ဘိုကလေးစျေးလမ်းအတွင်း အမျိုးသားတစ်ဦးက လူနှစ်ဦးနှင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဓားဖြင့်တိုက်ခိုက်ကာ ရန်ကုန်မြစ်အတွင်း ခုန်ချထွက်ပြေးမှုကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ဇန်နဝါရီ ၉ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၉ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ဘိုကလေးစျေးလမ်းအတွင်း၌ အမျိုးသားတစ်ဦးက ဖုန်းပြောနေသည့် အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးကာ ထွက်ပြေးခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်တစ်ဦးက လိုက်လံဖမ်းဆီးရာ ယင်းအမျိုးသားက ဓားဖြင့်ထိုးခဲ့ကြောင်း သိရသည်။
"ဖြစ်စဉ်က ဟုတ်ပါတယ်။သူ့ကို သေနတ်နဲ့ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့တာပါ။ရန်ကုန်မြစ်ထဲကနေ ဖမ်းခဲ့ရတာပေါ့"ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ထို့နောက် စက်ဘီးစီးလာသူ အမျိုးသားတစ်ဦးကို ဓားဖြင့်ထပ်မံ ဝှေ့ရမ်းတိုက်ခိုက်ခဲ့ပြီး သိမ်ဖြူသဘောင်္ကျင်းအတွင်းသို့ ဝင်ပြေးကာ ရန်ကုန်မြစ်အတွင်းသို့ ခုန်ချထွက်ပြေးခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသားကို ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ကာ ဖမ်းဆီးခဲ့ရပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်အား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့သည့် လင်းလတ်လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဇော်မိမိက "ဘိုကလေးစျေးကနေစဖြစ်လာတာ။ဖုန်းပြောနေတဲ့လူတစ်ယောက်ကိုဓားနဲ့ထိုးတယ်။ထွက်ပြေးတယ်။ရဲကလိုက်ဖမ်းတာ ရဲကိုထပ်ထိုးတယ်။နောက် စက်ဘီးသမားတစ်ရောက်ကို ဓားနဲ့ရမ်းတယ်။အဲ့မှာ သုံးယောက် ဒဏ်ရာရသွားတယ်။ရေကျောင်းထဲကိုဝင်ပြေးတယ်။ရေထဲခုန်ဆင်းတယ်။အဲကနေ သူ့ကိုဖမ်းမိတာ။ဖမ်းတဲ့အချိန်မှာ ဒဏ်ရာရသွားတယ်။"ဟုပြောကြားသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို ရန်ကုန်အရှေ့ပိုင်းဆေးရုံသို့ ကနဦးပို့ဆောင်ခဲ့ပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းထားကြောင်း သိရသည်။















