အသက်မပြည့်သေးသည့် လိင်ပိုင်းဆိုင်ရာအမှုတစ်ခုတွင် ကျေအေးပေးမည်ဟုဆိုကာ ငွေကြေးတောင်းခံသည် ဆိုသော မြိတ်မြို့နယ် ရေပုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးအား ပြည်ထောင်စုအဆင့်အထိ တိုင်ကြားထားကြောင်း သတင်းစာရှင်းလင်း

အသက်မပြည့်သေးသည့် လိင်ပိုင်းဆိုင်ရာအမှုတစ်ခုတွင် ကျေအေးပေးမည်ဟုဆိုကာ ငွေကြေးတောင်းခံသည် ဆိုသော မြိတ်မြို့နယ် ရေပုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးအား ပြည်ထောင်စုအဆင့်အထိ တိုင်ကြားထားကြောင်း သတင်းစာရှင်းလင်း
Published 22 December 2020
ဇော်မိုးဦး

အသက်မပြည့်သေးသည့် လိင်ပိုင်းဆိုင်ရာ အမှုတစ်ခုကို ကျေအေးပေးမည် ဟုဆိုကာ ငွေကြေးတောင်းခံသည် ဆိုသော မြိတ်မြို့နယ် ရေပုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးအား ကာယကံရှင်များက ပြည်ထောင်စု အဆင့်အထိ တိုင်ကြားထားကြောင်း သိရသည်။

 မြိတ်မြို့နယ် ရေပုန်းရပ်ကွက် ရာအိမ်မှူးအား ငွေကြေးပေးလိုက်ရသည်ဆိုသော ကာယကံရှင်များက ဒီဇင်ဘာ ၂၁ ရက်တွင် ရေပုန်းရပ်ကွက် ငြိမ်းချမ်းရေး (၃) လမ်းတွင် မီဒီယာများနှင့် တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ဖြစ်စဉ်မှာ ရေပုန်းငြိမ်းချမ်းရေး (၃) လမ်းတွင်နေထိုင်သော အသက် ၁၃ နှစ် အရွယ် မိန်းကလေးငယ်အား တစ်လမ်း တည်းနေ ဒေါ်မဲရင်၏ သားဖြစ်သူမောင်...(၁၆) နှစ်က လိင်ပိုင်းဆိုင်ရာ စော်ကားသည် ဟုဆိုကာ မိန်းကလေးငယ်၏ အဘိုးဖြစ်သူ ရာအိမ်မှူး ဦးသက်ဝေမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ခြေချုပ်ထည့်ထားကြောင်း၊ ထို့နောက် အုပ်ချုပ်ရေးမှူးက မောင် ... အား ဆုံးမပြောဆိုပြီး ပြန်လွှတ်ပေးခဲ့သည်ကို မိန်းကလေးငယ်၏ အဘိုးဖြစ်သူ ရာအိမ်မှူးက ပြန်ရောက်လာပြီး အမှုကျေအေးပေးမည် ဟုဆိုကာ ငွေသုံးသိန်း တောင်းခံခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲ ပြုလုပ်သူများက ပြောကြားခဲ့သည်။

“၁၁ လပိုင်း ၃၀ ရက်နေ့မှာ ပြဿနာ ဖြစ်တယ်။ ဒီဇင်ဘာ ၁ ရက်နေ့မှာ ကျွန်မသားကို လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ ကျွန်မက စျေးကနေလိုက်သွားတယ်။ ကျွန်မသားကို ညပိုင်းမှာ ပြန်လွှတ်လိုက်တယ်။ ကျွန်မက ဘာဖြစ်လို့ လွှတ်လိုက်သလဲလို့မေးတော့ အုပ်ချုပ်ရေးမှူးက ပြန်လွှတ်လိုက်တယ်လို့ပြောတယ်။ လူမှားပြီးဖမ်းသွားလို့ ပြန်လွှတ်လိုက်တယ်။ ဒါကြောင့် မင်းငါးဖမ်းလှေ လိုက်မယ်ဆိုရင် လိုက်သွားတော့ဆိုပြီး ပြန်လွှတ်လိုက်တယ်လို့ ပြောတယ်။ ကျွန်မလည်း စျေးပြန်ရောင်းနေခဲ့တယ်။ စျေးရောင်းပြီး ပြန်လာတော့ ရာအိမ်မှူးဦး သက်ဝေက ပိုက်ဆံလာတောင်းတယ်။ အုပ်ချုပ်ရေးမှူးက လာတောင်းခိုင်းလို့ဆိုပြီး ပြောတယ်။ ကျွန်မက မယုံဘူး။ ပိုက်ဆံလည်း မရှိဘူးလို့ပြောတော့ နင့်သားရဲ့ အမှုက မကြီးဘူး။ ပြေငြိမ်းအောင် လုပ်ပေးမယ်ဆိုပြီး တောင်းတယ်။ ကျွန်မလည်း ရှိစုမဲ့စုလေးတွေ၊ ကျွန်မသားပေးထားတဲ့ငွေနဲ့ ငွေချေးလို့ ရတာတွေပေါင်းပြီး ပေးလိုက်တယ်။ ကျွန်မလက်ထဲမှာငွေ ၂၀၀၀ ပဲကျန်ခဲ့တယ်။ အဲဒီနောက် ဒီဇင်ဘာ ၂ ရက်နေ့မှာ ကျွန်မသားကို ပြန်လာဖမ်းတယ်။ ကျွန်မသားက ရဲတွေလက်ကနေ ထွက်ပြေးသွားတယ်လို့ ပြောတယ်။ ကျွန်မတို့လည်း လိုက်ရှာပေမဲ့ ရှာမတွေ့တော့ဘူး။ ကျွန်မတို့လို ဆင်းရဲသားတွေကို လိမ်လည်တယ်။ ပြေငြိမ်းပေးမယ်ဆိုတော့ မရှိတဲ့ကြားက ရှာကြံပြီး ပေးလိုက်ရ တယ်။ ကျွန်မရင်ထဲမှာ မခံစားနိုင်တော့ဘူး” ဟု မောင်.....  ၏ မိခင်ဖြစ်သူ ဒေါ်မဲရင်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကို ရပ်ကွက်အတွင်း နေထိုင်သူများက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ တင်ပြတိုင်တန်းထားကြောင်း သိရသည်။

ဖြစ်စဉ်တွင် မောင်...က အသက်မပြည့်သေးသူ မိန်းကလေးကို လိင်ပိုင်းဆိုင်ရာ စော်ကားရန် ဆွဲခေါ်သွားခြင်း ဖြစ်ကြောင်း၊ ကိုယ်တိုင်ဖမ်းဆီးပြီး အုပ်ချုပ်ရေးမှူးထံ အပ်နှံထားခဲ့ခြင်းဖြစ်ကြောင်း၊ ငွေကြေးတောင်းခံသည် ဆိုကာ လုပ်ကြံစွပ်စွဲခြင်းသာ ဖြစ်ကြောင်း ရာအိမ်မှူး ဦးသက်ဝေက ပြန်လည်ဖြေရှင်း ပြောကြားသည်။

“ဒီဇင်ဘာ ၁ ရက်မှာ ကျွန်တော် ဂျူတီကျပါတယ်။ အိမ်မှာ အဝတ်အစားလဲပြီး အိမ်အောက်ကိုဆင်းဖို့ လုပ်နေတုန်းမှာ အဘိုးသက်ဝေရဲ့မြေးကို ချုံထဲကို လူတစ်ယောက် ဆွဲခေါ်နေတယ်လို့ လူငယ်တွေက လာပြောတော့ ကျွန်တော်ဆင်းပြေး လိုက်သွားတယ်။ အဲဒီအချိန်မှာ ဒီကောင်လေးက ပြေးသွားတယ်။ ကျွန်တော်လည်း အစက ဘယ်သူမှန်း မသိလိုက်ဘူး။ အနီးမှာရှိတဲ့ လူငယ်လေးယောက်လောက်က သူ့ကိုသိနေတယ်။ အဲဒီသူက .... လို့ ကျွန်တော့်ကို ပြောပြတယ်။ ဒီဖြစ်စဉ်ကို ကျွန်တော်က အုပ်ချုပ်ရေးမှူးကို တင်ပြခဲ့တယ်။ မနက်ဖြန်ကျတော့ အိမ်ကနေ ဒီလူကို သွားခေါ်လာခဲ့တယ်။ ရပ်ကွက်ရုံးမှာ ထိန်းသိမ်းထားလိုက်တယ်။ မူးယစ်တပ်ဖွဲ့ကခေါ်လို့ ကျွန်တော်လည်း ကျွန်းစုဘက်ကို တစ်ညအိပ်ခရီး လိုက်သွားတယ်။ အုပ်ချုပ်ရေးမှူးက အဲဒီကောင်လေးကို ကြိမ်းမောင်းပြောဆိုပြီး ပြန်လွှတ်ပေးလိုက်တယ်။ ကျွန်တော်ပြန်ရောက်လာတော့ ပိုက်ဆံသုံးသိန်း ပေးရတယ်ဆိုပြီး ပြောနေကြတယ်။ ကလေးမလေးက ကျွန်တော့်မြေးပါ။ ကျွန်တော်ဒီပိုက်ဆံကို ယူသင့်သလား မယူသင့်ဘူးလားဆိုတာ ခင်ဗျားတို့ စဉ်းစားကြည့်ပါ။  ဒါကကျွန်တော့်မြေးပါ။ အဲဒါကို ဒီကောင်တွေ ဖွနေကြတာ” ဟု စွပ်စွဲခံထားရသူ ရာအိမ်မှူး ဦးသက်ဝေက ပြောကြားသည်။

သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့် ကိစ္စတွင် နောက်ကွယ်မှ စေခိုင်းသူများ ရှိနိုင်ကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့ကို မဟုတ်မမှန် ဝေဖန်နေသူများဖြစ်ပြီး ဖြစ်စဉ်ကို တိကျစွာ စုံစမ်းနေပြီး စွပ်စွဲသူများကို တရားစွဲသင့်ပါက တရားစွဲမည် ဖြစ်ကြောင်း ရေပုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဌေးလှိုင်က ပြောကြားသည်။ ဖြစ်စဉ်တွင် မိန်းကလေးငယ်၏ မိခင်ဖြစ်သူ အလုပ်လုပ်နေသည့်အိမ်မှ အဆိုပါအမှုအား ရဲစခန်းတွင် တိုင်ကြားအမှုဖွင့် ခိုင်းရာမှာ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆရသူ မောင် ..... မှာ ထွက်ပြေးနေကြောင်း သိရသည်။

 

Most Read

Most Recent