တေးသံရှင် ရတနာမိုင်နှင့် တွေ့ဆုံခြင်း

တေးသံရှင် ရတနာမိုင်နှင့် တွေ့ဆုံခြင်း
Published 29 December 2020

တေးသီချင်းတွေကို အသံချိုချိုအေးအေးလေးတွေနဲ့ ပရိသတ်ရင်ထဲရောက်အောင် သီဆိုတတ်သူ အဆိုတော်တစ်ဦးကတော့ ရတနာမိုင်ပါ။ လက်ရှိမှာလည်း သူ့ရဲ့ သီချင်းသစ်ဖြစ်တဲ့ ‘မမ အထာ’ ဆိုတဲ့ သီချင်းလေးကို V-7 Entertainment ကနေ တင်ဆက်ထားပါတယ်။ လက်ရှိမှာလည်း Online Live Sales လေးတွေ ပြုလုပ်နေတာကြောင့် သူ့ရဲ့ ဂီတအနုပညာလှုပ်ရှားမှုနဲ့ ကိုဗစ်ကာလအတွင်း ဖြတ်သန်းမှုတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး  အခုလတ်ရှိ မိုင်လေးလုပ်ဖြစ်နေတဲ့ အနုပညာလှုပ်ရှားမှုလေးတွေကို ပြောပြပေးပါဦး။

ဖြေ  မိုင်လေးအနေနဲ့ အခုလတ်တလောမှာ ကြော်ငြာလေးတွေရိုက်ဖြစ်တယ်။ နောက်ပြီး ‘မမအထာ’ ဆိုတဲ့ သီချင်းလေးလည်း Music Video အနေနဲ့ ဖြန့်ချိဖြစ်တယ်။ Online ဖျော်ဖြေမှုလေးတွေအတွက် ပါဝင်သွားဖို့ရှိပါတယ်။

မေး   ‘မမ အထာ’ ဆိုတဲ့ သီချင်းလေးကို Music Video လေးအဖြစ် အွန်လိုင်းကနေ တင်ဆက်ဖြစ်တဲ့ အကြောင်းလေးကို သိပါရစေ။

ဖြေ  မိုင်လေးရဲ့ သီချင်းသစ်လေးတစ်ပုဒ် ဖြစ်တဲ့ ‘မမအထာ’ ဆိုတဲ့ သီချင်းလေးကို Music Video လေးအဖြစ် V-7 Entertainment ကနေ ဒီဇင်ဘာ ၂၇ ရက်က တင်ဆက်ပေးထားပါတယ်။ မိုင်လေးအနေနဲ့ အွန်လိုင်းမှာ သီချင်းသစ်တွေမတင်ဖြစ်တာက ခြောက်လလောက်ရှိသွားပြီ။ အခုသီချင်လေးက ပြီးခဲ့တဲ့ ဇွန်လတုန်းက တင်ခဲ့တဲ့ ‘မုသား’ ဆိုတဲ့ သီချင်းလေးနဲ့အတူရထားတဲ့သီချင်းလေးပါ။ အဲဒီတုန်းကလည်း ‘မမ အထာ’ သီချင်းလေးကို အရင်တင်ဖို့စီစဉ်ခဲ့ပေမဲ့ တကယ်တမ်းပရိသတ်တွေကို တင်ဆက်ပေးဖြစ်တာက ‘မုသား’ သီချင်းလေးဖြစ်သွားတယ်။ ‘မမ အထာ’ သီချင်းလေးကတော့ V-7 Entertainment က ကိုရွှေမန်းတို့ကလည်း သီချင်းကိုသဘောကျပြီး ထုတ်မယ်ဆိုတာကြောင့် Music Video ကို သူတို့ဘက်က ဖန်တီးပေးတာပါ။ ဒီသီချင်းလေးက သီချင်း အမြူလေးပါပဲ။ ရေးပေးထားတာကတော့ တေးရေးကိုဝေကြီးပါ။ သီချင်းလေးကလည်း အရင်ကမိုင်လေးဆိုနေကျ သီချင်းပုံစံမျိုးလေးလည်း မဟုတ်တဲ့အတွက် သေချာလေးလည်း ကြိုးစားသီဆိုထားပါတယ်။

မေး  ‘မမ အထာ’ သီချင်းရဲ့ Music Video လေးရိုက်ကူးချိန်မှာရော မိုင်လေးစိတ်ကူးလေးတွေနဲ့ ပုံဖော်ဖြစ်ခဲ့လား။ ဘယ်လိုအမှတ်တရတွေရှိလဲ ပြောပါပေးပါဦး။

ဖြေ  ‘မမ အထာ’ Music Video လေးကိုတော့ ဒါရိုက်တာ ပြည့်ဖြိုးနိုင်တို့ကပဲ ဇာတ်ညွှန်းရေးပြီး ရိုက်ကူးတာပါ။ မိုင်လေးက ဇာတ်ညွှန်းအတိုင်း ပါဝင်သရုပ်ဖြစ်တာပဲရှိပါတယ်။ Music Video မှာလည်း ချစ်စရာကောင်းအောင်၊ ရယ်စရာကောင်းအောင်လေးတွေပါ ရိုက်ကူးထားပါတယ်။ ဒီသီချင်းလေးကို မိုင်လေးတို့တွေ အကောင်းဆုံးကြိုးစားပြီး ရိုက်ကူးခဲ့ပါတယ်။ Music Video လေးနဲ့ပတ်သက်ပြီး အမှတ်တရဖြစ်ရတာကတော့ အကအဖွဲ့က ညီမလေးတွေနဲ့ မရိုက်ခင်လေးမှာပဲ ကကွက်တွေသင်ပြီး ရိုက်ကူးခဲ့ရတယ်။ ကိုယ်က တစ်ခါလောက်ပဲအမှားရှိပြီး ရိုက်ကူးရေးမှာ အဆင်ပြေခဲ့တာဆိုတော့ ငါလေးတော်သားပဲဆိုပြီး ကိုယ့်ကိုယ်ကိုယ်မှတ်ချ ပြုရတာကတော့ အမှတ်တရပါပဲ။ ဒီ Music Video လေးကို ပရိသတ်တွေလည်း နှစ်သက်မယ်လို့ ထင်ပါတယ်။

မေး  မိုင်လေးအနေနဲ့ ကိုဗစ်ကာလတွေအတွင်း ဂီတနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဖြစ်တာမျိုးရှိလဲ။

ဖြေ  အမှန်တော့ ညီမအနေနဲ့ ကိုဗစ်ပထမလှိုင်းငြိမ်သွားတဲ့ ဇွန်လပိုင်းလောက်တုန်းက မုသားဆိုတဲ့ သီချင်းလေး အွန်လိုင်းမှာ တင်ဆက်ဖြစ်တယ်။ အခု ဒီဇင်ဘာလထဲမှာ ‘မမ အထာ’ Music Video လေးတင်ဖြစ်တယ်။ ကျန်တာကတော့ သီချင်းအသစ်တွေ ထပ်ပြီးမလုပ်ဖြစ်ဘူး။ အစကတော့ ဒီ ၂၀၂၀ ပြည့်နှစ်ထဲမှာ မိုင်လေးရဲ့တစ်ကိုယ်တော် Album အဖြစ်ဖြန့်ချိဖို့ရော Show ပွဲလေးလုပ်ဖို့ရော စီစဉ်ခဲ့တာရှိတယ်။ ကိုဗစ်ဖြစ်သွားပြီး အခုလိုအချိန်ကာလမျိုးကလည်း ဘယ်တော့မှ ငြိမ်မလဲဆိုတာမသိရတဲ့အတွက် အဲဒီ Album ထွက်ဖို့နောက်ဆုတ်ထားတယ်။ ခြောက်လကို သီချင်းသစ်တစ်ပုဒ်လောက်တော့ အွန်လိုင်းကနေ တင်ဆက်မယ်လို့ စဉ်းစားထားပါတယ်။

မေး  Online Live Sales လေးတွေလုပ်ရင်း ဘယ်လိုအတွေ့အကြုံလေးတွေရလဲ။ ဘယ်လိုအခက်အခဲတွေ ကြုံရတာမျိုးရော ရှိလဲ။

ဖြေ  Live Sales လေးတွေမှာလည်း မိုင်လေးတို့အနေနဲ့ကတော့ ကိုယ်ချစ်တဲ့ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံခွင့်ရတယ်။ စကားပြောခွင့်တွေရတယ်။ တချို့တွေဆိုရင် မိုင်လေးရောင်းတဲ့ လက်ဝတ်ရတနာတွေကို မိုင်လေးဝတ်ပြထားတဲ့ လက်ဝတ်ရတနာလေးတွေကို တစ်ဆက်လိုက်တွေကို ဝယ်ယူကြတာမျိုးတွေရှိတယ်။ ကိုယ်တွေကတော့ ရောင်းတဲ့သူဘက်ကိုလည်း အဆင်ပြေအောင်ကြည့်ရသလို ဝယ်မယ့်သူတွေ ကိုယ့်ပရိသတ်တွေအတွက်လည်း အဆင်ပြေအောင်၊ စျေးမများအောင်၊ ပစ္စည်းကောင်းရအောင် ညှိပေးရတာပေါ့။ ပရိသတ်နဲ့ စကားတွေအများကြီး ပြောခွင့်ရတာကတော့ ကျေနပ်ရပါတယ်။ အခက်အခဲဆိုတာမျိုးတော့ သိပ်မရှိဘူး။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ Live Sales တွေ ဆက်နေတော့ စကားပြောရတာများလို့ထင်တယ်။ အသံတွေဝင်နေတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် အံ့သြမိတယ်။ သီချင်းတွေဆိုတုန်းကကျ အပုဒ် ၃၀ လောက်ဆိုလည်းဘာမှမဖြစ်ဘူး။ ပွဲတွေဆက်နေလည်း အသံဝင်တာမျိုး သိပ်မဖြစ်ဘူး။ အခု Live Sales တွေကျမှ အသံဝင်နေတယ်။

မေး  တစ်ကိုယ်တော် စီးရီးအတွက်ရော ပြင်ဆင်နေတာတွေရှိလား။

ဖြေ  ဟုတ်။ တစ်ကိုယ်တော်တေးစီးရီးအနေနဲ့ မိုင်လေးရဲ့မေမေသီချင်းတွေကိုပဲ မိုင်လေးပြန်ဆိုထားတဲ့ အယ်လ်ဘမ်လေးစီစဉ်ထားပါတယ်။ အဲဒီအယ်လ်ဘမ်လေးက ဒီနှစ်ထဲမှာ ဖြန့်ချိဖို့အတွက် စီစဉ်ခဲ့ပေမဲ့ ကိုဗစ်ဖြစ်သွားတဲ့အတွက် ဖြန့်ချိဖို့ကိုနောက်ဆုတ်လိုက်ရတာပါ။ အခုလက်ရှိကလည်း အခုလို ကပ်ရောဂါအနေအထားတွေက ဘယ်တော့မှ ပြီးမယ်ဆိုတာ မသေချာသေးလို ထွက်မယ့်ရက်က နောက်ဆုတ်သွားဦးမှာပါ။ ၂၀၂၁ ခုနှစ် သင်္ကြန်အပြီးလောက်တော့ အခြေအနေကြည့်ပြီး ထုတ်ဖို့ စဉ်းစားမယ်လို့ တွေးထားတယ်။

မေး  ကပ်ရောဂါဖြစ်နေတဲ့ ကာလအတွင်းမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ဘယ်လိုအကြံပေးချင်တာရှိမလဲ။

ဖြေ  ဖြစ်နိုင်ရင်တော့ ပရိသတ်တွေအားလုံး အိမ်မှာပဲ အတတ်ဆုံးနေပါ။ မဖြစ်မနေသွားရတာတွေ၊ အလုပ်အတွက် သွားရတာတွေ လည်းရှိတဲ့အတွက် အပြင်သွားတဲ့အခါတိုင်းမှာတော့ Mask တပ်ပါ။ ရေမလို လက်သန့်ဆေးလေးတွေဆောင်ပြီး အသုံးပြုပါ။ တတ်နိုင်ရင် လက်ဆေးပါ။ ကျန်းမာရေးကို သေချာဂရုစိုက်ကြဖို့ ပြောချင်ပါတယ်။

မေး  မိုင်လေးရဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။

ဖြေ  မိုင်လေးကို အားပေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ မိုင်လေးကို ဒီ့ထက်မကလည်း အားပေးကြပါလို့ပြောချင်ပါတယ်။ ပရိသတ်တွေ အားလုံးပဲ Happy New Year ပါ။ နှစ်သစ်မှာ ကိုဗစ်ကြီးအမြန်ပြီးသွားပါစေ။ ၂၀၂၁ ခုနှစ်မှာ ပရိသတ်တွေအားလုံး စီးပွားရေးတွေ တိုးတက်ပါစေ။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေလို့ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Most Read

Most Recent