သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ဖောက်ဖျက်ကာ ဖွင့်လှစ်သည့် ဗဟန်းမြို့နယ်ရှိ The World Wide KTV ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ အရည်ကြိုနှင့် ဆိုင်မန်နေဂျာ အပါအဝင် ကိုးဦးကို ဖမ်းဆီးရမိပြီး ဆိုင်မန်နေဂျာကို အမှုဖွင့်

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ဖောက်ဖျက်ကာ ဖွင့်လှစ်သည့် ဗဟန်းမြို့နယ်ရှိ The World Wide KTV ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ အရည်ကြိုနှင့် ဆိုင်မန်နေဂျာ အပါအဝင် ကိုးဦးကို ဖမ်းဆီးရမိပြီး ဆိုင်မန်နေဂျာကို အမှုဖွင့်
Published 27 December 2020

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ဖောက်ဖျက်ကာ ဖွင့်လှစ်သည့် ဗဟန်းမြို့နယ်ရှိ The World Wide KTV ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ အရည်ကြိုနှင့် ဆိုင်မန်နေဂျာ အပါအဝင် ကိုးဦးကို ဖမ်းဆီးရမိပြီး ဆိုင်မန်နေဂျာကို အမှုဖွင့်ထားကြောင်း ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၆ရက် ည ၉ နာရီ ၄၅ မိနစ်အချိန် အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးမှ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ် (၆၀) ရှိ The World Wide KTV ဆိုင်သည် ဖွင့်လှစ်လုပ်ကိုင်လျက်ရှိကြောင်း သွားရောက် စစ်ဆေးရန် ဖုန်းဖြင့် အကြောင်းကြားလာသဖြင့် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာ မန်နေဂျာအား တွေ့ရှိပြီး အောက်ထပ်ရှိ အခန်း (၈) ခန်းအနက် အခန်းအမှတ် (၈) နှင့် (၉ ) တို့တွင် စားသောက်လက်စ ပန်ကန်များ၊ ဖန်ခွက်များ၊ ဘီယာပုလင်းများအား တွေ့ရှိရသဖြင့် လိုက်လံရှာဖွေရာ စားသောက်ပျော်ပါးနေသူ ဧည့်သည် အမျိုးသား လေးဦးနှင့် ဧည့်သည် အမျိုးသမီး လေးဦး စုစုပေါင်း ရှစ်ဦးအား အပေါ်ထပ် အလုပ်သမားများ နားနေသည့်အခန်းတွင် ပုန်းအောင်းနေစဉ် ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ဘေးအန္တရာယ် တစ်စုံတစ်ရာ ကျရောက်နိုင်သည်ကို သိလျက်နှင့် တမင်ပြုလုပ်၍ သောက်စားသီဆိုခြင်းများ ပြုလုပ်ရန် KTV ဖွင့်လှစ် လုပ်ကိုင်ခဲ့သည့် ဗဟန်းမြို့နယ် ၊ ဆရာစံရပ်ကွက် ၊ ဆရာစံလမ်း၊ အမှတ် (၆၀) တွင် ဖွင့်လှစ်ထားရှိသော The World Wide ဆိုင်မန်နေဂျာ (တာဝန်ခံ) ဖြစ်သူ ဦးအေးထွန်း (၅၂) နှစ် (ဘ) ဦးပေါက်စကို သဘာဝဘေးအန္တရာယ်ဆိုင် ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ထို့ပြင် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ရောဂါကူးစက်မှု တားဆီးနိုင်ရန် အလို့ငှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား တမင်ဖောက်ဖျက် ကျူးလွန်၍ ဗဟန်းမြို့နယ် ၊ ဆရာစံရပ်ကွက် ၊ ဆရာစံလမ်း ၊ အမှတ် (၆ဝ)တွင် ဖွင့်လှစ်ထားရှိသော The World Wide KTV ဆိုင်၌ လူစုလူဝေးဖြင့် သောက်စား သီဆိုခြင်းများ ပြုလုပ်ကြသည့် အောင်ဇော်ဦးပါ လေးဦးနှင့် ယမင်းပါ လေးဦး စုစုပေါင်း ရှစ်ဦးတို့အား ဗဟန်းမြို့မရဲစခန်း (ပ ) ၁၁၅၇/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၃၀ (က) ဖြင့် အမှုဖွင့် အရေးယူရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ အောင်ဇော်ဦး (ခ) အရည်ကြို အပါအဝင် ဧည့်သည် ရှစ်ဦးကို အာမခံပေးထားကြောင်း ကနဦး စုံစမ်းသိရှိရသည်။