တရားမဝင် ငွေလွှဲလုပ်ငန်းများ လျော့နည်းပြီး တရားဝင် ငွေလွှဲလုပ်ငန်းများ ပေါ်ပေါက်လာစေရန် နိုင်ငံတော် ဗဟိုဘဏ်က ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်နှစ်ခု ထပ်မံခွင့်ပြုခဲ့၍ ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်ရရှိထားသည့် ကုမ္ပဏီခုနစ်ခုရှိလာ

တရားမဝင် ငွေလွှဲလုပ်ငန်းများ လျော့နည်းပြီး တရားဝင် ငွေလွှဲလုပ်ငန်းများ ပေါ်ပေါက်လာစေရန် နိုင်ငံတော် ဗဟိုဘဏ်က ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်နှစ်ခု ထပ်မံခွင့်ပြုခဲ့၍ ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်ရရှိထားသည့် ကုမ္ပဏီခုနစ်ခုရှိလာ
ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်ရေး ကောင်တာတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်ရေး ကောင်တာတစ်ခုကို တွေ့ရစဉ်
Published 6 January 2021
စည်သူအောင်

တရားမဝင်ငွေလွှဲလုပ်ငန်းများ လျော့နည်းပြီး တရားဝင်ငွေလွှဲလုပ်ငန်းများ ပေါ်ပေါက်လာစေရန် နိုင်ငံတော် ဗဟိုဘဏ်က ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်နှစ်ခု ထပ်မံခွင့်ပြုခဲ့ပြီး ပြည်ပငွေလွှဲ လက်ခံမှုနှင့် ငွေလွှဲပေးပို့မှုများ တရားဝင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ထပ်မံခွင့်ပြုလိုက်သည့် ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်နှစ်ခုမှာ City Express Myanmar Ltd နှင့် Money King Co.,Ltd တို့ဖြစ်သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၈ ရက်တွင် ကုမ္ပဏီငါးခုသို့ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင် စတင်ထုတ်ပေးခဲ့ပြီး ယင်းကုမ္ပဏီများမှာ OK Zune Co.,Ltd၊ 2C2P Plus (Myanmar) Co.,Ltd၊ Wakhema Trading Co.,Ltd၊ Top Shine General Services Co.,Ltd၊ OKM Global Remittance တို့ ဖြစ်ပြီး ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်ရရှိထားသည့် ကုမ္ပဏီ ခုနစ်ခုအထိ ရှိလာပြီဖြစ်သည်။

ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်ရရှိသူသည် လုပ်ငန်းအာမခံငွေ (Security Deposit) အဖြစ် ကျပ်သန်း ၁၀၀ အပ်နှံထားရှိရမည်ဖြစ်ပြီး လုပ်ငန်းပမာဏ ကြီးမားမှုကြောင့် လုပ်ငန်းအာမခံငွေ ကျပ်သန်း ၁၀၀ ထက် ထားရှိရန် လိုအပ်သည်ဟု ဗဟိုဘဏ် ညွှန်ကြားပါက လိုင်စင်ရရှိသူက ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရမည်။ လုပ်ငန်းတွင်း လှည့်လည်သုံးစွဲငွေ (Revolving Fund) ကို AD လိုင်စင်ရ ဘဏ်တစ်ခုခုတွင် သီခြားစားရင်း ဖွင့်လှစ်ထည့်သွင်းရမည်ဖြစ်ပြီး ဘဏ်စာရင်း တစ်ခုချင်းစီ၏ ဘဏ်စာရင်းရှင်းတမ်း (Bank Statement) ကို တစ်လ တစ်ကြိမ် ဗဟိုဘဏ်သို့ တင်ပြရမည်ဖြစ်သည်။

ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်ရရှိသူ လိုက်နာရမည့် အချက်များမှာ မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား ငွေလွှဲလုပ်ငန်း (Inward and Outward Remittance Business) ကိုသာ ဆောင်ရွက်ခွင့်ရှိပြီး ငွေ လွှဲပြောင်းရန် ရည်ရွယ်ချက်ဖြင့်သာ ငွေလက် ခံရမည်၊ ပြည်ပငွေလွှဲလုပ်ငန်းများဆောင် ရွက်ရာတွင် ပြည်ပသို့ငွေလွှဲပေးပိုရန် ငွေကြေးလက်ခံခြင်း၊ လက်ခံရရှိသည့်ငွေလွှဲ အား မြန်မာနိုင်ငံအတွင်း ငွေထုတ်ပေးခြင်းတို့ကို မြန်မာကျပ်ငွေဖြင့်သာဆောင်ရွက်ရ မည်၊ ပြည်ပငွေလွှဲလုပ်ငန်းများအား လိုင်စင် တွင်ပါရှိသော ခွင့်ပြုသည့်နေရာတွင်သာ လုပ်ကိုင်ဆောင်ရွက်ရမည်၊ ငွေလွှဲများ၏ စာရင်းရှင်းလင်းမှု ဆောင်ရွက်ချက် (Back End Transaction) များကို ပြည်တွင်းဘဏ် စာရင်းနှင့် ပြည်ပတွင် ဖွင့်လှစ်ထားသည့် ကိုယ်ပိုင်ဘဏ်စာရင်း သို့မဟုတ် ကိုယ်စားလှယ် သို့မဟုတ် ရုံးခွဲဘဏ်စာရင်း သို့မဟုတ် အကျိုးတူပူးပေါင်းသူ၏ ဘဏ်စာရင်းတို့ အကြား အသုတ် (Batch) အလိုက် စုပေါင်း ဆောင်ရွက်ချက် (Bulk Transaction) အနေဖြင့် အသားတင်စာရင်း (Netting) ပြုလုပ်၍ AD လိုင်စင်ရ ဘဏ်များမှတစ်ဆင့် ငွေလွှဲဆောင်ရွက်ရမည်၊ ငွေလွှဲဆောင်ရွက်သည့် လုပ်ငန်း၏ ပြည်ပတွင်ဖွင့်လှစ်ထားသော ငွေစာရင်း၏ ဘဏ်စာရင်းရှင်းတမ်းကို တစ်လတစ်ကြိမ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနသို့ တင်ပြရမည်ဖြစ်ပြီး နိုင်ငံတော် ဗဟိုဘဏ်ထံ ပေးပို့ရန် သတ်မှတ်ထားသော စာရင်းဇယားများကို သတ်မှတ်ထားသည့် အချိန်ဇယားများအတိုင်း ပေးပို့ရမည်ဖြစ်သည်။

ငွေလွှဲလက်ခံမှု သို့မဟုတ် ငွေလွှဲပေးပို့မှု တစ်ကြိမ်လျှင် အများဆုံး လွှဲပြောင်းနိုင်သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ နှင့်ညီမျှသော ပမာဏဖြစ်ပြီး ပုဂ္ဂိုလ်တစ်ဦးအတွက် ငွေလွှဲလက်ခံမှု သို့မဟုတ် ငွေလွှဲပေးပို့မှု ပြုနိုင်သည့် ပမာဏသည် တစ်လလျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ နှင့်ညီမျှသော ပမာဏထက် မပိုစေရန် ဗဟိုဘဏ်က ကန့်သတ်ထားသည်။

ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်ရရှိသူသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ လိုက်နာရမည့် ကိစ္စရပ်များရှိပြီး ငွေလွှဲပြောင်းမှုတွင် သံသယဖြစ်ဖွယ် လွှဲပို့မှုများ တွေ့ရှိပါက သတင်းပေးပို့ရမည်ဖြစ်ပြီး အဆိုပါမှတ်တမ်းကို အနည်းဆုံးငါးနှစ် ထိန်းသိမ်းထားရှိရမည်ဖြစ်သည်။

ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ရန် ကနဦး လိုင်စင်ကြေးကို ကျပ်တစ်သန်း၊ နှစ်စဉ်ကြေးကို ကျပ်တစ်သိန်း သတ်မှတ်ထားပြီး လိုင်စင်သက်တမ်း သုံးနှစ်ခွင့်ပြုထားကာ သတ်မှတ်ထားသည့်အတိုင်း လိုင်စင်သက်တမ်းတိုး လျှောက်ထားနိုင်သည်။ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင် ရရှိသူသည် ဗဟိုဘဏ်က သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်ကျူးလွန်ပါက လိုင်စင်ဆိုင်းငံ့ထားခြင်း သို့မဟုတ် ပြည်လည် ရုပ်သိမ်းခြင်းအထိ အရေးယူခံရမည်ဖြစ်ပြီး သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်များကို လိုက်နာရန် ပျက်ကွက်ပါက ပျက်ကွက်မှု တစ်ခုစီအတွက် ကျပ် ၁၀ သန်းထက် မနည်းသော ဒဏ်ငွေ ကျခံရမည် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent