တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားပါက ပြည်သူလူထု၏ တောင်းဆိုချက်များကို လေးစားလိုက်နာရန် ဖာပွန်ခရိုင် ကရင်အမျိုးသား အစည်းအရုံး (KNU) ခရိုင် အမြဲတမ်းကော်မတီက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် သဘောထားကြေညာချက် ထုတ်ပြန်သည်။
ဖာပွန်ခရိုင်အတွင်းရှိ တပ်မတော်၏ တပ်စခန်းများ ရုပ်သိမ်းပေးရေးနှင့် ပတ်သက်၍ ဖာပွန်ခရိုင် ဒွဲလိုမြို့နယ် အတွင်းရှိ မယ်ဝေ၊ မယ်သူ၊ လေးခေါ့ထိနှင့် နားကိုးထ ကျေးရွာအုပ်စုမှ ဒေသခံ ၁၀၀၀ ကျော်သည် ဇန်နဝါရီ ၆ ရက်တွင် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြပြီး အဆိုပါ တောင်းဆိုဆန္ဒပြမှုအပေါ် ဖာပွန်ခရိုင် KNU ခရိုင်အမြဲတမ်း ကော်မတီက သဘောထား ထုတ်ပြန်ရာတွင် ထိုသို့ ထည့်သွင်းဖော်ပြ ခဲ့ခြင်းဖြစ်သည်။
ယခုကာလသည် အပစ်အခတ်ရပ်စဲပြီး နှစ်ဦးနှစ်ဖက် ယုံကြည်မှု တည်ဆောက်နေသည့် ကာလဖြစ်သည့် အားလျော်စွာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာမည် ဖြစ်သောကြောင့် တပ်မတော် အနေဖြင့် အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားသည်ဆိုပါက ပြည်သူလူထု တောင်းဆိုချက်များကို လေးစားလိုက်နာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဖာပွန်ခရိုင် KNU ခရိုင်အမြဲတမ်း ကော်မတီက သဘောထား ထုတ်ပြန်သည်။
ပြည်သူလူထု၏ တောင်းဆိုချက်များအပေါ် တပ်မတော်အနေဖြင့် လေးစားလိုက်နာ ဆောင်ရွက်မှု မရှိပါက ပြည်သူလူထု၏ အကျိုးစီးပွားနှင့် ဘဝလုံခြုံရေးအား အကာအကွယ်ပေးရန် ခရိုင်အမြဲတမ်းကော်မတီက တာဝန်ရှိသည့်အလျောက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ဖာပွန်ခရိုင်၊ KNU ခရိုင်အမြဲတမ်း ကော်မတီက သဘောထား ထုတ်ပြန်သည်။
ဒေသခံပြည်သူများ ရင်ဆိုင်ခံစားနေရသည့် အခက်အခဲ ပြဿနာများမှာ တပ်မတော်က သတ်မှတ်နယ်မြေ ကျော်လွန်လှုပ်ရှား သွားလာ၍ တိုက်ပွဲများ ဖြစ်ပေါ်နေခြင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများကြောင့် ကျေးရွာနှင့် ပြည်သူလူထုများ၏ လယ်ယာလုပ်ငန်းခွင် အတွင်းသို့ ကျရောက်ပြီး ထိခိုက်မှုများ ဖြစ်ပေါ်ခြင်း၊ ပြည်သူလူထုများ နေထိုင်ရာနှင့် လုပ်ကိုင်စားသောက်သည့် နေရာများကို ဒရုန်းများ စေလွှတ်၍ ထောက်လှမ်းမှုများ ပြုလုပ်နေခြင်းများကြောင့် ဖြစ်ကြောင်း ဖာပွန်ခရိုင် KNU ခရိုင် အမြဲတမ်း ကော်မတီ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထို့ပြင်တပ်မတော် အနေဖြင့် ဖာပွန်ခရိုင်တွင် တပ်စခန်းများ တိုးချဲ့လာပြီး အချို့သော တပ်စခန်းများသည် ကျေးရွာအတွင်းထိ ရောက်ရှိနေခြင်း၊ စစ်ဆင်ရေး ကားလမ်းများ တိုးချဲ့ဖောက်လုပ်နေခြင်း၊ တပ်အင်အား တိုးချဲ့လာခြင်း စသည့် အကြောင်းအရာများကြောင့် ဒေသခံများအနေဖြင့် ကြောက်ရွံ့စိုးရိမ်မှုများ ဖြစ်ပေါ်နေပြီး အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသည် ပို၍ထိခိုက်ခံစား နေရကြောင်းလည်း ဖာပွန်ခရိုင် KNU ခရိုင်အမြဲတမ်း ကော်မတီ၏ သဘောထား ထုတြ်ပန်ချက်တွင် ဖော်ပြခဲ့သည်။
ထိုသို့သော အခြေအနေများကို ပြည်သူလူထု ခံစားနေရသည်မှာ တစ်ရက် တစ်ခဏ မဟုတ်ဘဲ အချိန်ကြာမြင့်ပြီ ဖြစ်ကြောင်း ဖာပွန်ခရိုင် KNU ခရိုင်အမြဲတမ်း ကော်မတီက သဘောထား ထုတ်ပြန်သည်။
ဖာပွန်ခရိုင်လူသောမြို့နယ် အတွင်းရှိ ဒေသခံ တစ်သောင်းကျော်သည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်ကလည်း တပ်မတော်၏ တပ်စခန်းများ ရုပ်သိမ်းပေးရန်၊ စစ်ဆင်ရေး လမ်းဖောက်လုပ်ခြင်းအား ရပ်တန့်ပေးရန်၊ ဒရုန်းဖြင့် စုံစမ်းထောက်လှမ်းခြင်းများနှင့် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများအား ရပ်တန့်ပေးရန် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြကြောင်း ဖာပွန်ခရိုင် KNU ခရိုင်အမြဲတမ်း ကော်မတီ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။