NLD ပါတီ၏ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး တိုင်းရင်းသားပါတီများထံ ပေးပို့စာနှင့်ပတ်သက်၍ အကြောင်းပြန်သည့် ပါတီ ၁၄ ခုရှိလာ

NLD ပါတီ၏ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး တိုင်းရင်းသားပါတီများထံ ပေးပို့စာနှင့်ပတ်သက်၍ အကြောင်းပြန်သည့် ပါတီ ၁၄ ခုရှိလာ
Published 15 December 2020
ဉာဏ်လင်းထွန်း

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် ပူးပေါင်းပါဝင်ရန် တိုင်းရင်းသားပါတီများထံ ပေးပို့ထားသော အိတ်ဖွင့်ပေးစာနှင့်ပတ်သက်၍ အကြောင်းပြန်ကြားသည့် ပါတီ ၁၄  ခုရှိလာသည်ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“ကျွန်တော့်ဆီ ရှိတာတော့ ၁၄ ပါတီ ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စဆိုသည့် ခေါင်းစဉ်ဖြင့် NLD ပါတီက တိုင်းရင်းသားပါတီ ၄၈ ပါတီကို အိတ်ပေးစာတစ်စောင် နိုဝင်ဘာ ၁၁ ရက် နေ့စွဲဖြင့် ပေးပို့ခဲ့သည်။

အနာဂတ်တွင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးနှင့် တိုင်းရင်းသားလူမျိုးစုများ၏ဆန္ဒကို အလေးထားဆောင်ရွက်မည်ဆိုသော ဖော်ပြချက်နှင့်အတူ  ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေး တက်ကြွစွာပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်သည့် စာတွင်ပါရှိသည်။

ထိုသို့ စာပေးပို့မှုအပေါ် တိုင်းရင်းသားပါတီအချို့က ၎င်းတို့၏ သဘောထားများ အကြောင်းပြန်ကြားမှုများ ရှိလာခဲ့ပြီးနောက် တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးမည့် အဖွဲ့တစ်ခုကို NLD ပါတီက ဒီဇင်ဘာ ၁၂ ရက်တွင် ဖွဲ့စည်းခဲ့သည်။

ထိုအဖွဲ့တွင် ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆမ်တို့ပါဝင်ပြီး အဆိုပါအဖွဲ့သည် အနာဂတ်ပြည်ထောင်စုသစ် ပုံသဏ္ဌာန်ကို တိုင်းရင်းသားပါတီများနှင့် သဘောတူညီမှုရယူရန်ဖြစ်ကြောင်း သိရသည်။

ယင်းအဖွဲ့သည် တိုင်းရင်းသားပါတီ ၄၀ ကျော်ထံ ပေးပို့ထားသည့် အိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍  ချိတ်ဆက်ဖွဲ့စည်းခဲ့သည့် အဖွဲ့တစ်ခုဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုများကို ဇန်နဝါရီလအတွင်း  ပြုလုပ်သွားဖွယ်ရှိကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

NLD ပါတီ ပေးပို့စာအပေါ် တရားဝင် အကြောင်းပြန်ကြားသည့် ပါတီများနှင့် ပေးစာအပေါ် ကြိုဆိုကြောင်း မီဒီယာများတွင် ထုတ်ဖော်ပြောကြားသည့် တိုင်းရင်းသားပါတီများကို ဦးစွာတွေ့ဆုံဆွေးနွေးရန် အစီအစဉ်ရှိကြောင်း ၎င်းက ဆိုသည်။

“ လုံးဝ အကြောင်းမပြန်တဲ့ အဖွဲ့တွေကျတော့ သူတို့တွေ့ဆုံလိုတဲ့ဆန္ဒပေါ့လေ။ တူညီတဲ့ သဘောထားမရှိဘူးဆိုရင် ဆွေးနွေးဖို့ ခက်ပါတယ်။ ဒီဟာတွေကိုတော့ နောင်ပေါ်ပေါက်လာတဲ့အချက်အပေါ် မူတည်ပြီးတော့ ဆွေးနွေးမယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

NLD ပါတီ၏ အိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍ ကချင်ပြည်နယ် ပြည်သူ့ပါတီက ပထမဆုံး တရားဝင် အကြောင်းပြန်ကြားခဲ့ပြီး တအာင်း (ပလောင်) အမျိုးသားပါတီက လက်ရှိအနီးစပ်ဆုံးအဖြစ် ဒီဇင်ဘာ ၁၃ ရက်တွင် အကြောင်းပြန်ထားသည်။

တိုင်းရင်းသားပါတီအချို့၏ အကြောင်းပြန်စာတွင် ပေးပို့စာအပေါ် ကြိုဆိုကြောင်းနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ဖော်ပြပြီး ပါတီအချို့က စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးကို NLD ပါတီအနေဖြင့် လက်တွေ့အကောင်အထည်ဖော်ရန် ထည့်သွင်းတိုက်တွန်းသည်။

တိုင်းရင်းသားပါတီကြီးများအနက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် မွန်ညီညွတ်ရေးပါတီတို့က ပေးစာနှင့်ပတ်သက်၍ ကြိုဆိုသည်ဟုသာ ပြောကြားပြီး တရားဝင်အကြောင်းပြန်ကြားမှုမပြုပေ။

“ တိုင်းရင်းသားတွေနဲ့ ရည်ရွယ်ချက်ချင်းတူတယ်။ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ကြိုးပမ်းမယ်ဆိုတာ NLD က အခုမှပြောတာမဟုတ်ဘူး။ ၁၉၉၀ ကတည်းက ပြောလာတဲ့စကားဖြစ်တယ်။ အဲဒီတော့ အခုပြန်ပြောတယ်ဆိုတာလည်း နဂိုရှိရင်းစွဲအတိုင်းပဲ ဆက်သွားမယ်ဆိုတာကို အားလုံးကိုအသိပေးလိုက်တဲ့ သဘောလို့ ယူဆတယ်” ဟု SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။