အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုအလုပ်အမှုဆောင်ဒေါက်တာအောင်မိုးညို ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရန် NLD ပါတီကယား ပြည်နယ်ဥက္ကဋ္ဌကသာ ဆက်သွယ်မှုရှိပြီး ပါတီဗဟိုချင်းဆက်သွယ်မှုမရှိသည့်အပြင် NLD ရုံးတွင်ဆိုပါက တွေ့မည်မဟုတ်ကြောင်း ကယားပြည်နယ်ဒီမို ကရက်တစ်ပါတီ (KySDP) အတွင်းရေးမှုး ခူးသဲရယ်က ပြောကြားသည်။
ဒေါက်တာအောင်မိုးညို ဦးဆောင်သည့်အဖွဲ့သည် ဇန်နဝါရီ ၁၁ ရက် မွန်းလွဲပိုင်းတွင် ကယားပြည်နယ် လွိုင်ကော်မြို့သို့ ရောက်ရှိသွားကြောင်း သိရသည်။
'' ရွေးကောက်ပွဲပြီးတော့ သူတို့ထုတ်ပြန်တဲ့စာအရပေါ့နော် ။ တိုင်းရင်းသားပါတီ တွေနဲ့လက်တွဲဆောင်ရွက်လိုတယ ်နိုင်ငံရေးမှာပေါ့။ ဒါကျွန်တော်တို့ တိုင်းရင်းသား ပါတီနဲ့NLD ပါတီပေါ်လစီ တွေလည်းတူညီကြတာပေါ့။ ဒီလိုပြောပြီးတော့မှ စာတစ်စောင်ထုတ်လိုက်ပါတယ် ။ ဒီကြားထဲမှာ ကျွန်တော့်ကို ဒေါက်တာအောင်မိုးညိုကနေပြီးတော့ ဖုန်းတစ်ခါဆက်လာတယ် ။ ဒါကတော့ လာတွေ့မယ့်ကိစ္စပေါ့နော် ။ ကျွန်တော်တို့ ဆက်သွယ်လာပါ့မယ် ။ လာတွေ့ဖို့ရှိတယ် ။လာတွေ့မယ်ဆိုရင်လည်း တရားဝင်ကျွန်တော်တို့ ဖိတ်ကြားတာတွေ ချိတ်ဆက်ဆောင်ရွက်တာတွေ လုပ်ပါမယ်ဆိုပြီးတော့ ပြောလာတာပေါ့နော် ။ အခုက သူတို့အဖွဲ့က လွိုင်ကော်ကိုရောက်နေပြီလို့ သတင်းကြားတယ် ။ ဒါပေမယ့် တွေ့ဆုံဆွေးနွေးမယ့် ကိစ္စကတော့ ခုထိတရားဝင် ဆက်သွယ်လာတာမရှိဘူး ။ကျွန်တော်တို့ကတော့ မီဒီယာမှာလည်း တောက်လျှောက်ပြောနေတယ် ။ ပါတီဗဟိုချင်း ဗဟိုဆက်သွယ်ဖို့ အပြန်အလှန်လေးစားတဲ့အနေနဲ့ပေါ့နော် ဒီလိုပဲဖြစ်စေချင်တယ် ။ သို့ပေမယ့်လည်း ဒီမနက်မှာတော့ ပြည်နယ် ပါတီဥက္ကဋ္ဌပေါ့။ NLD ဘက်ကနေပေါ့ ။ ဒီကနေတဆင့် ကျွန်တော်တို့ပါတီ ဥက္ကဋ္ဌအဖွဲ့ဝင်(ဒုတိယဥက္ကဋ္ဌ) စိုင်းနိုင်နိုင်ထွေးကို ဖုန်းနဲ့ဆက်သွယ်လာတယ် ။ ဆက်သွယ်လာတဲ့အခါမှာ လာတွေ့ဖို့ရှိတယ်လို့ပြောတယ် ။ဘယ်မှာတွေ့မယ်ဆိုတာတော့ တိတိကျကျမပြောဘူးပေါ့နော် ။ ဒါပေမယ့်ပြောချင်တာကဘာလဲဆိုတော့ ဗဟိုချင်း ဗဟိုဆက်သွယ်တာ ကောင်းတာပါ့နော် ။ဒါအပြန်အလှန်လေးစားတဲ့အနေနဲ့လုပ်သင့်တယ်လို့ပြောထားတယ် ။ နောက်တစ်ခုက တွေ့ဆုံမယ့်နေရာကလည်း ပါတီရုံးမှာပဲတွေ့ဖို့ပြောတယ်တဲ့ ဒီလိုပြောတာ ဗဟိုကပြောတာမဟုတ်ဘူး ပြည်နယ်အဆင့်ကနေပဲ ပြောနေတဲ့အခါကျတော့ ကျွန်တော်တို့သဘောထားကြတာက တရားဝချိတ်ဆက်ဆောင်မွက်တဲ့အပိုင်းကိုလက်ခံမယ် နောက်ပြီးတော့မှ တစ်ဖက်က သူတို့ဗဟို(ပါတီပြည်နယ်ရုံး)မှာပဲ လုပ်မယ်ဆိုရင် ကျွန်တော်တို့တွေ့ဆုံဖို့ကမရှိဘူးပေါ့ ဆုံးဖြတ်ချက်ချထားပါတယ် '' ဟု KySDP အတွင်းရေးမှုးခူးသဲရယ်ကပြောကြားသည် ။
KySDP ပါတီမှ NLD ပါတီနှင့်တွေ့ဆုံဆွေးနွေးမည့်သူ သုံးဦးကိုရွေးချယ်ထားပြီး နိုင်ငံရေးကိစ္စရပ်များနှင့် အစိုးရနှင့်လွှတ်တော်ဖွဲ့စည်းမည့်ကိစ္စများအားဆွေးနွေးရနပြင်ဆင်ထားကြောင်းလည်းသိရသည်။
ဒေါက်တာအောင်မိုးညို ဦးဆောင်သည့်အဖွဲ့ဝင်များသည် ကယားပြည်နယ် ဧည့်ရိပ်သာတွင်တည်းခိုနေထိုင်ကြပြီး ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီတွင် NLD ပါတီဝင်များနှင့် တွေ့ဆုံကြမည်ဖြစ်ပြီး မွန်းလွဲ ၂ နာရီတွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်ရုံးတွင် တွေ့ဆုံရန်ပြင်ဆင်ထားကြောင်း ကယားပြည်နယ် NLD ပါတီဥက္ကဌ ဦးသောင်းဌေးက ပြောကြားသည်။
ဇန်နဝါရီ ၈ ရက်ကပြုလုပ်သည့် စတုတ္ထအကြိမ် ကရင်နီပြည်လူငယ်များ UKSY ညီလာခံ ဒုတိယ ခြောက်လပတ်အစည်းအဝေးအပြီး ကြေညာချက်ထုတ်ပြန်ရာတွင် အနိုင်ရဒေသခံတိုင်းရင်းသား ပါတီများအဖြေင့် NLD ပါတီနှင့်အဆောတလျင် တွေ့ဆုံမှုမပြုရန် တောင်းဆိုထားသည်။
KySDP ပါတီအနေဖြင့် ကရင်နီပြည်လူငယ်များသမဂ္ဂ၏တောင်းဆိုမှုအပေါ် အသိအမှတ်ပြုလေးစားကြောင်းနှင့် ရှေ့ဆက်ပြည်နယ်အရေးတွင် လူငယ်များနှင့် လက်တွဲလုပ်ဆောင်ကြရမည်ဖြစ်ပြီး လူငယ်အသံများကို ပိုမိုအလေးထားကြောင်း ခူးသဲရယ်ကပြောကြားသည် ။
NLD ပါတီသည် ရွေးကောက်ပွဲ အနိုင်ရပြီးနောက် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေး မှုများပြုလုပ်ရန် ပါတီ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင် မိုးညိုနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ် နန်းခင်ထွေးမြင့်အပြင် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင် ထုံးခါးနော်ဆမ်တို့ ပါဝင်သည့် တွေ့ဆုံဆွေး နွေးရေးအဖွဲ့ကို ဒီဇင်ဘာ ၁၂ ရက်က ဖွဲ့ စည်းခဲ့သည်။
ထို့နောက် ဒေါက်တာအောင်မိုးညို ဦးဆောင်သောအဖွဲ့သည် ဇန်နဝါရီ ၁ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အခြေစိုက် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား နိုင်ငံရေးပါတီ သုံးပါတီနှင့် NLD ပါတီပြည်နယ်ရုံးတွင် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ယင််းပါတီများရှိ အနိုင်ရကိုယ်စားလှယ်ကိုသာ NLD ပါတီက တွေ့ဆုံခဲ့သဖြင့် ပါတီကိုယ်စားပြုမှုနှင့်စပ်လျဉ်း၍ အငြင်းပွားမှုအချို့ပေါ်ပေါက်ခဲ့သည်။
အလားတူ ဇန်နဝါရီ ၄ ရက်တွင် ဒေါက်တာအောင်မိုးညိုဦးဆောင်သောအဖွဲ့သည် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ NLD ပါတီ ပြည်နယ်ရုံးတွင် မွန်ပြည်နယ်အခြေစိုက် ရွေးကောက်ပွဲအနိုင်ရထားသည့် မွန်ညီညွတ်ရေးပါတီအား တွေ့ဆုံရန်စီစဉ်ခဲ့သော်လည်း NLD ပါတီရုံးဖြစ်နေသည့်အတွက် မွန်ညီညွတ်ရေးပါတီဘက်မှ သွားရောက်တွေ့ဆုံခဲ့ခြင်းမရှိပေ။