ကိုဗစ်ကြောင့် အပါအဝင် ၂၀၂၀ အတွင်း ကြွေလွင့်သွားခဲ့ရသော အနုပညာရှင်များ

ကိုဗစ်ကြောင့် အပါအဝင် ၂၀၂၀ အတွင်း ကြွေလွင့်သွားခဲ့ရသော အနုပညာရှင်များ
Published 28 December 2020

ကိုဗစ်ကပ်ရောဂါကြောင့် အပါအဝင် ၂၀၂၀ ပြည့်နှစ်အတွင်း ကြွေလွင့်သွားခဲ့ရသည့် အနုပညာရှင်များအား ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်စဉ်တစ်ခုအဖြစ် ထည့်သွင်းဖော်ပြအပ်ပါသည်။ မြန်မာသံစဉ်တေးသီချင်းများစွာ သီဆိုခဲ့ကာ ပရိသတ်အားပေးမှုရရှိထားသူ တေးသံရှင် သရုပ်ဆောင် ရန်ပိုင်စိုးသည် ကိုဗစ်ကပ်ရောဂါ ကူးစက်ခံခဲ့ရပြီးနောက် အောက်တိုဘာ ၂၁ ရက်နံနက် ၁၁ နာရီခန့်တွင် မြောက်ဥက္ကလာပဆေးရုံ၌ ကွယ်လွန်ခဲ့သည်။ တေးသံရှင် ရန်ပိုင်စိုးသည် ကွယ်လွန်ချိန်တွင် အသက် ၇၀ နှစ်ရှိပြီဖြစ်သည်။ ဟာသလူရွှင်တော် သရုပ်ဆောင် ဦးဧရာသည် ကိုဗစ်ကပ်ရောဂါပိုး ကူးစက်ခံရသဖြင့် ဆေးကုသမှု ခံယူလျက်ရှိရာမှ ဒီဇင်ဘာ ၁၉ ရက်တွင် ကွယ်လွန်ခဲ့သည်။  ဦးဧရာသည် ကွယ်လွန်ချိန်တွင် အသက် ၆၁ နှစ်ရှိပြီဖြစ်ကာ ဦးဧရာအား နောက်ဆုံးနှုတ်ဆက်ဂါရဝအဖြစ် လူရွှင်တော်အသင်း (ရန်ကုန်) မှ ဟာသပညာရှင်အချို့ လိုက်ပါပို့ဆောင် ဂါရဝပြုခဲ့သည်။ ထင်ရှားသည့် စာရေးဆရာတစ်ဦးဖြစ်သူ သန်းဝင်းလှိုင်သည် ကိုဗစ်ရောဂါကူးစက်ခံရပြီး ဒီဇင်ဘာ ၁၆ ရက်တွင် ကွယ်လွန်ခဲ့သည်။ စာရေးဆရာ သန်းဝင်းလှိုှုင်သည် စာပေဖန်တီးမှုများစွာကို ရေးသားထုတ်ဝေခဲ့သူဖြစ်သည်။

၂၀၂၀ ပြည့်နှစ်အတွင်း ရောဂါဝေဒနာအမျိုးမျိုးဖြင့် ကြွေလွင့်သွားခဲ့ရသည့် အနုပညာရှင်အချို့မှာ ဖေဖော်ဝါရီ ၁၉ ရက်တွင် ရုပ်ရှင်အမေများအဖွဲ့ဝင်သရုပ်ဆောင် ဒေါ်ခင်မေသက်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင်အသက် ၈၉ နှစ်ရှိပြီဖြစ်သည်။ ဂီတဖန်တီးမှုများစွာ ပြုလုပ်ခဲ့ကာ ဂီတမျိုးဆက်သစ်များစွာအား မွေးထုတ်ပေးခဲ့သည့် ဂီတပညာရှင်တစ်ဦးဖြစ်သူ တယောဦးတင်ရီသည် မတ် ၆ ရက်တွင် ရန်ကုန်မြို့ရှိ တပ်မတော်ခုတင် ၅၀၀ ဆေးရုံ၌ကွယ်လွန်ခဲ့သည်။  ကွယ်လွန်ချိန်တွင် အသက် ၇၉ နှစ်အရွယ်ရှိပြီ ဖြစ်သည်။

ထင်ရှားသည့် စာပေလက်ရာများစွာအား ဖန်တီးရေးသားခဲ့သူ စာရေးဆရာ နွမ်ဂျာသိုင်းသည် ဇွန် ၂၇ ရက်တွင် ရန်ကုန်မြို့ ပင်လုံဆေးရုံ၌ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ စာရေး ဆရာနွမ်ဂျာသိုင်းသည် “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်”၊ “တစ်ခါတုန်းကတက္ကသိုလ်မှာ”၊ “နှစ်နားကပ်လို့တိုင်ပင်ချင်တယ်” စသည့် ထင်ရှားသော စာပေလက်ရာများကို ဖန်တီးခဲ့သည့် စာရေးဆရာတစ်ဦးဖြစ်သည်။ ဟာသသရုပ်ဆောင် ဦးပလာတာသည် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ကွယ်လွန်ခဲ့သည်။ ရုပ်ဆောင်ဦးပလာတာသည် တစ်ခေတ်တစ်ခါက အငြိမ့်ဖျော်ဖြေတင်ဆက်မှုများ၌ ဦးစံမတူနှင့်အတူ အတွဲညီညီ တင်ဆက်ခဲ့သူဖြစ်သည်။ တေးသံရှင် မီးမီးခဲသည် ကင်ဆာရောဂါဖြင့် အောက်တိုဘာ ၁၆ ရက်ညပိုင်းတွင် သြစတြေးလျနိုင်ငံ၌ ကွယ်လွန်သွားခဲ့သည်။ မီးမီးခဲသည် ကင်ဆာရောဂါကို နှစ်ကြိမ်တိုင်ခံစားခဲ့ရပြီးနောက် ဆေးကုသမှုခံယူခဲ့ကာ ယခုနှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ယခုနှစ် ဇန်နဝါရီလအတွင်းတွင် တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုပြုလုပ်ခဲ့သည်။ဖျော်ဖြေပွဲမှ ရရှိခဲ့သော အကျိုးအမြတ်များအား ကင်ဆာရောဂါ ဝေဒနာရှင်များအတွက် လှူဒါန်းခဲ့သူဖြစ်သည်။

Most Read

Most Recent