လွိုင်ကော်မြို့နယ် နိုးကိုးကျေးရွာအုပ်စု အသုံးပြုနေရသော ရေထွက်နှင့် ရိုးရာ ကေ့ထျိုးဘိုးတံခွန်တိုင်နတ်နန်း ထားရှိရာ ရေထွက်နေရာတွင် COVID-19 အတည်ပြုလူနာ ဖြစ်ခဲ့သော ပြည်နယ်ပြင်ပမှ ကုမ္ပဏီ အလုပ်သမားများ ထားရှိခဲ့သဖြင့် ရိုးရာအရ ဆေးကြောခြင်း ပြန်လုပ်ပေးရန် ကုမ္ပဏီအား တောင်းဆိုထားကြောင်း သိရသည်။
နိုးကိုးစံပြကျေးရွာအနီး တည်ရှိသော နတ်နန်းနေရာတွင် ပြည်ကြီးငွေတောင်ကုမ္ပဏီက လမ်းခင်းရန်အတွက် အလုပ်သမား ၃၀ အား တဲများဆောက်လုပ်ထားရှိရာ ၁၅ ဦးမှာ COVID-19 အတည်ပြု လူနာများ ဖြစ်ခဲ့၍ ကျေးရွာနေ လူထုမှာ စိုးရိမ်သဖြင့် ရွှေ့ပြောင်းပေးရန် တောင်းဆိုခဲ့ရာ ဒီဇင်ဘာ ၂၈ ရက်တွင် ရွှေ့ပြောင်းပေးခဲ့ပြီး ၎င်းနေရာအား ကယားရိုးရာအရ ဆေးကြောသန့်စင်ရန်အတွက် ကုမ္ပဏီထံ လျော်ကြေးအဖြစ် ကြက်တစ်ကောင်၊ ခေါင်တစ်အိုးနှင့် ကျပ်တစ်သောင်းခွဲ တောင်းဆိုထားရာ ဒီဇင်ဘာ ၃၀ ရက်အထိ အကြောင်းမပြန်သေးကြောင်း သိရသည်။
“ကုမ္ပဏီက ဖုန်းဆက်လည်း မကိုင်သေးဘူးတဲ့။ တိုင်းရင်းသားရေးရာရုံးကနေပဲ ဖုန်းဆက်ပေးမယ်တဲ့။ ရွာကနည်းနည်းပါးပါး ရိုးရာပြန်လုပ်ပေးဖို့ပေါ့” ဟု နိုးကိုးကျေးရွာအုပ်စု လူငယ်အဖွဲ့ဝင် ခူးဘော်ရယ်က ဆိုသည်။
ထိုကဲ့သို့ အလုပ်သမားများ တဲလာရောက် ဆောက်မည်ကို ကျေးရွာသို့ အကြောင်းကြားခြင်း မရှိကြောင်း၊ ကျေးရွာလူငယ်များက တဲများတွေ့သဖြင့် သွားရောက်မေးမြန်းရာမှ လမ်းခင်းရန် ကုမ္ပဏီက လာရောက် ချထားခြင်း ဖြစ်ကြောင်း သိခဲ့ရသည်။
“ကုမ္ပဏီကိုတောင်းတော့ တောင်းတာ များများစားစားတော့ မရှိပါဘူး။ ကြက်ဖတစ်ကောင်ရယ် ခေါင်တစ်အိုးရယ် ဒါလောက်ပါပဲ။ လာပေးတာ မတွေ့သေးဘူးဗျ။ ပိုက်ဆံက တစ်သောင်းခွဲ နှစ်သောင်း ဝန်းကျင်ပေါ့။ ဖြစ်နိုင်ရင်တော့ ချက်ချင်းလုပ်ရင် ပိုအဆင်ပြေတာပေါ့။ လက်လှမ်းမမီရင်တော့ ရပါတယ်” ဟု ရိုးရာဓလေ့ နာယကဖြစ်သူ ခူးကွယ်ရယ်က ပြောကြားသည်။
ကယားရိုးရာအရ အပြစ်လုပ်မိသူက တောင်းပန်ပြီး အပြစ်ငယ်ပါက ကြက်တစ်ကောင် ခေါင်တစ်အိုး ငွေစတစ်စ ပေးလျော်ရကြောင်း၊ အပြစ်ကြီးပါက ကျွဲတစ်ကောင် သို့မဟုတ် ဝက်တစ်ကောင်၊ ခေါင်ရည်နှင့် ငွေများ ပေးလျော်ကြရကြောင်း သိရသည်။
ရိုးရာနေရာအဖြစ် သတ်မှတ်ထားသည့် နယ်မြေဧရိယာအတွင်း မစင်စွန့်ခြင်း၊ အပေါ့သွားခြင်းများ မပြုလုပ်ရသည့်အပြင် သမီးရည်းစား ချိန်းတွေ့ခြင်း၊ ဇနီးမောင်နှံ အတူနေခြင်းများလည်း မပြုလုပ်ရကြောင်း၊ ကုမ္ပဏီမှ အလုပ်သမားများ လာရောက်ချထားခဲ့ရာတွင် ရိုးရာဧရိယာအတွင်း အိမ်သာများ ဆောက်လုပ်ခြင်း၊ ဇနီးမောင်နှံများ အတူနေခြင်းများ ရှိသည်ကို တွေ့ရကြောင်းလည်း သိရသည်။
ထိုနတ်နန်းရှိရာ ရေထွက်မှာ ကျေးရွာ ၁၅ ရွာမှ ကေ့ထျိုးဘိုးတံခွန်တိုင်ပွဲများ ပြုလုပ်ခြင်း၊ မိုးခေါ် ဆုတောင်းပွဲများ ပြုလုပ်ခြင်းများကို နှစ်အလိုက် ပြုလုပ်ကြပြီး ဂေဟစနစ် ထိန်းသိမ်းရာနေရာ အဖြစ်လည်း ရှားပါးအပင် အချို့ကို ထိန်းသိမ်းထားကြောင်း သိရသည်။
ဒီဇင်ဘာ ၈ ရက်တွင် ဒီးမော့ဆို စိုက်ပျိုးရေးသိပ္ပံကျောင်းစင်တာမှ တင်ဒါအောင်ကုမ္ပဏီမှ ခေါ်ယူလာသော ပြည်နယ်ပြင်ပမှ လာရောက်သည့် အလုပ်သမား ၁၇ ဦး၌ COVID-19 ပိုးတွေ့ရှိသဖြင့် ကယားပြည်နယ်တွင်း ပိုးအများဆုံး တွေ့ရှိသည့် အခြေအနေ ဖြစ်သဖြင့် ထိုနေ့တွင်ပင် ခေတ္တဝန်ကြီးချုပ် ဦးဘော့စကိုက တင်ဒါအောင် ကုမ္ပဏီများအား လိုက်နာရမည့် စည်းကမ်းချက်များကို အရေးပေါ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။















