NLD ပါတီမှ ဒေါက်တာအောင်မိုးညိုဦးဆောင်သော အဖွဲ့နှင့် အနိုင်ရတိုင်းရင်းသားပါတီသုံးပါတီ ကချင်ပြည်နယ် မြစ်ကြီးနာမြို့တွင် တွေ့ဆုံဆွေးနွေး

NLD ပါတီမှ ဒေါက်တာအောင်မိုးညိုဦးဆောင်သော အဖွဲ့နှင့် အနိုင်ရတိုင်းရင်းသားပါတီသုံးပါတီ ကချင်ပြည်နယ် မြစ်ကြီးနာမြို့တွင် တွေ့ဆုံဆွေးနွေး
Published 1 January 2021
ထွန်းလင်းအောင်(မြစ်ကြီးနား)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်ပြည်နယ်၌ အနိုင်ရ တိုင်းရင်းသားပါတီသုံးပါတီတို့သည့် မြစ်ကြီးနားမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဇန်နဝါရီ ၁ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ကချင်ပြည်နယ် ပြည်သူ့ပါတီမှ  အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်သုံးဦး၊ လီဆူအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ နှစ်ဦး၊ ဒီမိုကရေစီပါတီသစ်ပါတီ(ကချင်)မှ တစ်ဦး နှင့် NLD ပါတီဘက်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာအောင်မိုးညို၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်းထွေးမြင့်၊ဦးအင်ထုံးခါးနော်ဆမ်နှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးထွန်းတင်၊ ပြည်နယ်အမျိုးသားဒိီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးမြသိန်းတို့ပါဝင်ပြီး အချိန်တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဘက်မှ ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မိုးညိုက “အားလုံးပွင့်ပွင်းလင်းလင်းပဲ ဆွေးနွေကြတာပါ။ တိုင်းရင်းသားတွေက ကိုယ်ပိုင်အုပ်ချုပ်ရေးတို့ ဖယ်ဒရယ်ကိစ္စ၊ တန်းတူညီမျှမှုတို့ပြောပါတယ်။ လွှတ်တော်နှင့် အစိုးရအဖွဲ့မှာလည်း Check and Balance လုပ်နိုင်အောင် တိုင်းရင်းသားပါတီတွေကို နေရာပေးစေချင်တယ်လို့ ပြောကြပါတယ်'' ဟု ပြောကြားသည်။

ယခု တွေဆုံမှုနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားရင်ကြားစေ့ရေးအတွက် အရေးပါသည့် ဆွေးနွေးချက်ဖြစ်ပြီး ငြိမ်းချမ်းရေကိစ္စ၊ အစိုးရကောင်း ပေါ်ထွန်းလာရေးကိစ္စရပ်များကို ဦးတည်ဆွေးနွေးခဲ့ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာက ပြောကြားသည်။

''ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ ဘယ်လိုဝိုင်းဝန်းလက်တွဲ ဆောင်ရွက်မလဲဆိုတာရယ်။ အမျိုးသားညီညွတ်ရေး အစိုးရကိစ္စပေါ့။ ကျွန်တော်တို့က ငြိမ်းချမ်းရေးရဖို့ တိုင်းရင်းသားအရေးဖြေရှင်းဖို့လိုတယ်။ ၁၉၄၇ ပင်လုံကို အခြေခံပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တန်းတူအခွင့်အရေး အာမခံချက်ပေးတဲ့ ဖယ်ဒရယ် တည်ဆောင်ရေးပဲဖြစ်တယ်ဆိုတာပေါ့။ လက်ရှိမှာကျင်းပနေဆဲဖြစ်တဲ့ ၂၁ ရာစုပင်လုံညီလာခံကို အဲဒီအပေါ်တွေမှာ အခြေခံထားလို့ ထောက်ခံပါတယ်။ မူပေါ်လစီသစ်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြီးမားတဲ့ ခြေလှမ်းအစဖြစ်တယ်လို့ ကျွန်တော်ခံယူတယ်။ သေချာပုံဖော်ဖို့တော့ လိုအပ်ပါတယ်။ အစိုးရကောင်းပေါ်ပေါက်ဖို့ ပါတီစွဲမထားပဲ အားလုံးပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်။ အဲဒါဖော်ဆောင်နိုင်ရင် နိုင်ငံအတွက် အများကြီး အကျိုးရှိနိုင်တယ်။ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကတွေဟာ ပါတီတစ်ခုတည်း မဟုတ်ဘဲ သီးခြားပါတီတွေ ဖြစ်ဖို့ကောင်းတယ်လို့ ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ပြည်နယ်သူ ပြည်နယ်သားအကျိုးအတွက် ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိပါတယ်'' ဟု ဒေါက်တာမနာမ်တူးဂျာက ပြောကြားသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အင်ဂျန်းယန်မဲဆန္ဒနယ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာအား အနိုင်ရရှိထားသူဖြစ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရပ်ဘက် စစ်ဘက်ဆက်ဆံရေးကို တည်ဆောက်ပေးရန်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ တိုင်းရင်းသားပါတီများနှင့်ဆွေးနွေးတွေ့ဆုံမှုလုပ်ပါက အမြင်ချင်းဖလှယ်နိုင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်ပေါ်နိုင်သည်ကို ဆွေးနွေးတင်ပြခဲ့ကြောင်း၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကိစ္စရပ်များကို ဆောင်ရွက်သည့် နေရာတွင် ပါတီတစ်ခုတည်းသွားခြင်းမဟုတ်ဘဲ တိုင်းရင်းသားအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ပေးရန် တင်ပြခဲ့ကြောင်း လီဆူအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းက ပြောကြားသည်။

 ''ကျွန်တော်တို့တင်ပြတာက တိုင်းရင်းသား ငယ်သည်ကြီးသည်မလုပ်ပဲ ဆောင်ရွက်မှုတိုင်းမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးတာပါ။ ဒီလိုတွေ့ဆုံမှုဟာ တိုင်းရင်းသားတွေကို အလေးပေးတွေ့ဆုံတဲ့အတွက် ကြိုဆိုရမှာဖြစ်ပါတယ်'' ဟု ဦးရွှေမင်းက ပြောကြားသည်။

လီဆူအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ် လီဆူတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် (လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး) နေရာ၌ အနိုင်ရရှိထားပြီး ခေါင်လန်ဖူးမဲဆန္ဒနယ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာကိုလည်း ၎င်းပါတီမှပင် အနိုင်ရရှိထားသည်။

ထို့အတူ ဒီမိုကရေစီပါတီသစ်ပါတီ (ကချင်)သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချီဖွေမဲဆန္ဒနယ် (၂) ပြည်နယ်လွှတ်တော်နှင့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၉) တို့တွင် အနိုင်ရရှိထားသည်။

တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့သည် ပထမဆုံးခရီးစဉ်အဖြစ်  ကချင်ပြည်နယ်သို့သွားရောက်ခြင်းဖြစ်ပြီး ဒုတိယခရီးစဉ်အဖြစ် မွန်ပြည်နယ်သို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

အနိုင်ရ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံကာ ၄င်းတို့၏ အမြင်သဘောထားတောင်းယူကာ NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီထံ အစီရင်ခံစာနှစ်စောင် တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

NLD ပါတီသည် ၂၀၂၀ နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် အများစု အနိုင်ရရှိပြီးနောက် နိုဝင်ဘာ ၁၁ ရက်က တိုင်းရင်းသားပါတီ ၄၈ ခုကို အနာဂါတ်မြန်မာနိုင်ငံ ရှေ့ရှုရမည့် ပြည်ထောင်စုအရေးကိစ္စအတွက်ဟုဆိုတာ အိတ်ဖွင့်ပေးစာများ ပေးပိုခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင်ပြုလုပ်သည့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ဒေါက်တာအောင်မိုးညိုဦးဆောင်သော တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံမည့်အဖွဲ့ကို ဖွဲ့စည်းခဲ့ကာ ယခုကဲ့သို့ ရွေးကောက်ပွဲအနိုင်ရပါတီများကို ဦးစွာလိုက်လံတွေ့ဆုံခြင်းဖြစ်သည်။­­

 

 

Most Read

Most Recent