ဒစ်ဂျစ်တယ်စီးပွားရေး တိုးတက်စေရန် ဆောင်ရွက်မည့် ဧရိယာခုနစ်ခု သတ်မှတ်ထားပြီး ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံနှင့် ဆိုက်ဘာလုံခြုံရေးတည်ဆောက်မှု အပါအဝင် အခြေခံအုတ်မြစ်လေးခု ပါဝင်ကြောင်း ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဝင်၊ Kinetic Myanmar Technology CO.,Ltd ၏ တည်ထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာ ဦးမြမိုးအောင်က ပြောကြားသည်။
ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အမေး၊ အဖြေအစီအစဉ်တွင် ဦးမြမိုးအောင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးတိုးတက်အောင် ဆောင်ရွက်မယ့် ဧရိယာခုနစ်ခု သတ်မှတ်ထားပါတယ်။ ဒီအထဲမှာ အခြေခံအုတ်မြစ် လေးခုပါပါတယ်။ ပထမတစ်ခုက ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့ပါ။ ဒုတိယတစ်ခုက အားပေးတဲ့မူဝါဒနဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ပါ။ တတိယတစ်ခုက ဆိုက်ဘာလုံခြုံရေးကို ကောင်းမွန်အောင် တည်ဆောက်ဖို့ပါ။ စတုတ္ထတစ်ခုက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေ ကျွမ်းကျင်တတ်မြောက်ဖို့ဖြစ်ပါတယ်” ဟု ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီဝင်၊ Kinetic Myanmar Technology Co.,Ltd ၏ တည်ထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာ ဦးမြမိုးအောင်က ပြောကြားသည်။
အဆိုပါအခြေခံအုတ်မြစ်လေးခု ခိုင်မာပါက ဆန်းသစ်တီထွင်နိုင်စွမ်းအားမြင့် တက်လာမည်ဖြစ်ကြောင်း၊ ထို့နောက် ဒစ်ဂျစ်တယ်အုပ်ချုပ်ရေးစနစ်များ၊ ဒစ်ဂျစ်တယ် ကုန်သွယ်ရေးစနစ်များ တိုးတက်လာပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများတွင် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုနိုင်မည့် Digital Transformation လုပ်ငန်းစဉ် တိုးတက်လာသည့်အတွက် ဒစ်ဂျစ်တယ်လူ့အဖွဲ့အစည်းနှင့် ဒစ်ဂျစ်တယ်စီးပွားရေးကို တည်ထောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“ဒီဧရိယာ ခုနစ်ခုထဲမှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့က အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့တိုင်းပြည် ခုန်ပျံကျော်လွှားပြီး တိုးတက်ဖို့၊ Leap Frog သွားဖို့၊ Quantum Leap သွားဖို့ဆိုရင် လူ့စွမ်းအားအရင်းအမြစ်က နောက်ဆုံးပေါ်နည်းပညာတွေကို ကောင်းစွာအသုံးပြုနိုင်ရုံသာမက တီထွင်ဖန်တီးနိုင်တဲ့ Innovation အဆင့်အထိကို တိုးတက်ဖို့လိုပါတယ်” ဟု ၎င်းကဆိုသည်။
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရန် ဒစ်ဂျစ်တယ်အတတ်ပညာ၊ နောက်ဆုံးပေါ် နည်းပညာများကို ကျွမ်းကျင်တတ်မြောက်အောင် ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်းလည်းသိရသည်။ လူအများအပြားကို ဒစ်ဂျစ်တယ်အတတ်ပညာများ၊ နောက်ဆုံးပေါ် နည်းပညာများ သင်ပေးရန်အတွက် Online Learning Platform ဖြင့် သွားရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် Online Learning Platform ပေါ်မှ နိုင်ငံတကာတွင် သင်ကြားနေသည့် ဘာသာရပ်များကို သင်ယူနိုင်မည့်အခွင့်အရေးကို ကောင်းမွန်စွာအသုံးချနိုင်မည်ဆိုပါက နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်က နိုင်ငံတကာအဆင့် ဖြစ်လာမည်ဟု ယုံကြည်ကြောင်း အုပ်ချုပ်မှုဒါရိုက်တာ ဦးမြမိုးအောင်က ပြောကြားသည်။
“လူငယ်တွေရဲ့ လူ့စွမ်းအားအရင်းအမြစ်ကို စီးပွားရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ၊ SME လုပ်ငန်းတွေမှာ နောက်ဆုံးပေါ်နည်းပညာတွေ ထိထိရောက်ရောက် အသုံးပြုခြင်းဖြင့် စီးပွားရေးလုပ်ငန်းတွေရဲ့ စွမ်းဆောင်ရည်ကို မြင့်တက်အောင် ကူညီရာရောက်ပါမယ်။ စီးပွားရေးလုပ်ငန်းတွေ ၊ SME လုပ်ငန်းတွေမှာ နည်းပညာတွေသုံးလာလို့ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်စွမ်းမြင့်လာရင် နိုင်ငံရဲ့စီးပွားရေးကို ကောင်းစွာ အထောက်အကူပြုမှာ ဖြစ်ပါတယ်” ဟု ၎င်းက သုံးသပ်ပြောကြားသည်။















