အဂတိနှင့် တရားဥပဒေ စိုးမိုးရေး

အဂတိနှင့် တရားဥပဒေ စိုးမိုးရေး
Published 16 December 2020

တရားဥပဒေစိုးမိုးမှုနှင့် အဂတိသည် နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် များစွာ အရေးကြီးသောကဏ္ဍများ ဖြစ်သည်။ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။ အဂတိကို ကောင်းမွန်စွာ ကိုင်တွယ်တိုက်ဖျက်နိုင်ခြင်းမရှိပါက တရားဥပဒေ စိုးမိုးမှု မရှိနိုင်ပေ။ မြန်မာနိုင်ငံအနေဖြင့် အဂတိတိုက်ဖျက်ရေးသည် အရေးတကြီးလုပ်ရမည့် ကိစ္စတစ်ခု ဖြစ်သည်ကို အားလုံးအသိပင် ဖြစ်သည်။ ပြည်သူများက တရားဥပဒေစိုးမိုးမှုမရှိဟုဆိုရာတွင် အဂတိကို တာဝန်ရှိသူတို့က မည်ရွေ့မည်မျှကိုင်တွယ်နိုင်သည်ဆိုသည့် အချက်သည်လည်း အဖြေတစ်ခုပင် ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးကို အားနည်းစေခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုကို တန့်စေခြင်း၊ နိုင်ငံ၏ဖွံ့ဖြိုးရေးရန်ပုံငွေများကို လမ်းလွှဲသွားစေခြင်းကြောင့် ဆင်းရဲနွမ်းပါးသူများအပေါ် ပိုမိုထိခိုက်စေခြင်းများ ဖြစ်ပေါ်ရခြင်းမှာ အဂတိကြောင့်ပင် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးစွမ်းဆောင်ရည် မအောင်မြင်မှုနှင့် ဆင်းရဲနှုန်းမြင့်မား ခြင်းတို့သည် အဂတိလိုက်စားမှု၏ သက်ရောက်မှုများဖြစ်ပြီး နောက်ဆက်တွဲအဖြစ်အစိုးရနှင့် အစိုးရအဖွဲ့အစည်းများအပေါ် နိုင်ငံသားများ၏ ယုံကြည်မှုလျော့ပါးသည်အထိဖြစ်ရသည်။

တရားဥပဒေစိုးမိုးမှု မရှိသော တိုင်းပြည်တွင် အဂတိထူပြောမည်ဖြစ်သည်။ အထက်မှ အောက်ခြေအဆင့်ဆင့်တွင် အဂတိအမြစ်တွယ်နေသည့်အခါ တိုင်းပြည်နာလန်ထူရန် မလွယ်တော့ပေ။ ဆိုရသော် တရားဥပဒေ စိုးမိုးမှုသည် တိုင်းပြည်ဆင်းရဲချမ်းသာ အပေါ် မူတည်၍   ကွာဟမှု ရှိမည်ဖြစ်သည်။ဆင်းရဲမွဲတေမှုနှင့် ရာဇဝတ်မှု ဆက်နွှယ်နေသည်က အမှန်ပင်ဖြစ်ရာ အဂတိများ၍ ဆင်းရဲသောတိုင်းပြည်တွင် ရာဇဝတ်မှုထူပြောသည်ချည်းသာ ဖြစ်လိမ့်မည်။

 တရားဥပဒေစိုးမိုးရေးအတွက် အုပ်စိုးသူများအ​​​နေဖြင့် ဥပဒေ၏အထက်၌ရှိနေသော သက်ဦးဆံပိုင်စနစ် သို့မဟုတ် လူနည်းစုက နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားသောစနစ် များနှင့် ဆန့်ကျင် ၍ရပ်တည်​ကြရမည်ဖြစ်သည်။ ဥပမာအားဖြင့် ဥပဒေကို လျစ်လျူပြုခြင်း သို့မဟုတ် အလွဲသုံးစားပြုခြင်းကြောင့် အာဏာရှင်စနစ်များ၌သာမက ဒီမိုကရေစီစနစ်များ၌ ပါ တရားဥပဒေစိုးမိုးရေးချို့တဲ့မှုကို  တွေ့မြင်နိုင်သည်။ တရားဥပဒေစိုးမိုးရေး Rule of Law ဖြစ်စေရေးတွင် အစိုးရအဖွဲ့ဝင်များအပါအဝင် လူ့အဖွဲ့အစည်းဝင်အားလုံး လူသိရှင် ကြား ထုတ်ပြန်ထားသော ရှိပြီးသောတည်ဆဲ ဥပဒေပုဒ်မများနှင့် ဥပဒေလုပ်ငန်းစဉ်များကို အညီအမျှခံယူရမည်ဟု သတ်မှတ်ထားသည်။

မည်သည့်နိုင်ငံ၌မဆို တရားဥပဒေစိုးမိုးရေး ယိုယွင်းပျက်စီးလာပါက ပြည်သူလူထု၏ နေ့စဉ်ဘဝများ မလုံခြုံရုံမျှမက အသက်မွေးမှုအလုပ်များကိုလည်း ကောင်းစွာပြုလုပ်နိုင်တော့မည် မဟုတ်​ပေ။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်လျှင် ပြည်သူလူထုမှာ ပို၍အထိနာပေလိမ့်မည်။ အထူးသဖြင့် အခြေခံလူတန်းစားအလွှာတွင် ကြီးစွာသောအကျပ်အတည်းများဖြစ်ပြီး ချမ်းသာခြင်းနှင့် ဆင်းရဲခြင်း လူတန်းစားကွာဟမှုကြီးထွားပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် လမ်းမှန်ပေါ်သို့ရောက်ရန် ခဲယဉ်းလိမ့်မည်။

 ယင်းကြောင့် အဂတိလျော့ပါးရေးနှင့် တရားဥပဒေစိုးမိုးရေးကို အာဏာပိုင်များက မလွဲမသွေ ကြိုးစားလုပ်ဆောင်ရန် လိုရခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း ထင်သာမြင်သာရှိ၍ အောင်မြင်အောင် လုပ်ဆောင်နိုင်ရန်မှလွဲ၍ အခြားမရှိနိုင်ပါကြောင်း The Daily Eleven သတင်းစာ က ရေးသားအပ်ပါသည်။

 

ဒီဇင်ဘာ  ၁၇  ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်