ရှာဖွေပေးနိုင်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

ဇန်နဝါရီ ၁၄ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တည်ဆောက်မည့် National Oil and Gas Information Centre အဆောက်အအုံ၏ ပန္နက်တင် မင်္ဂလာ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ယနေ့အခမ်းအနားသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် National Oil and Gas Information Centre (ပထမအဆင့်) သုံးထပ် RC အဆောက်အအုံ၏ ပန္နက်တင် အခမ်းအနား ဖြစ်ပါကြောင်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရှာဖွေ၊ တူးဖော် ထုတ်လုပ်ခြင်းကို ဆောင်ရွက်နေပါကြောင်း ပြောကြားသည်။

ယင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မိမိတို့နိုင်ငံ၏ ဘူမိအနေအထားအရ အနည်ကျချိုင့်ဝှမ်း ၁၇ ခု ပိုင်းခြားထားပြီး ကုန်းပိုင်းနှင့် ကမ်းလွန်လုပ်ကွက် စုစုပေါင်း ၁၀၄ ကွက် သတ်မှတ်ထားပါကြောင်း၊ သတ်မှတ်ထားသော လုပ်ကွက်များ၌ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အနေဖြင့်လည်းကောင်း၊ ပြည်တွင်း/ပြည်ပမှ နိုင်ငံတကာ အတွေ့အကြုံရှိ ရေနံကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်း၍ လည်းကောင်း၊ 2D/3D ဆိုက်စမစ်တိုင်းတာခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်မှု ပမာဏကို တွက်ချက်၍  အကဲဖြတ်တွင်းများ တူးဖော်ခြင်း၊ ဖွံ့ဖြိုးရေးတွင်းများ တူးဖော်ခြင်း၊ စီးပွားဖြစ် ရှာဖွေတွေ့ရှိမှုအပေါ် မူတည်၍ ပလက်ဖောင်းများ၊ ပိုက်လိုင်းများ တည်ဆောက်၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ခြင်း စသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်သယ်ယူ ပို့ဆောင်ခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်ရှိအချိန်အထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ၂၆ ဘီလျံခန့်ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကာလတွင် နိုင်ငံတော်ဝင်ငွေ၏ ၁၁ ရာခိုင်နှုန်းခန့် ရှာဖွေပေးနိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ယခင်က ရေနံရှာဖွေတူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဓာတ်ခွဲနမူနာများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ခိုအောင်းမှု ဒေတာအချက်အလက်များကို စာရွက်စာတမ်းများ၊ CD များ၊ Hard Disk များဖြင့် နေပြည်တော် (ရုံးချုပ်) နှင့် ထောက်ကြံ့ သုတေသနဌာနတို့တွင် စနစ်တကျ စုစည်းထိန်းသိမ်းခဲ့သော်လည်း ခေတ်မီတိုးတက်လာသည့် IT နည်းပညာရပ်များနှင့်အညီ အဆင့်မြှင့်တင်၍ ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းနိုင်ရန် အတွက်လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊ ပို့ဆောင်၊ ဖြန့်ဖြုး၊ ရောင်းချခြင်း လုပ်ငန်းများကို ဗဟိုထိန်းချုပ်မှုစနစ်ဖြင့် Real Time Data Monitoring and Management လုပ်ဆောင်ရန်၊ သဘာဝဘေး ကြုံတွေ့လာချိန်တွင် အချိန်နှင့် တစ်ပြေးညီ စီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်ရန်နှင့် လူနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ မဖြစ်ပေါ်စေရန် အတွက်လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ခြင်း၊ ပို့ဆောင်ဖြန့်ဖြူးခြင်း လုပ်ငန်းများ ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း ရည်ရွယ်၍ National Oil and Gas Information Centre ကို တည်ဆောက်ရခြင်း ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အဆိုပါ စီမံကိန်းပြီးစီးပါက Fiber Network နှင့် Internet Network နှစ်မျိုးဖြင့် Real Time Data များ ရယူခြင်း၊ အချက်အလက်များအား စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီမံခန့်ခွဲခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၊ ထိန်း/ဖြန့်စခန်းများမှ သတင်းအချက်အလက်များကို နေပြည်တော်ရုံးချုပ်မှ တိုက်ရိုက် ကြည့်ရှုနိုင်ခြင်း၊ SCADA System ဖြင့် ထိန်းချုပ်နိုင်ခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊ ဖြန့်ဖြူးမှုဆိုင်ရာ အချက်အလက်များဖြစ်သည့် ကုန်းပိုင်း၊ ကမ်းလွန်လုပ်ကွက်များနှင့် ပိုက်လိုင်းဆိုင်ရာ အချက်အလက်များ၊ Geology and Geophysics Data များ၊ နေရာဒေသအလိုက် Plant & Equipment စာရင်းများ၊ CNG အရောင်းဆိုင်များ၊ Operator Company များ၏ အချက်အလက်များ၊ ဝန်ထမ်းရေးရာနှင့် Human Resources Development ဆိုင်ရာ အချက်အလက်များ၊ Financial ပိုင်းဆိုင်ရာ အချက်အလက်များကို သိုလှောင်သိမ်းဆည်း၍ လိုအပ်သလို စီမံခန့်ခွဲမှု ပြုလုပ်သွားနိုင်ခြင်း၊ အနာဂတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်ပါကြောင်းနှင့် လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ လုပ်ငန်းဌာနများမှ ၀ိုင်းဝန်းပံ့ပိုး ကူညီပေးကြရန် တိုက်တွန်းကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent