ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်အတွင်း Myanmar HLD Enterprise ကုမ္ပဏီလီမိတက်က ဒေါ်လာနှစ်သန်းရင်းနှီးမြှုပ်နှံပြီး CMP စနစ်ဖြင့် ထုပ်ပိုးပစ္စည်းအမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ကိုင်မည်

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်အတွင်း Myanmar HLD Enterprise ကုမ္ပဏီလီမိတက်က ဒေါ်လာနှစ်သန်းရင်းနှီးမြှုပ်နှံပြီး CMP စနစ်ဖြင့် ထုပ်ပိုးပစ္စည်းအမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ကိုင်မည်
ARIC အစည်းအဝေးကိုတွေ့ရစဉ် (ဓာတ်ပုံ-ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ)
ARIC အစည်းအဝေးကိုတွေ့ရစဉ် (ဓာတ်ပုံ-ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ)
Published 14 January 2021
နီလာ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်အတွင်း Myanmar HLD Enterp0rise ကုမ္ပဏီလီမိတက်က ဒေါ်လာနှစ်သန်းရင်းနှီးမြှုပ်နှံကာ CMP စနစ်ဖြင့် ထုပ်ပိုးပစ္စည်းအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ(၁၀/၂၀၂၀) ကြိမ်မြောက်အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး အလုပ်အကိုင် ၆၂၇ ခု ဖန်တီးပေးနိုင်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ARIC ဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်က ARIC အစည်းအဝေးအား ကော်မတီစတင်ချိန်မှ လက်ရှိအချိန်အထိ (၁၀) ကြိမ်မြောက်ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှ လက်ရှိအချိန်အထိ လုပ်ငန်းပေါင်း ၅၈ ခုကို ခွင့်ပြုနိုင်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အစည်းအဝေး (၁၀)ကြိမ် ကျင်းပခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၆ ခုကို ခွင့်ပြုပေးနိုင်ခဲ့ကြောင်း ပြောကြားသည်။

“ရင်းနှီးမြှုပ်နှံမှုဟာ တိုင်းဒေသကြီးအတွက် စီးပွားရေးဖွံ့ဖြိုးဖို့၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ဖို့ အခြေခံဖြစ်တဲ့အတွက် ကော်မတီအဖွဲ့ဝင်များအနေနဲ့ ရင်း နှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ဆက်လက်ဖိတ်ခေါ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ဦးလှမိုးအောင်က ဆိုသည်။

ကော်မတီမှ အတည်ပြုမိန့်ထုတ်ပေးထားသည့် လုပ်ငန်းများအား ရင်းနှီးမြှုပ်နှံသူများ လိုက်နာရမည့် တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်ခြင်းရှိမရှိနှင့် ဒေသခံများနှင့်အဆင်ပြေစွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း ရှိ မရှိတို့ကိုလည်း ကြီးကြပ်ကွင်းဆင်း ပံ့ပိုးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့်  တိုင်းဒေသကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြမည့် လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းပိုင်းဆိုင်ရာအခက်အခဲများကို တိုင်းဒေသကြီးအစိုးရထံသို့ တင်ပြနိုင်ကြောင်း ဝန်ကြီးချုပ်ဦးလှမိုးအောင်က ဆက်လက်ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၊ ကွင်းလွယ်ကျေးရွာအုပ်စုအတွင်း CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းကို Dong Long (Myaungmya) Garment Co., Ltd က ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်ရန် ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ (၉/ ၂၀၂၀) ကြိမ်မြောက် အစည်းအဝေးမှ အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး အလုပ်အကိုင် ၃၅၃၀ ခု ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ငွေဆောင်၌ Pearl Ayar ကုမ္ပဏီက ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဟိုတယ်နှင့် အပန်းဖြေလုပ်ငန်းလုပ်ကိုင်ရန် ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုပေးလိုက်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့နယ် အမှတ်(၄)ရပ်ကွက်၊ ကွင်းအမှတ်-၁၉၈၁ ပြင် မကျီးမှော်အပြင်ကွင်း၊ ဦးပိုင်အမှတ်- ၃၅၊၃၃/၂၊ ကျောက်ဖျာကျေး ရွာ၊ ဦးပိုင်အမှတ် ၂၊၃/၁၊ ၄/ ၁၊ ၅/ ၁၊ ၁၆၇၊ ၁၇၀၊ ၁၇၁၊ ၁၇၇၊ ကွင်းအမှတ်(၁၉၈၁) မကျီးမှော်ကွင်း၌ Peral Ayar Company Limited က ဟိုတယ်နှင့်အပန်းဖြေလုပ်ငန်းကို ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအဖြစ် မြှုပ်နှံမည်ဖြစ်ပြီး ယင်းလုပ်ငန်းမှ အလုပ်အကိုင်အခွင့်အလမ်း ၇၁ ခု ဖန်တီးပေးနိုင်ခဲ့ကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၈/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။                                            

 

Most Read

Most Recent