ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 လူနာ လျော့နည်းလာပြီး ကုသရေးဌာန ၁၄ ခုတွင် ခုတင်ပေါင်း ၁၀၀၀၀ ကျော် ရှိသည့်အနက် လက်ရှိ လူနာထားရှိ ကုသပေးနေသည့် ခုတင်ပေါင်း ၅၀၀၀ ဝန်းကျင်သာရှိ

ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 လူနာ လျော့နည်းလာပြီး ကုသရေးဌာန ၁၄ ခုတွင် ခုတင်ပေါင်း ၁၀၀၀၀ ကျော် ရှိသည့်အနက် လက်ရှိ လူနာထားရှိ ကုသပေးနေသည့် ခုတင်ပေါင်း ၅၀၀၀ ဝန်းကျင်သာရှိ
COVID-19 ရောဂါကူးစက်မှုမှ ကာကွယ်ရန် ရန်ကုန်မြို့တွင်း နှာခေါင်းစည်းတပ်ဆင်၍ သွားလာနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
COVID-19 ရောဂါကူးစက်မှုမှ ကာကွယ်ရန် ရန်ကုန်မြို့တွင်း နှာခေါင်းစည်းတပ်ဆင်၍ သွားလာနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 27 December 2020

 ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 လူနာ လျော့နည်းလာပြီး ကုသရေးဌာန ၁၄ ခုတွင် ခုတင်ပေါင်း ၁၀၀၀၀ ကျော်ရှိသည့်အနက် လက်ရှိ လူနာထားရှိ ကုသပေးနေရသည့် ခုတင်ပေါင်း ၅၀၀၀ ဝန်းကျင်သာရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက နိုင်ငံပိုင်မီဒီယာတွင် ပြောကြားထားသည်။

“ရန်ကုန်တိုင်းအနေနဲ့ COVID-19 Positive လူနာ ၅၀၀ အောက်ကို ရောက်လာတာ ငါးရက်၊ ခြောက်ရက်လောက် ရှိပါပြီ။ ကုသရေးဌာနတွေအနေနဲ့ COVID-19 ကုသရေးဌာနပေါင်း ၁၄ ခုမှာ ခုတင်ပေါင်း ၁၀၃၃၀ ရှိပါတယ်။ အဲဒီမှာ ခုတင် ၄၈၈၂ ခုတင်ပဲ လူနာတင် ကုသနေတာဖြစ်တဲ့အတွက် ကျွန်တော်တို့မှာ ခုတင်အလွတ်တွေ ရှိနေပါတယ်။ ဆေးရုံကြီးတွေမှာလည်း အထူးကြပ်မတ် ကုသမှုခံယူနေတဲ့ လူနာတွေနဲ့ COVID-19 ပြင်းထန်လူနာတွေ ကုသဖို့ ခုတင်ပေါင်း ၁၀၇၄ ခုတင် ရှိပါတယ်။ အခု ၇၀၀ ကျော်မှာပဲ လူနာတွေ ကုသနေတာ ဖြစ်တဲ့အတွက် ပြင်းထန် အထူးကြပ်မတ်လူနာတွေအတွက် ကုသဖို့နေရာတွေ ရှိနေပါတယ်” ဟု ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။

လက်ရှိအနေအထားအရ ရန်ကုန်တိုင်းဒေသကြီးရှိ လူဦးရေ၏ သုံးရာခိုင်နှုန်း၊ လေးရာခိုင်နှုန်းက COVID-19 ပိုးရှိသူများ ဖြစ်နေနိုင်ကြောင်း ပါမောက္ခဒေါက်တာဇော်ဝေစိုးက ပြောကြားထားသည်။

 “ ယခုအနေအထားအရ လူဦးရေရဲ့ သုံးရာခိုင်နှုန်း၊ လေးရာခိုင်နှုန်းက ပိုးရှိသူတွေ ဖြစ်နေနိုင်ပါတယ်။ တကယ်လို့သာ ဒီ Data ဒီတွက်ချက်မှုသာ မှန်ကန်မယ်ဆိုရင် ရန်ကုန်ရဲ့ လူဦးရေ ခုနစ်သန်းမှာ သုံးရာခိုင်နှုန်းဆိုရင် ၂၁၀၀၀၀ ပိုးရှိသူ ဖြစ်နေနိုင်ပါတယ်။ လေးရာခိုင်နှုန်းဆိုရင် ၂၈၀၀၀၀ ပိုးရှိနေနိုင်ပါတယ်။ ဒါကို ယခုအချိန်မှာ ကျွန်တော်တို့ တစ်သိန်းလောက် ရှာထားပြီးပြီဆိုရင် တကယ်တော့ တစ်သိန်း၊ နှစ်သိန်း လူထုထဲမှာ ရှိနေနိုင်တာ ဖြစ်ပါတယ်” ဟု ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။

လက်ရှိ COVID-19 ကူးစက်မှု အနေအထားမှာ လျော့နည်းလာသော်လည်း လူအများစုဝေးသည့် နေရာများတွင် ကူးစက်မှု များနေသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

“ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ ရောဂါကူးစက်မှု အနေအထားက လျော့လာတယ် ဆိုပေမယ့် ကူးစက်မှု အနေအထားကို ပြန်ကြည့်တဲ့အခါ လူစုတဲ့နေရာတွေက ကူးစက်မှုကို အခြေခံတယ်ဆိုတာကို တွေ့ရတယ်။ စျေးတွေမှာ တွေ့တယ်။ ဘိုးဘွားရိပ်သာလို အချို့စက်ရုံအလုပ်ရုံတို့ အချို့ဘာသာရေး၊ သာသနာရေးနဲ့ ပတ်သက်တဲ့နေရာတို့ အချို့အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူစုစုဖြစ်သွားတဲ့ နေရာတွေမှာ ကူးစက်မှုတွေ ရှိနေသေးတာ တွေ့ရပါတယ်” ဟု ဒေါက်တာ သန်းနိုင်စိုးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ စျေး၊ ကားဂိတ်၊ ရေဆိပ်နှင့် လေဆိပ်များတွင် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးပညာပေး လူထုလှုပ်ရှားမှု အစီအစဉ်အဖြစ် Mask အခုရေ တစ်သန်း၊ Face Shield အခုရေ တစ်သိန်း ဝေငှခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

“ စျေးဆိုတာတော့ လူတိုင်း မဖြစ်မနေ သွားရောက်ရတဲ့ နေရာဖြစ်တယ်။ စျေးရောင်းတဲ့ သူကလည်း ကိုယ့်ရဲ့ စားဝတ်နေရေးအရ စျေးရောင်းမှသာ အသက်မွေးဝမ်းကျောင်း အဆင်ပြေမှာဖြစ်သလို စျေးဝယ်တဲ့ သူကလည်း ဘယ်လောက်ပဲ အိမ်ထဲမှာနေနေ အချိန်တစ်ခုကျလာရင် သူစျေးထွက်ဝယ်ရမယ့် ကာလတစ်ခုကို ရောက်လာမယ်။ အခုဆိုရင် ရောဂါဖြစ်ပွားတဲ့ ကာလကလည်း ၁၀ လ ၁၁ လ ထဲ ရောက်လာပြီ။ ကူးစက်ပုံကိုလည်း တော်တော်သိပြီ။ အဓိကကျတဲ့ ကာကွယ်ရေး နည်းလမ်းကတော့ မဖြစ်မနေ ကိုယ်က စျေးသွားရောင်းရမယ်ဆိုရင် အိမ်က ထွက်တာနဲ့ မဖြစ်မနေ Mask ကို တပ်ရပါမယ်။ ပြီးရင် အခြားလူတွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံပြောဆိုရတဲ့နေရာမျိုးမှာ Face Shield ပါ တပ်ထားဖို့ လိုပါတယ်” ဟု ဒေါက်တာ သန်းနိုင်စိုးက ပြောကြားသည်။

Most Read

Most Recent