မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှုမြှင့်တင်ခြင်း စီမံကိန်း FARM Project ၏ စီမံကိန်းကာလ ခြောက်နှစ် လျာထားမှုအပေါ် COVID-19 ကြောင့် လုပ်ငန်းနှောင့်နှေး ကြန့်ကြာခဲ့သည့်အတွက် စီမံကိန်းကာလ တစ်နှစ် ထပ်မံတိုးမြှင့်

မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှုမြှင့်တင်ခြင်း စီမံကိန်း FARM Project ၏ စီမံကိန်းကာလ ခြောက်နှစ် လျာထားမှုအပေါ် COVID-19 ကြောင့် လုပ်ငန်းနှောင့်နှေး ကြန့်ကြာခဲ့သည့်အတွက် စီမံကိန်းကာလ တစ်နှစ် ထပ်မံတိုးမြှင့်
FARM Project ၏ ပထမအကြိမ် အမျိုးသားအဆင့် စီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)
FARM Project ၏ ပထမအကြိမ် အမျိုးသားအဆင့် စီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)
Published 14 January 2021
နီလာ

မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ရေးစီမံကိန်း FARM Project ၏ စီမံကိန်းကာလ ခြောက်နှစ် လျာထားဆောင်ရွက်မှုအပေါ် COVID-19 ကြောင့် လုပ်ငန်း နှောင့်နှေးကြန့်ကြာခဲ့သည့်အတွက် စီမံကိန်း ကာလ တစ်နှစ်ထပ်မံ တိုးမြှင့်ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ရေးစီမံကိန်း FARM Project ၏ စီမံကိန်းကာလ ခြောက်နှစ် လျာထားဆောင်ရွက်မှုအပေါ် COVID-19 ကြောင့် လုပ်ငန်းနှောင့်နှေး ကြန့်ကြာမှု ဖြစ်ပေါ်ခဲ့သည့်အတွက် စီမံကိန်းကာလ တစ်နှစ်ထပ်မံ တိုးမြှင့်ခြင်းနှင့်အတူ ကျန်ရှိလျက်ရှိသည့် စီမံကိန်းလုပ်ငန်းများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် နည်းလမ်းများကို မူဘောင်အတွင်းမှ တိကျစွာ လိုက်နာဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ရေးစီမံကိန်း FARM Project ၏ ပထမအကြိမ် အမျိုးသားအဆင့် စီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေးတွင် စီမံကိန်း ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ငွေကြေးရန်ပုံငွေအဖွဲ့ (International Fund for Agriculture Development – IFAD) နှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သည့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ခြင်းစီမံကိန်း (Forestering Agriculture Revitalization in Myanmar – FARM Project) အား ၂၀၁၄ ခုနှစ်မှစ၍ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာအထိ ခြောက်နှစ်ကြာ ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သည့် စီမံကိန်းဖြစ်သည်။

စီမံကိန်းရလဒ်အဖြစ် စိုက်ပျိုးရေး အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင်  စနစ်တကျ လယ်ယာမြေ ဖော်ထုတ်ခြင်း၊ ရေသွင်းမြောင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရေနုတ်မြောင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို လည်းကောင်း၊ စိုက်ပျိုးရေးနှင့် စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍတွင် အသိပညာ ဖွံ့ဖြိုးတိုးတက်ရန် ရင်းနှီးမြှုပ်နှံရေး၌ စိုက်ပျိုးစီးပွား အသိပညာပေး စင်တာများ တည်ဆောက်ခြင်း၊ စံပြကွက်များ ပြုလုပ်ခြင်း၊ သင်တန်းများ ပို့ချပေးခြင်း စသည်တို့ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်မှ ချေးငွေဒေါ်လာသန်း ၂၀၀ ဖြင့် မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးချေးငွေ စီမံကိန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ငါးနှစ်အကောင်အထည်ဖော်မည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်လာစေရန်၊ သီးနှံအမည်စုံတိုးချဲ့ စိုက်ပျိုးလာနိုင်စေရန်နှင့် ရွေးချယ်ထားသော တန်ဖိုးမြင့် ကွင်းဆက်တစ်လျှောက်မှ စိုက်ပျိုးထုတ်ကုန်များ၏ အရည်အသွေး ပိုမိုကောင်းမွန်မှုနှင့် စျေးကွက် ယှဉ်ပြိုင်မှုများ တိုးမြင့်လာစေရေးတို့ကို ရည်မှန်းဆောင်ရွက်သော စီမံကိန်းဖြစ်သည်။

မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးချေးငွေစီမံကိန်းကို ကမ္ဘာ့ဘဏ်မှချေးငွေ ဒေါ်လာသန်း ၂၀၀ ဖြင့် အကောင်အထည်ဖော်ရန်အတွက် ၂၀၂၀ ပြည့်နှစ် သြဂုတ် ၄ ရက်တွင် ချေးငွေစာချုပ်ကို မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဘဏ်တို့ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေး (National Food and Agriculture Systems Project – NFASP) ချေးငွေစီမံကိန်း စတင်ညှိနှိုင်းစဉ်က ချေးငွေဒေါ်လာ ၈ ဒသမ ၅ သန်းဖြင့် စိုက်ပျိုးရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေး သုတေသန ဦးစီးဌာနတို့က စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်သော်လည်း COVID-19 ကူးစက်မြန်ရောဂါကြောင့် စီးပွားရေး ထိခိုက်မှုများ ကုစားနိုင်ရေးအတွက် ချေးငွေ ဒေါ်လာ သန်း ၂၀၀ အထိ တိုးမြှင့်ရယူခဲ့ခြင်းဖြစ်ပြီး စီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ သမဝါယမ ဦးစီးဌာနတို့က အကောင်အထည်ဖော် ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။

COVID-19 ကူးစက်ရောဂါ ဖြစ်ပွားစဉ် ကာလအတွင်း တွေ့ကြုံရသော အခက်အခဲများအတွက် နိုင်ငံတော်က ရေးဆွဲဆောင်ရွက် လျက်ရှိသော COVID-19 ကာလ စီးပွားရေး ကုစားမှုအစီအစဉ် COVID-19 Economic Relief Plan (CERP) အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ COVID-19 ကာလ အရေးပေါ်တုံ့ပြန်ရေး အစီအစဉ် (Contingency Emergency Response Component) တစ်ခုအဖြစ် Cash for Work စီမံကိန်းကို ရေးဆွဲဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent