ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလတွင် လီဗာပူးလ်အသင်း မိုင်(၈၂၀)အထိ ခရီးနှင်ရမည်ဖြစ်ပြီး ချယ်လ်ဆီးအသင်းမှာမူ မိုင်(၂၀)ခန့်သာ သွားရမည်

ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလတွင် လီဗာပူးလ်အသင်း မိုင်(၈၂၀)အထိ ခရီးနှင်ရမည်ဖြစ်ပြီး ချယ်လ်ဆီးအသင်းမှာမူ မိုင်(၂၀)ခန့်သာ သွားရမည်
Photo: Daily Mail
Photo: Daily Mail
Published 24 December 2020

လာမည့် ခရစ္စမတ်နှင့်နှစ်သစ်ကူးကာလ ပရီးမီးယားလိဂ်ပွဲစဉ်များ ဆက်တိုက်ကစားရချိန်တွင် ခရီးအကွာအဝေး အများဆုံးသွားရမည့်အသင်းမှာ လက်ရှိချန်ပီယံလီဗာပူးလ်အသင်းဖြစ်ပြီး ယင်းကာလအတွင်း ခရီးမိုင်အကွာအဝေးစုစုပေါင်း(၈၂၀)မိုင်အထိ ခရီးသွားလာရမည်ဖြစ်ကြောင်း သိရှိရသည်။

လီဗာပူးလ်အသင်းသည် လာမည့်ဒီဇင်ဘာ(၂၇) ရက်နေ့တွင် ဝက်စ်ဘရွန်းအသင်းနှင့် အိမ်ကွင်းပွဲစဉ်ကစားရမည်ဖြစ်သော်လည်း ခရီးဝေးကွာသည့် နယူးကာဆယ် (ဒီဇင်ဘာ ၃၀ ရက်)၊ ဆောက်သမ်တန်(ဇန်နဝါရီ ၂ ရက်) အသင်းတို့နှင့် အဝေးကွင်းပွဲစဉ်များ ဆက်တိုက်ကစားရမည်ဖြစ်၍ အသွားအပြန် အကွာအဝေးစုစုပေါင်းမှာ မိုင်(၈၀၀)ကျော်အထိ ရှိနေခြင်းဖြစ်သည်။

လီဗာပူးလ်အသင်း၏နောက်တွင် ခရီးအကွာအဝေး ဒုတိယအများဆုံးသွားလာရမည့်အသင်းမှာ လန်ဒန်ကလပ် ဝက်စ်ဟမ်းအသင်းဖြစ်ပြီး လီဗာပူးလ်ကဲ့သို့ပင် ဆောက်သမ်တန် (ဒီဇင်ဘာ ၂၉ ရက်)၊ အဲဗာတန်(ဇန်နဝါရီ ၂ ရက်)အသင်းတို့နှင့် အဝေးကွင်းပွဲစဉ်များ ကစားရမည်ဖြစ်၍ ခရီးအကွာအဝေးစုစုပေါင်း (၇၀၂)မိုင်အထိ ခရီးနှင်ရမည်ဖြစ်ကြောင်းသိရှိရသည်။

တတိယနေရာတွင် ခရစ္စတယ်ပဲလေ့စ်၊ နယူးကာဆယ်အသင်းတို့နှင့် အဝေးကွင်းပွဲစဉ်များကစားရမည့် လက်စတာအသင်းက (၆၆၆)မိုင်၊ စတုတ္ထနေရာတွင် ဝက်စ်ဘရွန်း၊ စပါးအသင်းတို့နှင့် အဝေးကွင်းပွဲစဉ်များ ကစားရမည့် လိဒ်စ်အသင်းက (၆၃၀)မိုင်တို့ဖြင့် အသီးသီးရပ်တည်နေကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်အသင်းကြီးများထဲတွင် လီဗာပူးလ်အသင်းသာ ကံဆိုးစွာဖြင့် ခရီးအကွာအဝေး မိုင်(၈၀၀)ကျော်အထိ သွားလာရမည်ဖြစ်ပြီး မန်စီးတီးအသင်းမှာ (၄၇၉)မိုင်၊ အာဆင်နယ်အသင်းမှာ (၃၉၈)မိုင်၊ စပါးအသင်းမှာ (၂၆၈)မိုင်၊ မန်ယူအသင်းမှာ (၂၁၈)မိုင် အသီးသီးခရီးနှင်ရမည်ဖြစ်ကြောင်း သိရသည်။

လန်ဒန်ကလပ် ချယ်လ်ဆီးအသင်းမှာမူ ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလအတွင်း အားသာချက်အများဆုံးရရှိသည့်အသင်းအဖြစ် မိုင်(၂၀)ခန့်သာ ခရီးနှင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းကာလအတွင်း နည်းပြ လမ်းပတ်၏ ချယ်လ်ဆီးအသင်းမှာ လန်ဒန်မြို့မှပင် ထွက်ခွာရမည်မဟုတ်ဘဲ အာဆင်နယ်အသင်းနှင့် လန်ဒန်ဒါဘီပွဲစဉ်ကစားအပြီးတွင် ကျန်ပွဲစဉ် (၂)ပွဲအား အိမ်ကွင်းပွဲစဉ်များအဖြစ် စတမ်းဖို့ဒ်ဘရစ်ချ် ကွင်း၌ ကစားရမည်ဖြစ်ကြောင်း သိရှိရသည်။

ချယ်လ်ဆီးအသင်းသည် ယခု Boxing Day တွင် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှ  (၁၀)မိုင်ခန့်ဝေးကွာသော အီမရိတ်စ်ကွင်း၌  အာဆင်နယ်အသင်းနှင့် လန်ဒန်ဒါဘီပွဲစဉ်ကစားရမည်ဖြစ်ပြီး ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ဗီလာအသင်းနှင့် အိမ်ကွင်း၊ ဇန်နဝါရီ (၂)ရက်နေ့တွင် မန်စီးတီးအသင်းနှင့် အိမ်ကွင်းပွဲစဉ်များကို စတမ်းဖို့ဒ်ဘရစ်ချ်ကွင်း၌ ဆက်တိုက်ကစားရမည်ဖြစ်သည်။

သို့ဖြစ်ရာ အဲဗာတန်၊ ဝုလ်ဗ်အသင်းတို့နှင့်ပွဲစဉ်များတွင် ရှုံးပွဲများကြုံတွေ့ခဲ့ပြီး အမှတ်ပေးဇယား၌ အဆင့်(၅)နေရာအထိဆင်းခဲ့ရသည့် ချယ်လ်ဆီးအသင်းအတွက် ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလတွင် နိုင်ပွဲနှင့် ရမှတ်များရယူရန် အခွင့်အရေးရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

Most Read

Most Recent