အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်သည် ရာထူးသက်တမ်းမပြည့်မီ နှုတ်ထွက်မှုနှင့် မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုအခြေအနေတို့အား ၂၀၂၀ ပြည့်နှစ် ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခုအဖြစ် Weekly Eleven ဂျာနယ်က ဖော်ပြအပ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အစိုးရတာဝန်ကို ၂၀၁၆ ခုနှစ်တွင် စတင်တာဝန်ရယူပြီးနောက် ၂၀၁၇ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည့် ဦးအောင်ကြည်သည် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်း ဒီဇင်ဘာလဆန်း၌ ရာထူးမှ နုတ်ထွက်ခဲ့မှုက စိတ်ဝင်စားဖွယ်ဖြစ်ခဲ့သည်။
အစိုးရသက်တမ်းနှစ်နှစ်နီးပါး ရောက်ရှိချိန်ဖြစ်သော ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် နိုင်ငံတော်သမ္မတက ပြန်လည်ဖွဲ့စည်းပေးခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်းခံရသူ ဦးအောင်ကြည်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းတွင် ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခွင့်ပြုပါရန် တင်ပြခဲ့ပြီး ဒီဇင်ဘာ ၁ ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ဦးအောင်ကြည်အနေဖြင့် နိုင်ငံတော်သမ္မတ၏ သက်တမ်းအတိုင်း ၂၀၂၁ ခုနှစ် မတ်လကုန်အထိ တာဝန်ထမ်းဆောင်နိုင်သော်လည်း ရာထူးသက်တမ်းမကုန်မီ ၎င်းအနားယူခဲ့ခြင်းအပေါ် Facebook လူမှုကွန်ရက် စာမျက်နှာတွင် သုံးသပ်မှုအမျိုးမျိုးရှိခဲ့သည်။
ထို့အတူ ဦးအောင်ကြည် နုတ်ထွက်မှုနှင့်ပတ်သက်၍ သတင်းအချို့ ထွက်ပေါ်ခဲ့သော်လည်း အစိုးရနှင့်ကော်မရှင်အကြား မည်သည့်ပြဿနာမျှမရှိကြောင်း ကော်မရှင် ဥက္ကဋ္ဌအနေဖြင့် လောကုတ္တရာဘက်သို့ ကူးပြောင်းရန်အတွက် ၎င်း၏ သဘောဆန္ဒအရသာ နုတ်ထွက်ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးဘက်မှ ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် ဦးအောင်ကြည်အသုံးပြုသော Facebook စာမျက်နှာတွင် ရေးသားချက်အရ ၂၀၂၁ နှစ်ဦးပိုင်းမှစ၍ ဧကာယနော မဂ္ဂေါတစ်ကြောင်းတည်းသောလမ်း ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးကို စောင့်ရှောက် လျှောက်လှမ်းသွားနိုင်ရန် လိုအပ်သည့် ပြင်ဆင်မှုများကို တစ်နှစ်ကျော် အချိန်ယူ၍ အဘက်ဘက်မှ ပြင်ဆင်ခဲ့ရာ ယခုအခါ ပြင်ဆင်မှုအဆင့် အားလုံး၌ အဆင်ပြေချောမွေ့စွာ ပြီးမြောက်ခဲ့ပြီဖြစ်သည်ဟု သိရသည်။
ကိလေသာစင်ကြည်စေရန်၊ သောက ပရိဒေဝကို လွန်မြောက်စေရန် နှစ်ရှည်ပွားများ အားထုတ်သွားရမည့် ခရီးဖြစ်ပါသောကြောင့် Ko Tun နှင့် Aung Kyi အမည်ရှိသော ၎င်း၏ Facebook စာမျက်နှာများကိုလည်း အပြီးတိုင် ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း ဦးအောင်ကြည်က ရေးသားခဲ့သည်။
ဦးအောင်ကြည်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ လုပ်ဆောင်ရာတွင် ထင်ရှားသည့်ဖြစ်စဉ်များအဖြစ် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူးတို့အား ဖမ်းဆီးတရားစွဲဆိုနိုင်ခဲ့မှုတို့ဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သော ဒေါက်တာလဲ့လဲ့မော်ကို ၂၀၂၀ ပြည့်နှစ် မေ ၂၂ ရက်တွင် အဂတိလိုက်စားမှုနှင့်ပတ်သက်၍ အမှုလေးမှုအတွက် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခဲ့ပြီး အမှုမှ သက်သေခံပစ္စည်းများဖြစ်သည့် သရက်ချောင်းမြို့နယ် မြို့မရပ် မြိတ်-ထားဝယ် ကားလမ်းနံဘေးရှိ RC နှစ်ထပ်တိုက်နှင့် မြေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့သည်။
NLD အစိုးရလက်ထက် ဝန်ကြီးချုပ် တစ်ဦးဖြစ်သော ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူများကို အမှုနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် မတ် ၁၀ ရက်တွင် စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၁၄ လခန့်အကြာ ၆၃ ကြိမ်မြောက် ရုံးချိန်းဖြစ်သော ၂၀၂၀ ပြည့်နှစ် မေ ၂၂ ရက်တွင် အမှုတွဲလေးခုလုံးအား အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဒေါက်တာလဲ့လဲ့မော်နှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခြင်းခံရသည့် GGS ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်တို့မှာ အဂတိလိုက်စားမှုကျူးလွန်ရန် အားပေးကူညီခြင်းနှင့် ပူးပေါင်းပါဝင်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရသည်။
ထို့အတူ GGS ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးသူရအုံသည်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့်ပင် ထောင်ဒဏ်ငါးနှစ် ချမှတ်ခံရသည်။
အလားတူ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် သရုပ်ဆောင်အောင်ရဲထွေး သေဆုံးမှုနှင့်ပတ်သက်ပြီး ရဲစခန်းက လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်ကို ရုံးချိန်းသုံးချိန်း စစ်ဆေးပြီးချိန်တွင် ကျူးလွန်သူများကို အရှေ့ပိုင်းခရိုင်တရားရုံးက တရားရှင်ပြန်လွှတ်ပေးခဲ့ရာ ယင်းအမှုသည် အဂတိလိုက်စားမှုရှိနိုင်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကျော်စောသတင်းအဖြစ် သတ်မှတ်၍ စစ်ဆေးရာမှ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူးအပါအဝင် ဥပဒေအရာရှိ သုံးဦး၊ ဒုတိယခရိုင်တရားသူကြီးတစ်ဦးနှင့် ရဲအရာရှိတစ်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် အမှုဖွင့်အရေးယူကာ လက်ရှိအချိန်အထိ အမှုအား တရားရုံးက စစ်ဆေးဆဲဖြစ်သည်။
ဦးအောင်ကြည်လက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများကို အရေးယူမှုများလည်းရှိပြီး ထင်ရှားမှုအဖြစ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခဲ့ခြင်းနှင့် အခြားဝန်ထမ်းများ၏ အဂတိလိုက်စားမှု ဖြစ်စဉ်များကိုလည်း အရေးယူမှုများရှိခဲ့သည်။
နိုင်ငံ့ဝန်ထမ်းများအား အရေးယူမှုများတွင် ကော်မရှင်၏ဆောင်ရွက်ချက်အပေါ်ထောက်ပြမှုများ ဖြစ်ပေါ်ခဲ့သည် စိတ်ဝင်စားဖွယ်အမှု ဖြစ်စဉ်တစ်ခုရှိခဲ့သည်။
ယင်းဖြစ်စဉ်မှာ BPI ဆေးဝါးစက်ရုံ (အင်းစိန်) စက်ရုံမှူး ဒေါက်တာအောင်ဇော်သည် ဆေးဝါးထုတ်ပိုးပစ္စည်းများ ထုတ်လုပ်ရန် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ဝယ်ယူခဲ့သဖြင့် နိုင်ငံတော်၏ ငွေကြေးနှင့် ပစ္စည်းကို ထိခိုက်နစ်နာဆုံးရှုံးစေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ -၅၆ ဖြင့် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်ဖမ်းဆီးခဲ့မှုဖြစ်သည်။
ဒေါက်တာအောင်ဇော် ဖမ်းဆီးခံရမှုဖြစ်စဉ်တွင် အခြားအဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခံရသည့် နိုင်ငံ့ဝန်ထမ်းများ၏ ဖြစ်စဉ်နှင့်မတူဘဲ ၎င်းတွင် အပြစ်မရှိကြောင်း ယုံကြည်သည်ဟုဆိုကာ စက်တင်ဘာ ၉ ရက် ရုံးထုတ်တွင် ဆေးဝါးစက်ရုံ (အင်းစိန်) မှ ဝန်ထမ်း ၁၀၀ ကျော်ခန့်သည် တရားရုံးသို့ လာရောက်ဝန်းရံခဲ့သဖြင့် အမှုဖြစ်စဉ်အပေါ် အများပြည်သူ၏စိတ်ဝင်စားမှု ပိုမိုမြင့်တက်ခဲ့ပြီး ကော်မရှင်အပေါ် ဝေဖန်များ မြင့်တက်ခဲ့သည်။
ထိုသို့ ဝေဖန်မှုများထွက်ပေါ်လာသဖြင့် စက်တင်ဘာ ၉ ရက်၌ပင် ကော်မရှင်က သတင်းထုတ်ပြန်ရှင်းလင်းရာတွင် ယခုကိစ္စ၌ ဥပဒေနှင့်အညီအရေးယူရန် ခိုင်လုံသော အထောက်အထားများ ပေါ်ပေါက်နေသည့်အပြင် အများပြည်သူလူထုအတွက် ရေရှည်တွင် ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ခြေရှိသဖြင့် အချိန်မီတားဆီးကာကွယ်နိုင်ရန် ကော်မရှင်အစည်းအဝေးတွင် လေးလေးနက်နက် စဉ်းစားချင့်ချိန်၍ အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။
သွေးကြောဆေးရည်ဘူးများ ထုတ်လုပ်ရန်လိုအပ်သော ကော်စေ့များကို တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီက တင်ဒါပါ ကော်စေ့အမျိုးအစားအတိုင်း ပေးသွင်းရန် ပစ္စည်းပြတ်လပ်နေသည်ဟုဆိုသဖြင့် ညှိနှိုင်း၍ ယင်းကုမ္ပဏီထံမှပင် အခြားကော်စေ့အမျိုးအစား ၂၆ တန်ကို ဝယ်ယူမှုအပေါ် ဒေါက်တာအောင်ဇော် တိုင်ကြားခံရခြင်းဖြစ်သည်။
ဒေါက်တာအောင်ဇော်သည် အထက်အဆင့်ဆင့်ညွှန်ကြားချက်အရသာ လုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်းတွင် လုပ်ပိုင်ခွင့်မရှိကြောင်း၊ စက်ရုံ၏ ထုတ်လုပ်မှုထိခိုက်မည်ကိုစိုးရိမ်၍သာ ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်မှားကိုင်မှားရှိ နိုင်သော်လည်း ကိုယ်ကျိုးအတွက်မဟုတ်ကြောင်း စသည်ဖြင့် ဆေးဝါးစက်ရုံ (အင်းစိန်) မှ ဝန်ထမ်းအချို့က မီဒီယာများတွင် ထုတ်ဖော်ပြောကြားမှုများလည်းရှိခဲ့ပြီး BPI ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါက်တာအောင်ဇော်၏ အထက်အရာရှိဖြစ်သူ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်ကို တာဝန်မှ အနားပေးခဲ့သည်။
လက်ရှိတွင် ဒေါက်တာအောင်ဇော်သည် အမှုအား အာမခံလျှောက်ထားခဲ့သော်လည်း ပယ်ချခံထားရပြီး အချုပ်ဖြင့်သာ တရားရင်ဆိုင်နေရကာ အမှုမှာလည်း ကြန့်ကြာနေသဖြင့် နစ်နာကြောင်း ၎င်း၏အကျိုးဆောင်ရှေ့နေများက ထုတ်ဖော်ပြောကြားထားသည်။
အဂတိလိုက်စားတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ဝန်ထမ်းများနှင့်ပတ်သက်၍ အရေးယူများသည် မြန်ဆန်ထိရောက်ပြီး နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် နိုင်ငံရေးအရ ရွေးချယ်ခန့်ထားခံရသူများဖြစ်သည့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်အချို့အား အဂတိလိုက်စားမှု စွပ်စွဲချက်ဖြင့် တိုင်တန်းမှု၊ သတင်းထွက်ပေါ်မှုများ၌မူ ကော်မရှင်က စစ်ဆေးသည့် အဆင့်နှင့် အဆိုပါစစ်ဆေးခံရသည့် ပုဂ္ဂိုလ်အချို့မှာလည်း အပြီးသတ်တွင် ရာထူးတာဝန်မှ နုတ်ထွက်ခြင်းဖြင့်သာ အဆုံးသတ်မှုကလည်း အစဉ်အလာကဲ့သို့ ဖြစ်ခဲ့သည်။
ထိုသို့ စစ်ဆေးခံရသည်ဟု သတင်းထွက်ပေါ်ပြီးနောက် ရာထူးတာဝန်မှ နုတ်ထွက်သူများနှင့်ပတ်သက်၍ မည်သည့်အကြောင်းကြောင့် နုတ်ထွက်သည်ကို သက်ဆိုင်ရာအစိုးရအဖွဲ့က ပွင့်လင်းစွာထုတ်ပြန်ခြင်းမရှိမှု အပေါ်လည်း ဝေဖန်စရာဖြစ်ခဲ့သည်။
ကမ္ဘာ့နိုင်ငံများ၏ အဂတိလိုက်စားမှု အညွှန်းကိန်း (Corruption Perceptions Index-CPI) များအရ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုအညွှန်းကိန်းသည် ၂၀၁၇ ခုနှစ် တွင် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၀၊ ၂၀၁၈ ခုနှစ်တွင် နိုင်ငံပေါင်း ၁၈၀ အနက်အဆင့် ၁၃၂၊ ၂၀၁၉ ခုနှစ်တွင် နိုင်ငံပေါင်း ၁၈၀ အနက် ၁၃၀ တွင်ရှိခဲ့သည်။
NLD အစိုးရ၏ လက်ရှိသက်တမ်းနှင့်အပြိုင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ သက်တမ်းသည်လည်း ကုန်ဆုံးရန် သုံးလခန့်သာလိုပြီး ရွေးကောက်ပွဲအနိုင်ရရှိထားသည့် NLD ပါတီကပင် အစိုးရထပ်မံဖွဲ့စည်းမည်ဖြစ်ရာ အစိုးရသစ်လက်ထက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ မည်သူဖြစ်လာမည်ဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာဖြစ်ပြီး မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုများကို ယခုထက်ပိုမို၍ မည်သို့တိုက်ဖျက်မည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။









