ရန်ကုန်မြစ်ကြောင်းတစ်လျှောက် ရှုခင်းကြည့် အပျော်စီးသင်္ဘော ခရီးစဉ်အား ဒီဇင်ဘာ ၂၅ မှစတင်ကာ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ပြေးဆွဲမည်

ရန်ကုန်မြစ်ကြောင်းတစ်လျှောက် ရှုခင်းကြည့် အပျော်စီးသင်္ဘော ခရီးစဉ်အား ဒီဇင်ဘာ ၂၅ မှစတင်ကာ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ပြေးဆွဲမည်
ရန်ကုန်မြစ်ကြောင်းတစ်လျှောက် ရှုခင်းကြည့် အပျော်စီးသင်္ဘော ခရီးစဉ် ပြေးဆွဲမည့် တိုးပွားသင်္ဘောအား တွေ့ရစဉ်
ရန်ကုန်မြစ်ကြောင်းတစ်လျှောက် ရှုခင်းကြည့် အပျော်စီးသင်္ဘော ခရီးစဉ် ပြေးဆွဲမည့် တိုးပွားသင်္ဘောအား တွေ့ရစဉ်
Published 22 December 2020

ရန်ကုန်မြစ်ကြောင်းတစ်လျှောက် ရှုခင်းကြည့် အပျော်စီးသင်္ဘော ခရီးစဉ်အား ဒီဇင်ဘာ ၂၅ ရက်မှ စတင်ကာ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ပြေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ သိရသည်။

ရန်ကုန်မြစ်ကြောင်း တစ်လျှောက်ရှိ နေဝင်ချိန်ဆည်းဆာအလှကို ကြည့်ရှုခံစားနိုင်ရန် နှစ်ထပ်အပျော်စီး သင်္ဘောခရီးစဉ်အား ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းတွင် စမ်းသပ်ပြေးဆွဲခဲ့ကြောင်း သိရသည်။

အဆိုပါ အပျော်စီးသင်္ဘော ခရီးစဉ်တွင် ကျန်းမာရေး ဆိပ်ကမ်းမှတစ်ဆင့် ညနေ ၄ နာရီတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်မြစ်တွင်းမှထွက်၍ ဗိုလ်တထောင်ဘုရားအနီး တစ်ဝိုက်၊ ထိုမှတစ်ဆင့် သန်လျက်စွန်းသို့ ပြေးဆွဲပြီး သန်လျက်စွန်းမှ ပြန်ကွေ့ကာ ရန်ကုန်မြစ်အတိုင်း တောက်လျှောက် ပြေးဆွဲမည်ဖြစ်သည်။

ယင်းနောက် တွံတေးမြစ်ဝရှိ မြစ်သုံးစင်းဆုံရာနေရာသို့ ဆက်လက်ပြေးဆွဲကာ ကြည့်မြင်တိုင် ကမ်းနားလမ်း တောက်လျှောက် ဘုရင့်နောင်တံတားအနီးထိ ပြေးဆွဲ၍ ကျန်းမာရေးဆိပ်ကမ်းသို့ ပြန်လည်မောင်းနှင် ရောက်ရှိမည်ဖြစ်သည်။

အပျော်စီးသင်္ဘောပေါ်တွင် ခရီးသည် ၁၂၀ လိုက်ပါစီးနင်းနိုင်သော်လည်း လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်များနှင့်အညီ ခရီးသည် ၃၀ ကိုသာ တင်ဆောင်၍ အပျော်စီးသင်္ဘော ခရီးစဉ်အား ပြေးဆွဲမည်ဖြစ်ပြီး အပန်းဖြေခရီးစဉ် ဖြစ်သည့်အတွက် သင်္ဘာမှာ ကြီးမားသည့်အပြင် Social Distancing ဖြစ်စေရန် လိုက်ပါစီးနင်းသည့် ခရီးသည်များ လေကောင်းလေသန့် ရရှိစေရန် သင်္ဘော၏ အပေါ်ထပ်တွင် ထိုင်ခုံနေရာများကို တစ်နေရာနှင့် တစ်နေရာ ချဲထားမည် ဖြစ်သည်။

အဆိုပါ ရန်ကုန်မြစ်ကြောင်းတစ်လျှောက် ရှုခင်းကြည့် အပျော်စီးသင်္ဘော ခရီးစဉ်အား လာမည့် ဒီဇင်ဘာ ၂၅ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကာ စနေနှင့် တနင်္ဂနွေနေ့များတွင် အပတ်စဉ်ပြေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီကာလအတွင်းမှာ ခရီးသွားပြည်သူများက တောင်းဆိုတယ်ဆိုရင် ခရီးသည် ရှိသလောက်နဲ့ စိတ်ဝင်စားတဲ့သူ ရှိသလောက်ကို စနေနဲ့ တနင်္ဂနွေနေ့တွေမှာ အပတ်စဉ် ပြေးဆွဲပေးသွားမှာပါ” ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောကြားသည်။

COVID-19 ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် လုံးဝနီးပါး ရပ်ဆိုင်းခဲ့ရသည့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရန် ကနဦး ကြိုးပမ်းမှုအဖြစ် အပျော်စီးလေယာဉ်ခရီးစဉ်၊ မြစ်တွင်းသွားခရီးစဉ်၊ ကုန်းတွင်းယာဉ်တန်း ခရီးသွား လုပ်ငန်းများကို Pilot Project အနေဖြင့် စတင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent