ရန်ကုန်မြို့တွင် အဆင့်မြင့် ကွန်ဒိုမီနီယမ်တိုက်ခန်း ၁၃၀၅၀ ဝန်းကျင်ရှိလာပြီး ဝယ်လိုအား လျော့နည်းမှုကြောင့် ပြီးခဲ့သည့် ခြောက်လနှင့် နှိုင်းယှဉ်ပါက စျေးနှုန်း ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းလာ

ရန်ကုန်မြို့တွင် အဆင့်မြင့် ကွန်ဒိုမီနီယမ်တိုက်ခန်း ၁၃၀၅၀ ဝန်းကျင်ရှိလာပြီး ဝယ်လိုအား လျော့နည်းမှုကြောင့် ပြီးခဲ့သည့် ခြောက်လနှင့် နှိုင်းယှဉ်ပါက စျေးနှုန်း ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းလာ
ရန်ကုန်မြို့ရှိ အထပ်မြင့် လူနေအဆောက်အအုံ အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ အထပ်မြင့် လူနေအဆောက်အအုံ အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 15 January 2021
စည်သူအောင်

ရန်ကုန်မြို့တွင် အဆင့်မြင့် ကွန်ဒိုမီနီယမ်တိုက်ခန်း ၁၃၀၅၀ ဝန်းကျင်ရှိလာပြီး ဝယ်လိုအား လျော့နည်းမှုကြောင့် ပြီးခဲ့သည့် ခြောက်လနှင့် နှိုင်းယှဉ်ပါက စျေးနှုန်း ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း ကနေဒါအခြေစိုက် နိုင်ငံတကာ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်သော Colliers International (Myanmar) ၏ ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ် စျေးကွက်သုံးသပ်ချက်အရ သိရသည်။

၂၀၁၈ ခုနှစ် နှစ်ကုန်၌ ရန်ကုန်မြို့တွင် နိုင်ငံတကာအဆင့်မီ ကွန်ဒိုတိုက်ခန်း ၁၀၅၅၃ ခန်းရှိမည်ဟု မျှော်မှန်းခဲ့သော်လည်း တည်ဆောက်ရေး ကြန့်ကြာမှုများကြောင့် ၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်အထိ အခန်းပေါင်း ၁၂၃၃၀ ဝန်းကျင်သာ ရှိခဲ့သည်။ စျေးကွက်အတွင်း ဝယ်လိုအား ကျဆင်းမှုကြောင့် အရည်အသွေး မြင့်မားပြီး စျေးနှုန်းကြီးမြင့်သည့် ကွန်ဒိုတိုက်ခန်းများထက် အလယ်အလတ် စျေးနှုန်းသင့်တင့်သည့် ကွန်ဒိုတိုက်ခန်းများ ပိုမိုအရောင်းသွက်လာခဲ့ကာ Luxury အခန်းများမှာ ငွေကြေးကြွယ်ဝသူများ၏ ဝယ်လိုအားကြောင့် စျေးနှုန်းမြင့်မား နေဆဲဖြစ်သည်။

၂၀၁၈ ခုနှစ်အတွင်း အခန်းပေါင်း ၃၀၀၀ နီးပါးထပ်တိုးမည်ဟု ခန့်မှန်းခဲ့သော်လည်း စီမံကိန်းအများစုသည် နှောင့်နှေးမှုများ ဖြစ်ပေါ်နေ၍ စျေးကွက်အတွင်းသို့ ရောက်မလာဘဲ ရှိနေသည်။ ၂၀၁၉ ခုနှစ် ပထမ သုံးလပတ်တွင် အခန်းသစ် ၆၅၀၊ ဒုတိယသုံးလပတ်တွင် အခန်းသစ် ၄၈၅ ခန်း၊ စတုတ္ထသုံးလပတ်တွင် ၁၂၅၀ ခန်းသာ စျေးကွက်ဝင်ရောက်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ယခင်နှစ် ကာလတူထက် အခန်းပေါင်း ၄၀ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ် စတုတ္ထ သုံးလပတ်တွင် ယခင်သုံးလပတ်ထက် အခန်းပေါင်း ၁၁ ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်း ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ် တွင် အခန်းပေါင်း ၇၃၀ စျေးကွက်ဝင်ရောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် တတိယ သုံးလပတ်တွင် အခန်းပေါင်း ၁၃၀၅၀ အထိရှိလာကာ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၈ ရာ ခိုင်နှုန်း တိုးတက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်အတွင်း တည်ဆောက်ဆဲ ကွန်ဒိုတိုက်ခန်း စီမံကိန်းပေါင်း ၃၀ နီးပါးရှိပြီး အများစုမှာ ကြန့်ကြာလျက်ရှိသည်။ စျေးကွက်ကျဆင်းမှုများ ရှိနေသော်လည်း ဆောက်လက်စ ကွန်ဒိုတိုက်ခန်းများ ရှိနေသောကြောင့် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်တွင် အခန်းပေါင်း ၁၄၀၀၀ ဝန်းကျင်၊ ၂၀၂၁ ခုနှစ် နှစ်ကုန်တွင် အခန်းပေါင်း ၁၇၅၀၀ ဝန်းကျင်ရှိလာမည်ဟု မျှော်မှန်းထားသည်။

ကွန်ဒိုတိုက်ခန်း ဝယ်ယူမှုနှုန်း အနေဖြင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စတုတ္ထ သုံးလပတ်တွင် ၅၇ ရာခိုင်နှုန်းရှိရာမှ ၂၀၁၈ ပထမ သုံးလပတ်တွင် ၅၉ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် တတိယသုံးလပတ်၊ စတုတ္ထ သုံးလပတ်နှင့် ၂၀၁၉ ခုနှစ် ပထမသုံးလပတ်တွင် ၅၈  ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်တွင် ၅၃ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ် စတုတ္ထ သုံးလပတ်တွင် ၆၁ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်တွင် ၆၁ ရာခိုင်နှုန်းရှိခဲ့ပြီး ကားပါကင်နေရာ လုံလောက်စွာ မပေးနိုင်သော ကွန်ဒိုတိုက်ခန်းများမှာ ရောင်းအား ပိုမိုကျဆင်း လျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော မူဝါဒ အပြောင်းအလဲများကြောင့် အထပ်မြင့် အဆောက်အအုံများ လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးခဲ့ရပြီး အကျိုးဆက်အနေဖြင့် ၂၀၁၈ ခုနှစ် တတိယသုံးလပတ်အထိ အထပ်မြင့် အဆောက်အအုံများမှ ကွန်ဒိုမီနီယမ်တိုက်ခန်းများ အသစ်ထွက်ရှိမှု လျော့နည်းခဲ့ရသည်။ ၂၀၁၈ ခုနှစ် စတုတ္ထ သုံးလပတ်မှစ၍ ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်အထိ ဝယ်လိုအားများ ကျဆင်းလာခဲ့ပြီး ၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်မှ စတင်၍ ဝယ်လိုအား ပြန်လည်မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်းက လာမည့်ငါးနှစ်အတွင်း ကွန်ဒိုမီနီယမ်တိုက်ခန်း တစ်နှစ်လျှင် ပျမ်းမျှ ၂၁၀၀ ခန့်ထွက်ရှိမည်ဟု Colliers က ခန့်မှန်းခဲ့သော်လည်း စီမံကိန်း နှောင့်နှေးမှုများကြောင့် ၂၀၁၆ ခုနှစ်တွင် အခန်းပေါင်း ၁၆၀၀ ဝန်းကျင်၊ ၂၀၁၇ ခုနှစ်အတွင်း အခန်းပေါင်း ၉၀၀ ဝန်းကျင်၊ ၂၀၁၈ ခုနှစ်အတွင်း အခန်းပေါင်း ၅၀၀ ဝန်းကျင်၊ ၂၀၁၉ ခုနှစ်အတွင်း အခန်းပေါင်း ၃၀၀၀ ဝန်းကျင် အသစ်ထွက်ပေါ်နိုင်ခဲ့သည်။

မြန်မာနိုင်ငံရှိ နိုင်ငံတကာအဆင့် ကွန်ဒိုမီနီယမ်တိုက်ခန်း ပျမ်းမျှစျေးနှုန်းသည် ဒေါ်လာ ၉၀၀၀၀ ကျော်မှ ဒေါ်လာ ၉၀၀၀၀၀ ဝန်းကျင်အထိရှိပြီး လက်ရှိ ၂၀၂၀ ပြည့်နှစ် တတိယ သုံးလပတ်တွင် အလယ်အလတ် အခန်းများဖြစ်သော ဒေါ်လာ ၁၀၀၀၀၀ မှ ၂၀၀၀၀၀ ဝန်းကျင်အခန်းများ အရောင်းအဝယ် ကောင်းမွန်နေသည်။ ကြိုတင်ငွေ ပေးသွင်းမှုစနစ်ဖြင့် ပျမ်းမျှဝယ်ယူမှုသည် ၂၀၁၆ ခုနှစ်တွင် ၅၃ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇ ခု နှစ်တွင် ၆၀ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၈ ခု နှစ်တွင် ၈၅ ရာခိုင်နှုန်းအထိ မြင့်တက်လာ ခဲ့ပြီး၂၀၁၉ ခုနှစ် အစပိုင်းတွင် ၅၂ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့သည်။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၆၁ ရာခိုင်နှုန်းအထိ ပြန်တက်ခဲ့ပြီး လက်ရှိ ၂၀၂၀ ပြည့်နှစ် တတိယ သုံးလပတ်တွင်လည်း ၆၁ ရာခိုင်နှုန်းရှိနေသည်။

Colliers ၏ တွက်ချက်မှုများအရ မြန်မာနိုင်ငံရှိ နိုင်ငံတကာ အဆင့်မီ ကွန်ဒိုမီနီယမ် တိုက်ခန်းများအနက် အလယ်အလတ်အဆင့် ၁၄ ရာခိုင်နှုန်း၊ အလယ်အလတ်ထက် အဆင့်မြင့်သောအဆင့် ၃၇ ရာခိုင်နှုန်း၊ အရည်အသွေးမြင့်အဆင့် ၃၆ ရာခိုင်နှုန်း၊ ဇိမ်ခံအရည်အသွေးအဆင့် ၁၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း ဖြစ်ပေါ်သော ကွန်ဒိုတိုက်ခန်း တစ်စတုရန်းမီတာ ပျမ်းမျှစျေးနှုန်းများမှာ အလယ်အလတ်အဆင့် ၁၅၀၀ ဒေါ်လာ၊ အလယ်အလတ်ထက် အဆင့်မြင့်သောအဆင့် ၁၈၀၀ ဒေါ်လာ၊ အရည်အသွေးမြင့်အဆင့် ၃၃၀၀ ဒေါ်လာ၊ ဇိမ်ခံအရည်အသွေးအဆင့် ၃၇၀၀ ဒေါ်လာတို့ဖြစ်သည်။

 

Most Read

Most Recent