ထူးခြားမှုမရှိခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ၂၀၂၀ လွှတ်တော်

ထူးခြားမှုမရှိခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ၂၀၂၀ လွှတ်တော်
၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်မှုအား ပြည်ထောင်စုလွှတ်တော်၌ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ- ပြည့်ဖြိုးအောင်)
၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်မှုအား ပြည်ထောင်စုလွှတ်တော်၌ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ- ပြည့်ဖြိုးအောင်)
Published 28 December 2020
ပြည့်ဖြိုးအောင်

၂၀၁၉ ခုနှစ်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ၄၅ ဦး ကော်မတီကိုဖွဲ့စည်းခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် ပြည်ထောင်စုလွှတ်တော်၌ ယင်းဥပဒေကြမ်းနှင့်ပတ်သက်၍ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်ခိုင်ဖြိုးပါတီနှင့် တိုင်းရင်းသားပါတီ လွှတ်တော်ကိုယ်စားလှယ်များက အပြင်းအထန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းပါပုဒ်မ၊ ပုဒ်မခွဲများကို စုစည်းထားသည့် ဆန္ဒမဲလက်များကို မတ် ၁၀ ရက်မှစတင်ကာ ၁၀ ရက်တာ  လွှတ်တော်၌ အဆုံးအဖြတ်ရယူခဲ့သော်လည်း ဥပဒေကြမ်းပါ ပုဒ်မ၊ ပုဒ်ခွဲ ၁၃၅ အနက် အရေးကြီးအချက် မဟုတ်သည့် ပုဒ်မလေးခုသာ ပြင်ဆင်နိုင်ခဲ့သဖြင့် မအောင်မြင်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ၂၀၂၀ ပြည့်နှစ်၏ ထင်ရှားသည့်ဖြစ်ရပ်တစ်ခုအဖြစ် Weekly Eleven ဂျာနယ်က ဖော်ပြလိုက်ရပါသည်။

ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ၊ ပုဒ်မခွဲများကို လွှတ်တော်အဆုံးအဖြတ်ရယူရာတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း ၆၅၄ ဦးရှိပြီး ဆန္ဒမဲပေးမည့်အစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စားလှယ်များ၏ ရာခိုင်နှုန်းဖြင့်တွက်ချက်မည်မဟုတ်ဘဲ ၆၅၄ ဦးသော ကိုယ်စားလှယ်စုစုပေါင်း၏ ရာခိုင်နှုန်းဖြင့်သာ တွက်ချက်မည်ဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦးကျော် ထောက်ခံပါက အောင်မြင်မည်ဖြစ်သည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၃၈၂ ဦး အများဆုံးရှိပြီး ဒုတိယအများဆုံးမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးနှင့် အခြားသောနိုင်ငံရေးပါတီများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်အရေအတွက်သည် ၁၀၄ ဦးရှိသည်။

မဲခွဲဆုံးဖြတ်သည့် မတ် ၁၀ ရက် ပထမနေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ (က) ၌ အကျုံးဝင်သော တပ်မတော်သားကိုယ်စားလှယ်အရေအတွက်ကို သက်တမ်းအလိုက် လျှော့မည့်ပြင်ဆင်ချက်အပါအဝင် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုကို မဲခွဲဆုံးဖြတ်ခဲ့ပြီး မသန်စွမ်းနှင့် သက်ကြီးရွယ်အိုစကားရပ်နှစ်ခု ပါဝင်သော ပုဒ်ခွဲနှစ်ခုသာ ပြင်ဆင်နိုင်ခဲ့သည်။

မတ် ၁၁ ရက်တွင် ပြည်သူများစိတ်ဝင်စားသည့် ပုဒ်မ ၄၃၆ (က) နှင့်အကျုံးဝင်သည့် နိုင်ငံတော်သမ္မတ၏ အရည်အချင်းပြဋ္ဌာန်းချက်တစ်ခုဖြစ်သော ပုဒ်မ ၅၉ (စ) အပါအဝင်၊ ပုဒ်မ၊ ပုဒ်မခွဲ ၁၅ ခုအား မဲခွဲ ဆုံးဖြတ်ခဲ့ရာ မည်သည့်ပုဒ်မမျှ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် မရရှိသောကြောင့် ပြင်ဆင်နိုင်ခြင်းမရှိဘဲ မူလအတိုင်းသာ ထားရှိခဲ့သည်။

ထိုသို့ မဲခွဲဆုံးဖြတ်ခဲ့သည့်ပုဒ်မများ၏ အဓိကအကြောင်းအရာများမှာ နိုင်ငံတော် သမ္မတအရည်အချင်း သတ်မှတ်ချက် ပြင်ဆင်ချက်များ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်းဆိုင်ရာ ပြင်ဆင်ချက်များ၊ အရေးပေါ်အခြေအနေ ကြေညာခြင်းဆိုင်ရာ ပြင်ဆင်ချက်တို့ဖြစ်သည်။ ထို့ပြင် ဖွဲ့စည်းပုံပြင်ဆင်ရေး တတိယနေ့ မဲခွဲဆုံးဖြတ်မှုတွင် ပုဒ်မ ၄၃၆ (က) နှင့်အကျုံးဝင်သော ပုဒ်မ ၁၄ ခုကိုစုစည်းထားသည့် ဆန္ဒမဲလက်မှတ် (၃) ကို မတ် ၁၂ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ်မှု ပြုလုပ်ခဲ့သည်။

ထိုသို့မဲခွဲဆုံးဖြတ်ရာတွင် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် တင်သွင်းထားသည့် ဖွဲ့စည်းအခြေခံဥပဒေပုဒ်မ ၄၁၂ အရေးပေါ်အခြေအနေပေါ်ပေါက်ပါက နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေး လုံခြုံရေးကောင်စီနှင့်ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေကြေညာနိုင်သည်ဟု ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် ပြင်ဆင်ချက်အပါအဝင် ကာ/လုံ ၏ ဆောင်ရွက်မှုအခန်းကဏ္ဍနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဆောင်ရွက်နိုင်မှုများပါဝင်သည့် ပုဒ်မ ၁၄ ခုအား မဲခွဲဆုံးဖြတ်ခဲ့ရာ မည်သည့်ပုဒ်မမျှ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် မရရှိသောကြောင့် ပြင်ဆင်နိုင်ခြင်းမရှိဘဲ မူလအတိုင်းသာ ထားရှိရမည်ဖြစ်ကြောင်း လွှတ်တော်နာယက ကြေညာခဲ့သည်။

ယင်းပုဒ်မ ၁၄ ခု၏ အဓိကအကြောင်းအရင်းများမှာ နိုင်ငံတော်တွင် အရေးပေါ်အခြေအနေပေါ်ပေါက်က နိုင်ငံတော်သမ္မတက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့်ညှိနှိုင်းပြီး ဥပဒေကဲ့သို့သော အာဏာတည်သည့် အမိန့်ထုတ်ပြန်ခြင်းအပါအဝင် ကာ/လုံ အခန်းကဏ္ဍများကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းနှင့် အရေးပေါ်အခြေအနေတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဆောင်ရွက်နိုင်မှု အခန်းကဏ္ဍများကို ပယ်ဖျက်ခြင်းနှင့် ပြင်ဆင်ခြင်းပုဒ်မများဖြစ်သည်။

အလားတူ မတ် ၁၃ ရက်တွင် ဖွဲ့စည်းပုံအ‌ခြေခံဥပဒေပြင်နိုင်ရန် အဓိကကျသည့်ပုဒ်မ ၄၃၆ (က) ပြင်ဆင်ချက်အပါအဝင် ကာ/လုံ အခန်းကဏ္ဍလျော့ချသည့် ပုဒ်မ ၁၂ ခုကို ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ပြီး ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် ပြင်ဆင်ခွင့်မရဘဲ မူလအတိုင်းသာ ထားခဲ့ရသည်။

မဲခွဲဆုံးဖြတ်ခဲ့သည့်ပုဒ်မများ၏ အဓိကအကြောင်းအရာများမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအခန်းကဏ္ဍကို လျော့ချသည့်ပုဒ်မများနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပုဒ်မများကို ပြင်ဆင်ရာတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် သဘောတူရမည်ဆိုသည့် ပုဒ်မ ၄၃၆ (က) ပြဋ္ဌာန်းချက်အား ‌ပြင်ဆင်ခြင်းတို့ ဖြစ်ပြီးပုဒ်မ ၁၂ ခုစလုံးမှာ NLD ပါတီမှ ပြင်ဆင်ချက်တင်သွင်းထားသော ပုဒ်မများဖြစ်သည်။

မတ် ၁၆ ရက်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေး ပဥ္စမနေ့တွင် ကာ/လုံ ထောက်ခံချက်မလိုဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် ပြင်ဆင်ချက် အပါအဝင် ပုဒ်မ ၁၅ ခုကို မဲခွဲဆုံးဖြတ်ခဲ့ပြီး ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်သဖြင့် ပြင်ဆင်နိုင်ခြင်းမရှိဘဲ မူလအတိုင်းထားရှိခဲ့ရသည်။

ထိုသို့ မဲခွဲဆုံးဖြတ်ခဲ့သည့်ပုဒ်မများမှာ NLD ပါတီက တင်သွင်းသည့် ပြင်ဆင်ချက် ပုဒ်မများဖြစ်ပြီး အဓိကအကြောင်းအရာများမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအခန်းကဏ္ဍကို လျှော့ချခြင်း၊ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူကျင်းပခြင်း စကားရပ်ကို ပယ်ဖျက်ခြင်းနှင့် ပြင်ဆင်ခြင်း၊ ကာ/လုံ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ကို ပြင်ဆင်ခြင်းစသည့် ပုဒ်မများ ဖြစ်သည်။

တိုင်းရင်းသားပါတီများ မျှော်လင့်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ကို သက်ဆိုင်ရာလွှတ်တော်က ရွေးချယ်တာဝန်ပေးနိုင်မည့် ပုဒ်မ ၂၆၁ ပြင်ဆင်ချက်အပါအဝင် ပုဒ်မ ၁၈ ခုစလုံးကို မဲခွဲဆုံးဖြတ်ရာတွင် ပုဒ်မ ၁၈ ခုစလုံးကို ပြင်ဆင်နိုင်ခြင်းမရှိဘဲ မူလအတိုင်းသာ ထားရှိခဲ့သည်။

ယင်းမဲခွဲဆုံးဖြတ်ခဲ့သည့်ပုဒ်များကို ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်လွှတ်တော်ကိုယ်စားလှယ်တို့၏ ပြင်ဆင်ချက်ပုဒ်မများအပြင် NLD ပါတီ၏ပြင်ဆင်ချက်များလည်း ပါဝင်ပြီး ပုဒ်မများဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီက တင်သွင်းသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးခြင်းအစား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်က ရွေးချယ်တာဝန်ပေးနိုင်မည့် ပုဒ်မ ၂၆၁ ပြင်ဆင်ချက်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တင်သွင်းထားသည့် ပုဒ်မ ၅၉ (စ) ကဲ့သို့သော ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တို့၏ အရည်အချင်းအသစ် ဖြည့်စွက်ပြင်ဆင်ချက်များအပါအဝင် ပုဒ်မ ၁၈ ခုစလုံးသည် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်သဖြင့် ပြင်ဆင်နိုင်ခြင်းမရှိဘဲ မူလအတိုင်းသာထားရှိခဲ့သည်။

ထိုသို့ တိုင်းရင်းသားများ၏ ဖက်ဒရယ် အငွေ့အသက်ဖြစ်သော ပုဒ်မ ၂၆၁ ပြင်ဆင်ချက်ကို ပြည်ခိုင်ဖြိုးပါတီ၊ တပ်မတော်နှင့် တိုင်းရင်းသားာပါတီများမှ ကိုယ်စားလှယ်များက မဲပေးထောက်ခံခဲ့သော်လည်း အာဏာရ NLD ပါတီက ထောက်ခံမဲမပေးသဖြင့် ပြင်ဆင်နိုင်ခြင်းမရှိသည့်အပေါ် တိုင်းရင်းသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်မှုများရှိခဲ့သည်။ 

ဖွဲ့စည်းပုံပြင်ဆင်ရေး သတ္တမနေ့တွင် ပုဒ်မ ၁၉ ခု မဲခွဲရာ၌ NLD ပါတီနှင့် တပ်မတော်က ပူးတွဲပြင်ဆင်ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများရွေးချယ်မှုနှင့် သက်ဆိုင်သည့် အရေးကြီးအကြောင်းအရာမဟုတ်သည့် ပုဒ်မတစ်ခုသာ ၇၅ ရာခိုင်နှုန်းကျော်၍ ပြင်ဆင်နိုင်ပြီး ကျန်ပုဒ်မ ၁၈ ခု ပြင်ဆင်နိုင်ခြင်းမရှိခဲ့ဘဲ မူလအတိုင်း ထားရှိခဲ့သည်။

အလားတူပင် ဖွဲ့စည်းပုံပြင်ဆင်ဆင်ရေး အဌမနေ့ မဲခွဲဆုံးဖြတ်မှုတွင် ပုဒ်မ ၄၃၆ (ခ) နှင့်အကျုံးဝင်သော NLD ပါတီက တင်သွင်းထားသည့် ပုဒ်မ ၁၂ ခုနှင့် ပြည်ခိုင်ဖြိုးပါတီက တင်သွင်းတားသည့် ပုဒ်မ နှစ်ခု စုစုပေါင်းပုဒ်မ ၁၄ ခုအနက် မသန်စွမ်းစကားရပ်ပြင်ဆင်သည့် ပုဒ်မတစ်ခုသာ ပြင်ဆင်နိုင်ခဲ့သည်။

ယင်းပုဒ်မများ၏ အဓိကအကြောင်းအရာများမှာ ရာထူးမှနုတ်ထွက်ရမည့် သို့မဟုတ် တာဝန်ရပ်စဲခံရမည့် တပ်မတော်သား၊ နေပြည်တော် ကောင်စီဝင်နှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်ကို ပယ်ဖျက်ရန် ပြင်ဆင်ချက်၊ တပ်မတော်သားများအတွက် တရားစီရင်မှုနှင့် သက်ဆိုင်သောပြင်ဆင်ချက်၊ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်နှင့် ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည် ကိုပယ်ဖျက်ရန် ပြင်ဆင်ချက်၊ တရားသူကြီးချုပ်မိန့်မပါဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက် ပို၍ချုပ်နှောင်းခြင်းမပြုရန် ပြင်ဆင်ချက်၊ တာဝန်မှရုပ်သိမ်းလို‌သော လွှတ်တော်ကိုယ်စားလှယ်အား တိုင်တန်းရာတွင် မဲဆန္ဒရှင် ရာခိုင်နှုန်းပြင်ဆင်ချက် စသည်တို့ဖြစ်သည်။

ယင်းကဲ့သို့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် မဲခွဲဆုံးဖြတ်မှုများ ၁၀ ရက်တာ ဆောင်ရွက်ခဲ့ပြီး နောက်ဆုံးနေ့အထိ NLD ပါတီက ပြင်ဆင်သည့် လက်ရှိနိုင်ငံတော်အလံ ပြင်ဆင်ချက်အပါအဝင် ပုဒ်မအားလုံးပြင်ဆင်နိုင်ခြင်း မရှိခဲ့ပေ။

ယင်းသို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ၊ ပုဒ်မများကို ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ်ခြင်းကို မတ် ၁၀ ရက်က စတင်ပြုလုပ်ခဲ့ပြီး ဆန္ဒမဲလက်မှတ် ကိုးခုဖြင့် ဆောင်ရွက်ခဲ့ရာ မတ် ၂၀ ရက်မဲခွဲမှုသည် နောက်ဆုံးနေ့ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ ၄၃၆ (က)၊ ပုဒ်မ ၄၃၆ (ခ) တို့နှင့် အကျုံးဝင်သော ပုဒ်မ၊ ပုဒ်မခွဲ ၁၃၅ ခုကို မဲခွဲဆုံးဖြတ်ရာတွင် မသန်စွမ်းနှင့် သက်ကြီးရွယ်အိုဆို‌သော စသည့် စကားရပ်ပြင်ဆင်ချက် ပုဒ်မအပါအဝင် ပုဒ်မ ၄ ခု ပြင်ဆင်နိုင်ခဲ့သည်။

ပြင်ဆင်နိုင်ခဲ့သည့်ပုဒ်မများမှာ ပုဒ်မ ၄၃၆ (က) နှင့်အကျုံးဝင်သည့် ပုဒ်မ ၃၂ (က)၊ ပုဒ်မ ၃၂ (ခ)တို့ပါ မသန်စွမ်းနှင့် သက်ကြီးရွယ်အိုဆိုသည့်ပြင်ဆင်ချက်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူသည့်အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်၍ ပြင်ဆင်ရေးဆောင်ရွက်ရဦးမည်ဖြစ်သည်။

အလားတူ ပုဒ်မ ၄၃၆ (ခ) နှင့်အကျုံးဝင်သည့် ပုဒ်မ ၂၆၂ (က) (၁) ပါပြဌာန်းချက်မှာ စကားရပ်ဖြုတ်ခြင်းနှင့် ပုဒ်မ ၃၄၄ ပြဋ္ဌာန်းချက်မှ မသန်စွမ်းဆိုသည့်ပြင်ဆင်ချက်ကို လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူသည့်အတွက် ပြင်ဆင်ရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည်။

NLD အစိုးရလက်ထက် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တတိယအကြိမ် ပြင်ဆင်ရန်ကြိုးပမ်းခဲ့သော်လည်း အရေးကြီးသည့် ပုဒ်မများအပြင် တပ်နှင့်သက်ဆိုင်သော ပုဒ်မများကို ပြင်ဆင်နိုင်ခြင်း မရှိခဲ့သည့်အတွက် NLD အစိုးရ၏ ဖွဲ့စည်းပုံပြင်ဆင်ရေးရည်မှန်းချက်မှာ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်ခဲ့ရသည်။

Most Read

Most Recent