ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား တာဝန်မှရုပ်သိမ်းရန်အဆိုတင်သွင်းခြင်းနှင့် ၂၀၂၀ အတွင်း တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှစ်ဦး စွပ်စွဲပြစ်တင်ခံရခြင်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား တာဝန်မှရုပ်သိမ်းရန်အဆိုတင်သွင်းခြင်းနှင့် ၂၀၂၀ အတွင်း တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှစ်ဦး စွပ်စွဲပြစ်တင်ခံရခြင်း
စက်တင်ဘာ ၁ ရက်က ကျင်းပသည့် ကယားပြည်နယ်လွှတ်တော်သို့ တက်ရောက်လာသည့် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုအား တွေ့ရစဉ် (ဓာတ်ပုံ- မခိုင်)
စက်တင်ဘာ ၁ ရက်က ကျင်းပသည့် ကယားပြည်နယ်လွှတ်တော်သို့ တက်ရောက်လာသည့် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုအား တွေ့ရစဉ် (ဓာတ်ပုံ- မခိုင်)
Published 28 December 2020
ကျော်ဇင်ဝင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဦးဆောင်သော အစိုးရလက်ထက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတစ်ဦးအား တာဝန်မှ ရုပ်သိမ်းရန်အဆိုတင်သွင်းမှုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်နှစ်ဦးအား စွပ်စွဲပြစ်တင်ခံရမှုအား ၂၀၂၀ ပြည့်နှစ်၏ Weekly Eleven ဂျာနယ်က ဖော်ပြအပ်ပါသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသောဦးတီခွန်မြတ်သည် ယင်းနောက်ပိုင်းကာလများတွင် လွှတ်တော်တွင်း အစည်းအဝေးများအား ကြီးကြပ်ရာ၌ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် ပွတ်တိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ၎င်းအား တာဝန်မှရုပ်သိမ်းရန် အဆိုတင်သွင်းသည်အထိ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီဝင် မိုင်းပျဉ်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်ဦးဆောင်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးတို့က လက်မှတ်ရေးထိုးပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်ချက်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်များ၏အဆိုများကို လွှတ်တော်သို့ တင်သွင်းခွင့်မပြုခြင်း စသည့်အကြောင်းအချက်များကြောင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ၂၁ ပါ ‘ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းနှင့် ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း’ စသည့်အချက်များနှင့် ငြိစွန်းနေသဖြင့် တာဝန်မှရုပ်သိမ်းရန် တင်ပြခဲ့ကာ မေ ၂၈  ရက်တွင် ပြုလုပ်သည့်  ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ယင်းကိစ္စရပ်အား အဆိုတင်သွင်းခဲ့သည်။

ထို့နောက် ဇွန် ၁ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ယင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦးက ဆွေးနွေးခဲ့ကြပြီး စက်ခလုတ်နှိပ်၍ မဲခွဲဆုံးဖြတ်ခဲ့ရာ သတ်မှတ်ထောက်ခံမဲ မပြည့်သောကြောင့် အဆိုအောင်မြင်ခဲ့ခြင်းမရှိပေ။

အလားတူ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေဖြင့် ရန်ကုန်မြို့သစ်စီမံကိန်းကိစ္စ၊ လှိုင်သာယာမြို့နယ်၌ အစားအသောက်ဝေငှရာ လူစုလူဝေးဖြစ်ပွားခဲ့သည့်ကိစ္စ၊ ဗိုလ်တထောင်စေတီတွင် လူစုလူဝေးဖြစ်ပွားခဲ့သည့်ကိစ္စ၊ ကျောင်းကားများ ဝယ်ယူရာလွှတ်တော်၏ သဘောထား မရယူခြင်းအစရှိသည့် ဆောင်ရွက်ချက်ခုနစ်ချက်ဖြင့် ၎င်းအား အယုံအကြည်မရှိဟုဆိုကာ ကိုကိုးကျွန်းမဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းပါ ၃၂ ဦးက လက်မှတ်ရေးထိုးပြီး ဇွန် ၅ ရက်တွင် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့သည်။

ယင်းနောက် ဇွန် ၁၈ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် စွပ်စွဲပြစ်တင်မှုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စုံစမ်းတွေ့ရှိချက်များကို လွှတ်တော်သို့ တင်ပြခြင်းနှင့် အဆုံးအဖြတ်ရယူရာတွင် ကန့်ကွက်မဲများသဖြင့် စွပ်စွဲပြစ်တင်မှု မအောင်မြင်ခဲ့ပေ။

၂၀၂၀ ပြည့်နှစ်တွင် စွပ်စွဲပြစ်တင်ခံရသူများသည် အထက်ပါနှစ်ဦးတည်းမဟုတ်ဘဲ ကယားပြည်နယ်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးအယ်လ်ဖောင်းရှိုလည်း ပါဝင်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၅) ပုဒ်မ၂၆၃ (က) ပါပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်သဖြင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် အရေးယူဆောင်ရွက်ပေးနိုင်ပါရန် ဒီးမော့ဆိုမြို့နယ် မဲဆန္ဒနယ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင် (ခ) စဲရယ်အပါအဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ငါးဦး (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လေးပုံတစ်ပုံ) က တိုင်ကြားတင်ပြလာသဖြင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက သြဂုတ် ၁၄ ရက်တွင် အဖွဲ့ဝင်ငါးဦး ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုအား ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ခြင်းသည် လတ်တလောဖြစ်ပေါ်လာသည့် ကိစ္စများမှစတင်ခြင်းမဟုတ်ဘဲ ယခင်အစိုးရလက်ထက်ကတည်းက ဆောင်ရွက်ခဲ့သည့် ပြည်နယ်အစိုးရက စက်ယန္တရားငှားရမ်းခငွေနှင့် အခြားရငွေများကို သီးခြားရန်ပုံငွေထားရှိသုံးစွဲမှုအား လက်ရှိအစိုးရသက်တမ်းအစ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌လည်း ပြည်နယ်အစိုးရက ထားရှိသုံးစွဲခဲ့မှုအား ပြည်နယ်လွှတ်တော်က ၂၀၁၈ ခုနှစ်၌ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် စက်ယန္တရားများကို ပြည်နယ်အစိုးရက လေလံတင်ရောင်းချမည်ဟု ကတိပေးခဲ့ကာ ယခုနှစ်အတွင်း ရောင်းချခဲ့သည့်ကိစ္စနှင့် ၂၀၁၈ ခုနှစ်၌ပင် လွိုင်ကော်မြို့ရှိ အများပြည်သူပိုင်မြေနေရာဖြစ်သော ကယားဒေးကွင်းအတွင်းရှိ ဟိုတယ်နှင့် ရေလွှာလျှောစီးလုပ်ငန်းစီမံကိန်းအား ဖယ်ရှားရန် လွှတ်တော်တွင် အဆိုတင်သွင်းမှု အောင်မြင်ထားသည့်ကိစ္စတို့အား အခြေခံကာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဘဏ္ဍာငွေများကို ထိုစဉ်က အသုံးပြုခဲ့မှုသည် ဥပဒေနှင့်မညီဘဲ သုံးစွဲခဲ့သည်ဟုဆိုကာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီအတွင်းက ကယားပြည်နယ်လွှတ်တော် တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမြင့်မောင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ပြီး ယင်းတိုင်ကြားစာကို စိစစ်ခဲ့ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်ပြဋ္ဌာန်းခြင်းမပြုမီက ကိစ္စများဖြစ်သည့်အတွက် ကော်မရှင်အနေဖြင့် အရေးယူဆောင်ရွက်ပေး၍မရကြောင်းနှင့် သက်ဆိုင်ရာ ဌာနမှတည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်း ဦးမြင့်မောင်ထံ ပြန်ကြားခဲ့သည်။

ယင်းသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အရေးယူနိုင်ခြင်းမရှိသည့် အခြေအနေနောက်တွင် ယင်းကိစ္စရပ်အပါအဝင် လွှတ်တော်က အဆိုအောင်မြင်ထားသည့် ကယားဒေးကွင်းမြေနေရာအား စည်ပင်ပိုင်မြေနေရာအဖြစ်ပြောင်းပြီး ယခင်ကုမ္ပဏီများကပင် အမည်ပြောင်း၍ပန်းခြံနှင့် ဆိုင်ခန်းများတည်ဆောက်နေသည်ဟူသည့် စွပ်စွဲချက်ဖြင့် စွပ်စွဲပြစ်တင်ရန် တိုင်ကြားခံရခြင်းဖြစ်သည်။

ဦးအယ်လ်ဖောင်းရှို စွပ်စွဲပြစ်တင်ခံရသည့်ကိစ္စနှစ်ခုအနက် စက်ယန္တရားငှားရမ်းခနှင့် အခြားမှရရှိငွေများအပေါ် သုံးငွေများတွင် NLD ပါတီနှင့်ပတ်သက်၍ အသုံးပြုသည့် စာရင်းခေါင်းစဉ်ပါဝင်ခဲ့၍လည်း ဝေဖန်ခံခဲ့ရသည်။ 

ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်ရန် တိုင်တန်းမှု၏ နောက်ကွယ်တွင်ရှုပ်ထွေးမှုများ ရှိခဲ့သည်။

ဦးအယ်လ်ဖောင်းရှိုအား စုံစမ်းစစ်ဆေးမည့်အဖွဲ့တွင် ၎င်းကို တိုင်တန်းသူငါးဦးအနက် သုံးဦး ပြန်လည်ပါဝင်လာသည့်အပေါ်တွင်လည်း ဝေဖန်မှုများရှိခဲ့ပြီး ထိုသို့ထည့်သွင်းခြင်းမှာ လူပုဂ္ဂိုလ် ပြန်လည်ထည့်သွင်းခြင်းထက် ပါတီစုံအောင်ထည့်သွင်းထားခြင်းဖြစ်သည်ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အကြောင်းပြချက်ပေးခဲ့သည်။

စွပ်စွဲပြစ်တင်ရန် တိုင်တန်းမှုအား စစ်ဆေးမည့် စုံစမ်းဆေးအဖွဲ့ကို သြဂုတ် ၁၄ ရက်တွင်ဖွဲ့စည်းခဲ့ပြီး ရက်သတ္တပတ်တစ်ပတ်ခန့်အကြာ သြဂုတ် ၂၀ ရက်၌ တိုင်တန်းမှုတွင် ပါဝင်ခဲ့သည့် ဦးသိန်းအောင် (ခ) စဲရယ်က ၎င်းအနေဖြင့် ဦးအယ်လ်ဖောင်းရှိုအား တိုင်တန်းမှုတွင် လက်မှတ်ရေးထိုးခဲ့ရခြင်းမှာ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌသည် ပုဂ္ဂိုလ်ရေးဆန်ဆန်ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်ရန် ဖိအားပေးခြင်းကြောင့်ဖြစ်ကြောင်း စသည့် အကြောင်းပြချက်များဖြင့် တိုင်တန်းမှုမှ ပြန်လည်နုတ်ထွက်ခဲ့သည်။

ထိုသို့အငြင်းပွားဖွယ်အခြေအနေများကြားထဲ၌ပင် ပြည်နယ်လွှတ်တော်စုံစမ်းစစ်ဆေးအဖွဲ့သည် စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ခဲ့ပြီး သြဂုတ် ၂၅ ရက်မှ ၂၆ ရက်အထိ ဝန်ကြီးချုပ်အား လေးကြိမ်တိုင်တိုင် ခေါ်ယူမှု စစ်ဆေးခြင်းအပေါ် ဝန်ကြီးချုပ်ဘက်မှ ၎င်းကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ရုံး အတွင်းရေးမှူးကိုသာ စေလွှတ်ခဲ့ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့၌ လူမစုံခြင်းနှင့် စစ်ဆေးရေးအဖွဲ့တွင် စွပ်စွဲပြစ်တင်သူများ ပါဝင်နေသဖြင့် အဖွဲ့ဝင်ချိန်းပေးရန် တောင်းဆိုခြင်းပြုလုပ်ခဲ့ပြီး တစ်စုံတစ်ရာ ဖြေရှင်းခြင်းမရှိခဲ့ပေ။

ထို့နောက် စက်တင်ဘာ ၁ ရက်တွင် ပြုလုပ်သည့် ကယားပြည်နယ်လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ဥက္ကဋ္ဌက စုံစမ်းစစ်ဆေးအဖွဲ့၏အစီရင်ခံစာအား မတင်ပြမီ ဦးအယ်လ်ဖောင်းရှိုအား လွှတ်တော်သို့ ရှင်းလင်းပြောကြားခွင့်ပြုခဲ့ပြီး ယင်းနောက် ၎င်းအပေါ်စွပ်စွဲပြစ်တင်မှုအား မဲခွဲဆုံးဖြတ်ရာ မဲပေးပိုင်ခွင့်ရှိသူကိုယ်စားလှယ် ၂၀ ဦးအနက် စွပ်စွဲပြစ်တင်မှုအား ၁၆ ဦးက ထောက်ခံပြီး လေးဦးသာ ကန့်ကွက်ခဲ့သဖြင့် စွပ်စွဲပြစ်တင်မှုအတည်ဖြစ်ခဲ့၍ စက်တင်ဘာ ၃ ရက်တွင် နိုင်ငံတော်သမ္မတက ဦးအယ်လ်ဖောင်းရှိုအား ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲခဲ့သည်။

ကယားပြည်နယ်လွှတ်တော်တွင် NLD လွှတ်တော်ကိုယ်စားလှယ် ကိုးဦးရှိသဖြင့် စွပ်စွဲပြစ်တင်မှုအား ထောက်ခံခဲ့သည့် ၁၆ မဲတွင် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ငါးဦးပါဝင်ခဲ့့သည်။

ဦးအယ်လ်ဖောင်းရှို ရာထူးတာဝန်မှရပ် စဲခံရပြီးသည့်တိုင် ၎င်းအား စွပ်စွဲပြစ်တင်ခြင်းနှင့်စပ်လျဉ်းသည့်  စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရဟုဆိုကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ တာဝန်ဆောင်ရွက်ခဲ့သူ ဦးသဲရယ်က စက်တင်တာ ၈ ရက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ ထပ်မံတိုင်ကြားခဲ့သည်။

အဆိုပါတိုင်တန်းမှုသည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီအတွင်းက အခြားကိုယ်စားလှယ်တစ်ဦး တိုင်တန်းမှုအတိုင်း ဖြစ်ပြီး သက်သေခံ အသစ်မပါသဖြင့် အရေးယူဆောင်ရွက်ပေး၍ မရကြောင်း စက်တင်ဘာ ၃၀ ရက်တွင် ကော်မရှင်က တိုင်တန်းသူ ဦးသဲရယ်ထံ အကြောင်းပြန်ခဲ့သည်။

ဦးသဲရယ်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ပြန်ကြားစာအရ ယင်းကိစ္စရပ်အားရဲစခန်းတွင် အမှုဖွင့်လှစ်ရန်ကြိုးပမ်းခဲ့ပြီး ကနဦး၌ရဲစခန်းကအမှုအား လက်ခံဖွင့်လှစ်ခြင်းပေးခြင်း မရှိသေးပေ။

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုက ၎င်းစွပ်စွဲပြစ်တင်ခံခဲ့ရမှုနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၂၆၃ (ခ) နှင့်၂၆၃ (ဂ) တို့အား အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးရန် နိုင်ငံတော်သမ္မတမှ တစ်ဆင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ စက်တင်ဘာ ၃ ရက် တင်သွင်းမှုပြုလုပ်ခဲ့ပြီး ခုံရုံးက အောက်တိုဘာလအတွင်း ကြားနာမှုများပြုခဲ့ကာ ယင်းပုဒ်မနှစ်ခုလုံးကို အဓိပ္ပာယ်ဖွင့်ဆိုပေးခဲ့သည်။

လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲတွင် ဦးအယ်လ်ဖောင်းရှိုသည် NLD ပါတီ ကိုယ်စားပြု၍ ကယားပြည်နယ်လွှတ်တော်မယ်စဲ့ မဲဆန္ဒနယ် (၂) တွင် ထပ်မံအနိုင်ရရှိထားသဖြင့် ၎င်းအား ဝန်ကြီးချုပ်အဖြစ် ပြန်လည်တာဝန်ပေး၊ မပေးနှင့် အဆိုပါဘဏ္ဍာငွေကိစ္စရပ်များနှင့်ပတ်သက်၍ မည်ကဲ့သို့ဖြစ်လာမည်မှာ စောင့်ကြည့်ရမည်ဖြစ်သည်။

Most Read

Most Recent