၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးနှင့် ၂၀၂၀ အတွင်း ငြိမ်းချမ်းရေးအရွေ့

၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးနှင့် ၂၀၂၀ အတွင်း ငြိမ်းချမ်းရေးအရွေ့
၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၁ ရက်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပစဉ်
၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၁ ရက်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပစဉ်
Published 28 December 2020
အောင်မင်းသိန်း

COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ကျင်းပသည့်အစည်းအဝေးများဖြစ်ခြင်းကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းချက်များ၊ ကန့်သတ်ချက်များအကြား ပြုလုပ်ခဲ့ရသော်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်များကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများကို ပြည်ထောင်စုသဘောတူစာချုပ်တွင် ထည့်သွင်းချုပ်ဆိုနိုင်ခဲ့ခြင်းကြောင့် ၂၀၂၀ ခုနှစ်အတွင်း ထင်ရှားသည့်ဖြစ်ရပ်တစ်ခုအဖြစ် Weekly Eleven ဂျာနယ်က ဖော်ပြလိုက်ရပါသည်။

Coronavirus Disease 2019 (COVID-19) ရောဂါ ကူးစက်မှုများရှိနေသည့် ကာလအတွင်း ပြည်ထောင်စုငြိမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို သြဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ သုံးရက်တာ ကျင်းပခဲ့ပြီး အစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၅ ချက်၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား-၁) (နောက်ဆက်တွဲ-ခ) နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက် ငါးချက် (နောက်ဆက်တွဲ-ဂ) တို့ကို ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၃) အဖြစ် ချုပ်ဆိုနိုင်ခဲ့သည်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်ပိုင်း (၃) တွင်ပါဝင်သည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက် ၁၅ ချက်တွင် ပြည်ထောင်စုအတွင်း နေထိုင်ကြသော နိုင်ငံသားအားလုံးကို လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လိင်ကွဲပြားမှုတို့ကြောင့် ခွဲခြားဆက်ဆံခြင်းမပြုဘဲ တန်းတူရည်တူ အခွင့်အရေးရရှိစေရန်၊ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရန်၊ နိုင်ငံရေးနှင့် ဘာသာရေးရောယှက်ခြင်းမရှိသည့် နိုင်ငံတော်ကို ထူထောင်ရန်၊ ငြိမ်းချမ်းရေးဆွေးနွေးဘက်များအကြား ၀ိ၀ါဒ ကွဲပြားမှုများကို ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် စိတ်ရင်းစေတနာမှန်ဖြင့် အကျေအလည် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ရန်၊ ဤသဘောတူစာချုပ်တွင်ပါရှိသည့် နှစ်ဖက်အပြန်အလှန်ထားရှိသော ကတိကဝတ်များကို စောင့်ထိန်းရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာ၊ တာဝန်ယူခြင်း၊ တာဝန်ခံခြင်း စသည့်နည်းလမ်းများဖြင့် အကောင်အထည်ဖော်ရန်စသည်များ ပါဝင်သည်။

ထို့ပြင် ဖြစ်ထွန်းလာမည့်တိုးတက်မှုများကို တစ်ဖက်နှင့်တစ်ဖက် အခွင့်အရေးမယူဘဲ သဘောတူစာချုပ်ပါ ကိစ္စရပ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ NCA စာချုပ်တွင်ပါရှိသည့် အချက်များ၊ အနက်အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်နေသောအချက်များကိုဖော်ထုတ်ပြီး သက်ဆိုင်သည့်အစုအဖွဲ့များအကြား ဘုံတူညီသော နားလည်မှုများ၊ ဖွင့်ဆိုချက်များရရှိရေး အကျေအလည် ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားရန်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံတွင် ရရှိသော သဘောတူညီချက်များကို အခြေခံ၍ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်အား UPDJC က လိုအပ်သလို ညှိနှိုင်းပြင်ဆင်ရန် သဘောတူခဲ့သည်။

ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၃) ၏ အပိုင်း (၂) ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ(ဇယား-၁) တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အဆင့် (၁) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုဆိုင်ရာ အခြေခံများတည်ဆောက်ရေး၊ အဆင့် (၂) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု ဖော်ဆောင်ရေး၊ အဆင့် (၃) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုခိုင်မာရေးဆိုသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အဆင့့်သုံးဆင့်ကိုဖော်ပြထားပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာများတွင် ဖက်ဒရယ်တည်ဆောက်ရေး၊ အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးရေး၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်များ၊ မြေယာနှင့် သယံဇာတ၊ ဒီမိုကရေစီတည်ဆောက်ရေး၊ လူမှုသဟဇာတဖြစ်ရေး၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး (NCA အပိုဒ် ၃ဝနှင့် အညီ) စသည့် အချက်များ ပါဝင်သည်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ၏ အပိုင်း (၃) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ ငါးချက်တွင် နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်ဟု ဖော်ပြထားပြီး ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်အကြားတွင်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အချင်းချင်းအကြားတွင်လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကိုဖြေရှင်းရန်အတွက် သီးခြားလွတ်လပ်သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးကို ထူထောင်ထားရှိရမည်၊ တိုင်းဒေသကြီး/ ပြည်နယ်အားလုံးသည် အချင်းချင်းလေးစားမှုရှိပြီး အခွင့်အာဏာ တန်းတူရှိရမည်ဆိုသည့်အချက်များ ပါဝင်သည်။

ထို့ပြင် အပိုင်း (၃) ၏ လမ်းညွှန်အခြေခံမူ (၅) တွင် နိုင်ငံသားတိုင်းအတွက် မူလအခွင့်အရေးများနှင့် တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲ ပြဋ္ဌာန်းရမည်၊ နိုင်ငံသားတိုင်းသည် ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရှိရမည်ဖြစ်ပြီး ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ရှိရမည်၊ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနှင့် ဓလေ့ထုံးတမ်းစသည့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဥပဒေပြဋ္ဌာန်းပေးရမည်ဟု ဖော်ထားပြီး တိုင်းဒေသကြီး/ပြည်နယ်များသည် အခွင့်အာဏာတန်းတူရှိရမည်၊ အမည်နာမ သတ်မှတ်ချက်နှင့်ပတ်သက်၍ နောင်တွင် ဆက်လက်ဆွေးနွေးမည်ဟုလည်း မှတ်ချက်တွင် ဖော်ပြခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) အရ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်မည်ဟူသော ပန်းတိုင်အတွက် ဖြစ်နိုင်ခြေရှိသည့် အနေအထားမျိုးကို တွေ့ရှိခဲ့ရပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ၏ အပိုင်း (၂) တွင် ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့်အားထည့်သွင်းရန် စီစဉ်ထားခဲ့သော်လည်း နောက်ဆုံးအဆင့် ညှိနှိုင်းဆွေးနွေးမှုများတွင် ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်နယ်များ၏ အခြေခံဥပဒေဟူသောစကားရပ်အပေါ်တွင် အသုံးအနှုန်းဆိုင်ရာ ၀ိ၀ါဒကွဲပြားခဲ့သည့်အတွက် ယင်းအချက်သည် ပြည်ထောင်စုသဘောတူစာချုပ်တွင် ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။

၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုခဲ့သော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) နှင့်ပတ်သက်၍ အစုအဖွဲ့အသီးသီးက အပြုသဘောဆောင်သည့် မှတ်ချက်များပေးခဲ့ကြသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့ဘက်ကလည်း ၂၀၂၀ အလွန်တွင် ဆက်လက်ဆောင်ရွက်သွားမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထည့်သွင်းချုပ်ဆိုနိုင်ခဲ့သည့်အတွက် ငြိမ်းချမ်းရေးလမ်းကြောင်းကို ပြန်လည်တည့်မတ်နိုင်ခဲ့သည်ဆိုသော မှတ်ချက်ပေးပြောဆိုမှုများလည်း ရှိခဲ့သည်။

ထို့ပြင် အဖြေမထွက်သော နိုင်ငံရေး ဆွေးနွေးပွဲများမဟုတ်ဘဲ ရွေးကောက်ပွဲအလွန်တွင် အာမခံချက်ရှိသော တရားဝင်နိုင်ငံရေးဆွေးနွေးပွဲများရှိရမည်ဖြစ်ပြီး ယင်းအခြေခံမူဖြင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမှ ရရှိလာသောအချက်များသည် ဖက်ဒရယ်အခြေခံမူများ ဖြစ်ရမည်၊ ရရှိထားသော ပစ်ခတ်တိုက်ခိုက်မှု သဘောတူချက်ကို မကျိုးပေါက်အောင် စောင့်ထိန်း၍ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကို တစ်ပါတည်းဆွေးနွေးသွားရန် သဘောတူညီထားကြခြင်းကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် လုံခြုံရေးကဏ္ဍ ဆွေးနွေးမှုများသည် အရှိန်အဟုန်နှင့် ဆက်သွားမည်ဟု မျှော်လင့်ကြောင်း ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) နှင့်ပတ်သက်၍ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်က္ကာက ပြောကြားထားသည်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) သည် ၂၀၂၀ အလွန်တွင် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား အခြေခံထားခြင်းဖြစ်ပြီး ယခင်က ရရှိထားသော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) နှင့် အစိတ်အပိုင်း (၂) များမှ သဘောတူညီချက် (၅၁) ချက်ကို သက်ဝင်လှုပ်ရှားမှုရှိရန်လည်း ချမှတ်နိုင်ခဲ့ခြင်းကြောင့် ဆက်လက်လျှောက်လှမ်းမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် အခြေခံအုတ်မြစ်များ တည်ဆောက်နိုင်ခဲ့သည်ဟု UPDJC အတွင်းရေးမှူးအဖွဲ့ဝင်၊ တအောင်းအမျိုးသားပါတီမှ တာလှဖေက မှတ်ချက်ပြုခဲ့သည်။

၂၀၁၈ ခုနှစ် ဇူလိုင်တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအပြီးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ရပ်တန့်နေခဲ့ပြီး နိုင်ငံရေးရလဒ်များ ကြီးကြီးမားမားမရှိခဲ့သော်လည်း စတုတ္ထအကြိမ် အစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း (၁)၊ (၂) နှင့် (၃) တို့ကို ၂၀၂၀ အလွန်တွင် တက်လာမည့်အစိုးရသစ်အနေနှင့် မည်သို့ အကောင်အထည်ဖော်ရမည်ဆိုသည်များ ချမှတ်နိုင်ခဲ့သည့်အတွက် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်လိုသော သန္နိဋ္ဌာန်ဖြင့် ဆောင်ရွက်မည်ဆိုပါက တိုင်းပြည်အတွက် ကောင်းမွန်နိုင်ကြောင်း ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဦးလှစောက မှတ်ချက်ပြုခဲ့သည်။

အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်အဖွဲ့အစည်းများအကြားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်လုပ်ဆောင်မည့် ကိစ္စရပ်များအား သဘောတူညီမှုရရှိထားသလို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်အချက်များကို သဘောတူညီမှုရှိထားသည့်အတွက် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ခိုင်မာရေးတို့အတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ယန္တရားနှစ်ခုဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၀ အလွန်တွင် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၃) အရ အကောင်အထည်ဖော်မည့် ဖက်ဒရယ်ပြည်ထောင်စု၏ လက္ခာများ အမှန်တကယ်ရရှိခြင်း ရှိ၊ မရှိကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

၂၀၂၀ အလွန် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်  ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို ၂၁-ရာစု ပင်လုံစတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုနိုင်ခဲ့သော်လည်း စာချုပ်ပါအချက်အလက်များကို ထောက်ရှုပါက တိုင်းရင်းသားပြည်သူလူထုအားလုံး လိုလားတောင့်တနေသည့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် အပြည့်အဝမျှော်မှန်းနိုင်ခြင်း မရှိခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ၂၀၂၀ ပြည့်နှစ် သြဂုတ်လတွင် ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူသဘောတူညီချက်များ ပါဝင်သော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို ချုပ်ဆိုနိုင်ခဲ့ခြင်းကြောင့် COVID-19 ကပ်ရောဂါအကြားပြုလုပ်သော အစည်းအဝေးဖြစ်သော်လည်း တိုင်းရင်းသားပြည်သူများ လိုလားတောင့်တနေသည့် သဘောတူညီချက်များ ပါဝင်ခဲ့သည့်အတွက်၂၀၂၀ ခုနှစ် ဖြစ်စဉ်များတွင် ထင်ရှားသည့်ဖြစ်စဉ်တစ်ခုအဖြစ် တင်ပြလိုက်ရပါသည်။

Most Read

Most Recent