ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် အစိုးရ၊ တပ်မတော်နှင့် ယုံကြည်မှု တည်ဆောက်နိုင်ရန် နှစ်လတာအပစ်ရပ်သက်တမ်းတိုးမြှင့်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ကြေညာ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် အစိုးရ၊ တပ်မတော်နှင့် ယုံကြည်မှု တည်ဆောက်နိုင်ရန် နှစ်လတာအပစ်ရပ်သက်တမ်းတိုးမြှင့်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ကြေညာ
Published 1 January 2021
မင်းနိုင်စိုး

အစိုးရ၊ တပ်မတော်နှင့် ညီနောင်မဟာ မိတ်သုံးဖွဲ့အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ထိရောက်စွာဆောင်ရွက် နိုင်ရန်နှင့် နှစ်ဖက်ယုံကြည်မှု တည်ဆောက်နိုင်ရန် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ နှစ်လတာ အပစ်ရပ်သက်တမ်းတိုးမြှင့်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ၂၀၂၁  ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၉ ရက်မှစတင်၍ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းအား အသုတ်လိုက် အသုတ်လိုက်ခွဲ၍ သက်တမ်းအကြိမ်ကြိမ် တိုးမြှင့်ခဲ့ပြီးဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းအား အကြိမ်ကြိမ်ကြေညာရခြင်းမှာ အစိုးရ၊ တပ်မတော်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရန်၊ လက်တွေ့ကျသော လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်နှင့် နှစ်ဖက်ယုံကြည်မှု တည်ဆောက်နိုင်ရေးအတွက်ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ကြေညာသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး မိမိတို့ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေသော အခြေအနေတစ်ခုကို ဖန်တီးရန်၊ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများအားလုံး၏ နယ်စပ်၌ တည်ငြိမ်အေးချမ်းမှုရရှိစေ ရန်ရည်ရွယ်၍ ယခုကဲ့သို့ အပစ်အခတ်ရပ်စဲပေးခြင်းဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် မိမိတို့ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို အကာအကွယ်ပေးနိုင်ရန်၊ တစ်ကမ္ဘာလုံးရင်ဆိုင်နေရသော COVID-19 ရောဂါကို ထိန်းချုပ်နိုင်ရေး၊ ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ငန်းများကို အထောက်အကူပြုနိုင်ရန်နှင့် မြန်မာ့ငြိမ်းချမ်းရေးကိုသာမက ကမ္ဘာ့ငြိမ်းချမ်းရေး ကိုပါလိုလားပြီး နိုင်ငံတကာ အကြမ်းဖက် တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ အပစ်အခတ်ရပ်စဲပေးခြင်းဖြစ်ကြောင်းလည်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ထို့အတူ ၎င်းတို့အနေဖြင့် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသည့်ကာလအတွင်း တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိလာပါက ၎င်းတို့ ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း ပြည်သူလူထုနှင့်လက်တွဲပြီး ယခင်နည်းတူ မိမိကိုယ်မိ မိခုခံသည့်အနေဖြင့် တုံ့ပြန်ကာကွယ်သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

Most Read

Most Recent