အမျိုးသားညီညွတ်ရေးအစိုးရနှင့်ပတ်သက်၍ အာဏာရပါတီ၏ ရည်မှန်းချက်အပေါ် မျက်စိလည်နေဟု SNLD ပါတီ ဒုတိယဥက္ကဋ္ဌ ပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရနှင့်ပတ်သက်၍ အာဏာရပါတီ၏ ရည်မှန်းချက်အပေါ် မျက်စိလည်နေဟု SNLD ပါတီ ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 9 January 2021
ဉာဏ်လင်းထွန်း

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအနိုင်ရ ပါတီအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် နိုင်ငံကို မည်သို့ ရှေ့ဆက်မည်ဆိုသည့်ရည်မှန်းချက် တိတိကျကျရှိရန် လိုအပ်ကြောင်း  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဒုတိယဥက္ကဋ္ဌ (၁) ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

ဇန်နဝါရီ ၆ ရက်က အွန်လိုင်းမှပြုလုပ်သည့် Trends in Myanmar စကားဝိုင်းအစီအစဉ်တွင် SNLD ပါတီတာဝန်ရှိသူက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းရေးရည်ရွယ်ချက် တိကျစွာရှိပါက ပါတီများကို ဆွေးနွေးရှင်းပြသင့်ပြီး ပါတီများဘက်မှ သဘောတူညီပြီး ပါဝင်လာသည့်အခြေအနေမှ အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းရမည်ဖြစ်ကြောင်း ဦးစိုင်းညွန့်လွင်က ဆိုသည်။

“ အခုကတော့ ဘာမှန်းကို မသိဘူး။ အမျိုးသားညီညွတ်ရေးအစိုးရကိုပဲ ဖွဲ့ရမှာလား။ အမျိုးသားညီညွတ်ရေးကိုပဲ အရင်လုပ်မှာလား။ အမျိုးသားညီညွတ်ရေးအစိုးရကို အရင်ဖွဲ့ပြီးတော့  အမျိုးသားညီညွတ်ရေးကို လုပ်မလား။  အမျိုးသားညီညွတ်ရေးကို အရင်လုပ်ပြီးတော့မှပဲ အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့မှာလား။ ဘယ်ဟာက စရမှန်းမသိဘူးဖြစ်နေတယ်။ ကျွန်တော်တို့ကလည်း Stakeholder ထဲမှာ ပါတာကိုး။ ကျွန်တော်တို့ ကိုယ်တိုင် မျက်စိလည်နေတယ်” ဟု SNLD ပါတီ ဒုဥက္ကဋ္ဌ  ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့်ပက်သက်၍ လှုပ်ရှားမှုအဖြစ် တိုင်းရင်းသားပါတီများကို ဖက်ဒရယ်ပြည်ထောင်စုကိစ္စနှင့်ပတ်သက်၍ စာပေးပို့ပေးခြင်း၊ ပြည်နယ်အချို့ရှိ တိုင်းရင်းသားပါတီများကို သွားရောက်တွေ့ဆုံခြင်းတို့မှလွဲ၍ ထူးခြားမှုမတွေ့ရသေးကြောင်း ဦစိုင်းညွန့်လွင်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖွဲ့စည်းထားသည့် တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးရေးအဖွဲ့မှာ သဘောထားနားထောင်ရုံဖြစ်နေပြီး တစ်ဖက်နှင့်တစ်ဖက် ဆွေးနွေးသည့် အဆင့်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

“ ဒီကိစ္စက တကယ့်တာဝန်ရှိတဲ့သူပေါ့နော်။ ပြည်သူလူထုက ၈၅ ရာခိုင်နှုန်း တာဝန်ပေးအပ်ခြင်းခံရတဲ့ပါတီက သူ့ရည်မှန်းချက်က ဘာလဲ  သူ့လုပ်ချင်တာဘာလဲ။ ကျွန်တော်တို့မသိဘူး ဖြစ်နေတယ်။ ဒါက ဆွေးနွေးရမယ့်ကိစ္စတွေ ဖြစ်တယ်” ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

ဆွေးနွေးရာတွင် နိုင်ငံရေးပါတီတစ်ခုတည်းထက် အခြေခံဥပဒေအရ ခွင့်ပြုထားသည့် တပ်မတော်နှင့် NCA လက်မှတ်ရေး ထိုးထားသည့် လက်နက်ကိုင်များကိုပါ ထည့်သွင်းဆွေးနွေးသင့်သည်ဟု ၎င်းက အကြံပြုသည်။

၎င်းအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရထက် အမျိုးသားညီညွတ်ရေးကိစ္စက ပို၍အရေးကြီးသည်ဟု မြင်ကြောင်း၊ နှစ်ပေါင်း ၇၀ ကျော်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၊ အင်စတီကျူးရှင်းချင်း စေ့စပ်မရခြင်းများနှင့် COVID အလွန် ရုန်းကန်ရမည့်ကိစ္စများအတွက် အမျိုးသားညီညွတ်ရေး လွန်စွာလိုအပ်သည်ဟု SNLD ဒုဥက္ကဋ္ဌက ပြောကြားသည်။

“ ကျွန်တော်တို့ အကွဲအကွဲအပြားပြား ဖြစ်လာတာ နှစ်ပေါင်း ၇၀ လောက်ရှိပါပြီ။ ဒီအချိန်မှာတော့ ဒါကို ကုစားဖို့ နောက်ဆုံး အချိန်လောက်ပေါ့နော်။ နိဂုံးပိုင်းလောက်တောင် ရောက်လာပြီလို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် မဖြစ်မနေ ဘယ်သူပဲဖြစ်ဖြစ် အားလုံးကို အမျိုးသားညီညွတ်ရေးကိစ္စကို ဦးစားပေးဆောင်ရွက်သင့်တယ်။ အမျိုးသား ညီညွတ်ရေးကိစ္စဖြစ်တယ်ဟေ့ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရလည်း ပေါ်ပေါက်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု SNLD ပါတီ ဒုဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

NLD ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပြီးနောက်တွင် အနာဂတ် မြန်မာနိုင်ငံ ရှေးရှုရမည့် ပြည်ထောင်စုအရေး ကိစ္စဆိုသည့် အိတ်ဖွင့်ပေးစာတစ်စောင် တိုင်းရင်းသားပါတီများထံပေးပို့ခဲ့ပြီး တွေ့ဆုံဆွေးနွေးအဖွဲ့တစ်ခုကိုလည်း ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သုံးဦးဖြင့် ဖွဲ့စည်းထားသည်။

အဆိုပါအဖွဲ့ ဇန်နဝါရီလဆန်းက ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ တိုင်းရင်းသားပါတီများထံ  သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ခရီးစဉ်နှစ်ခုတွင် မတူညီသည့် အငြင်းပွားမှုအချို့ ကြုံတွေ့ခဲ့ရသည်။