JICA ချေးငွေဖြင့် ဆောင်ရွက်‌သည့် လဂွန်းပြင် ရေပေးဝေရေးစီမံကိန်း ၇၈ ရာခိုင်နှုန်းပြီးနေပြီး ယင်းချေးငွေကို သီလဝါစက်မှုဇုန်သို့ ရေရောင်းချရငွေနှင့် ပြည်သူများ၏ ရေဖိုးရေခဖြင့် ပေးဆပ်ရမည်ဖြစ်၍ ရေဖိုး အပြည့်ပေးသွင်းကြရန် ရန်ကုန်စည်ပင် ကြေညာ

JICA ချေးငွေဖြင့် ဆောင်ရွက်‌သည့် လဂွန်းပြင် ရေပေးဝေရေးစီမံကိန်း ၇၈ ရာခိုင်နှုန်းပြီးနေပြီး ယင်းချေးငွေကို သီလဝါစက်မှုဇုန်သို့ ရေရောင်းချရငွေနှင့် ပြည်သူများ၏ ရေဖိုးရေခဖြင့် ပေးဆပ်ရမည်ဖြစ်၍ ရေဖိုး အပြည့်ပေးသွင်းကြရန် ရန်ကုန်စည်ပင် ကြေညာ
ဒဂုံမြို့သစ် လေးမြို့နယ် အပါအဝင် သာကေတနှင့် ဒေါပုံမြို့များသို့ ရေပေးဝေမည့် လဂွန်းပြင်ရေပေးဝေရေးစီမံကိန်း၏ ရေပေးဝေရေးဇုန်တခုအား တွေ့ရစဉ်
ဒဂုံမြို့သစ် လေးမြို့နယ် အပါအဝင် သာကေတနှင့် ဒေါပုံမြို့များသို့ ရေပေးဝေမည့် လဂွန်းပြင်ရေပေးဝေရေးစီမံကိန်း၏ ရေပေးဝေရေးဇုန်တခုအား တွေ့ရစဉ်
Published 13 December 2020
ပြည့်ဖြိုးအောင်

JICA ချေးငွေဖြင့် ဆောင်ရွက်‌သည့် လဂွန်းပြင် ရေပေးဝေရေးစီမံကိန်း ၇၈ ရာခိုင်နှုန်းပြီးစီးနေပြီး ယင်းချေးငွေ ပြန်ဆပ်ရန် သီလဝါစက်မှုဇုန်သို့ နေ့စဉ် ရေရောင်းချရငွေနှင့် ပြည်သူများ၏ ရေဖိုးရေခဖြင့် ပေးဆပ်ရမည်ဖြစ်၍ ရေဖိုးရေခများ အပြည့်အဝ ပေးသွင်းကြရန် ရန်ကုန်မြို့‌တော် စည်ပင်သာယာရေး၊‌ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့က ဒီဇင်ဘာ ၁၂ရက်တွင် နှိုးဆော်ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက်တွင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၈ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း ပြီးစီးပြီး ရေဖြန့်ဝေပေးနိုင်သည့် နေရာများကို စမ်းသပ်ပေးဝေရင်းဖြင့် ၂၀၂၂ ခုနှစ် မတ်လတွင် စီမံကိန်းအားလုံး ပြီးစီးမည် ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းကြီး ပြီးစီးရန် JICA ODA LOAN ဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် ချေးငွေများ ပြန်ဆပ်ရမည် ဖြစ်‌‌ကြောင်း ချေးငွေပြန်ဆပ်ရမည့် အစီအစဉ်မှာ သီလဝါ အထူးစီးပွားရေးဇုန်သို့ နေ့စဉ်ရေဂါလန် ၁၀ သန်း ရောင်းချရငွေများနှင့် ရေသုံးစွဲသူ ပြည်သူများမှ ပြန်လည်ရရှိမည့် ရေဖိုးရေခများဖြင့် ပြန်လည်ပေးဆပ်ရမှာ ဖြစ်ကြောင်း ၊ထို့ကြောင့် ရေသုံးစွဲသူ ပြည်သူများမှ ရေဖိုးရေခများ အပြည့်အဝ ပြန်လည်ပေးသွင်းဖို့ မေတ္တာရပ်ခံ နှိုးဆော်ကြောင်း ကြောညာချက်တွင် ပါရှိသည်။

လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းမှ နေ့စဉ်ရေဂါလန် သန်း ၄၀ ပေးဝေနိုင်မည် ဖြစ်ပြီး၊ ရေပေးဝေရေးဇုန်-၇ ဖြစ်သည့် ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းသို့ နေ့စဉ် ရေဂါလန် ၁၃ သန်း၊ ရေပေးဝေရေးဇုန်-၈ ဖြစ်သည့် ဒဂုံမြို့သစ် တောင်ပိုင်းနှင့် ဆိပ်ကမ်းသို့ နေ့စဉ် ရေဂါလန် ၁၄ သန်း၊ ရေပေးဝေရေးဇုန်-၂ မှာ ပါဝင်သည့် သာကေတနှင့် ဒေါပုံသို့ နေ့စဉ် ရေဂါလန် ၃ သန်း၊ သီလဝါအထူးစီးပွားရေးဇုန်သို့ နေ့စဉ် ရေဂါလန် ၁၀ သန်း အသီးသီး ပေးဝေသွားမည်ဖြစ်‌ကြောင်း သိရသည်။

ဇုန်အလိုက် ရေပေးဝေရေးစနစ်မှာ ရေဖြန့်ဖြူးပေးဝေရေး ရေလှောင်ကန် (Service Reservoir) နှင့် ရေတွန်းစက်ရုံ (Pumping Station) များ တည်ဆောက်သွားမည်ဖြစ်ပြီး အဆိုပါ ရေလှောင်ကန်များမှ ဇုန်အလိုက် ရေဖြန့်ဖြူးပေးဝေသွားမည် ဖြစ်ကြောင်း၊ ယင်းသို့ ရေဖြန့်ဝေရာတွင် ဇုန်အတွင်းမှာရှိတဲ့ ရေဖြန့်ဖြူးပေးဝေရေး ပိုက်လိုင်းကွန်ရက်များ (DMA, District Meter Area) ကို ရေဖိအား ညီညီမျှမျှ ပေးဝေသွားနိုင်ရန်အတွက် SCADA (Supervisory Control and Data Acquisition) System ကို အသုံးပြုသွားမှာ ဖြစ်ကြောင်း သိရသည်။

ရေပေးဝေရေးဇုန်-၇ ၏ Service Reservoir နှင့် Pumping Station များကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ဒဂုံတက္ကသိုလ်၏ အရှေ့ဘက် ၁၃၁ ရပ်ကွက်မှာ တည်ဆောက်ထားပြီး တစ်နာရီကို ရေဂါလန် ၇ သိန်း ဖြန့်ဝေပေးနိုင်မည် ဖြစ်‌‌ကြောင်း ၊ရေပေးဝေရေးဇုန်-၈ ၏ Service Reservoir နှင့် Pumping Station များကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ၆၉ ရပ်ကွက်တွင် တည်ဆောက်ထားပြီး တစ်နာရီကို ရေဂါလန် ၁၁ သိန်းနှင့် သီလဝါ အထူးစီးပွားရေးဇုန်အတွက် တစ်နာရီကို ရေဂါလန် ၃ ဒသမ ၈ သိန်း ဖြန့်ဝေပေးနိုင်မည် ဖြစ်ကာ ဇုန်-၈ Service Reservoir မှ သီလဝါအထူးစီးပွားရေးဇုန်ထိ ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ရေပေးဝေရေးဇုန်-၇ နှင့် ဇုန်-၈ တို့ရဲ့ Service Reservoir နှင့် Pumping Station များကို တည်ဆောက် တပ်ဆင်ပြီးဖြစ်ပြီး မကြာမီမှာ YESC မှ လျှပ်စစ်မီး ရရှိမည်ဖြစ်၍ ရေတွန်းစက်များ စမ်းသပ်လည်ပတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ဒဂုံမြို့သစ် လေးမြို့နယ် အပါအဝင် သာကေတနှင့် ဒေါပုံမြို့များသို့ ရေပေးဝေမည့် လဂွန်းပြင် ရေပေးဝေရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် JICA Apraisal Mission မှ စီမံကိန်းအတွက် ချေးငွေရရှိနိုင်ရေး YCDC  နှင့် အသေးစိတ် ညှိနှိုင်းဆွေးနွေးခြင်း၊ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများကို ၂၀၁၃ ခုနှစ် နှစ်ဦးပိုင်းမှစ၍ ဆောင်ရွက်ခဲ့ရာ တစ်နှစ်ခန့် ကြာမြင့်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၅ ရက်တွင် မြန်မာနှင့် ဂျပန် နှစ်နိုင်ငံအစိုးရများအကြား Exchange of Note နှင့် Loan Agreement များကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ချေးငွေပမာဏကတော့ ဂျပန်ယန်း ၂၃ ဒသမ ၆၈၃ ဘီလျံ ဖြစ်ပြီး၊ အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းနှင့် ချေးငွေ ပြန်ဆပ်ရမည့်ကာလ နှစ်ပေါင်း လေးဆယ် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Consultant ရွေးချယ်ခြင်းကို JICA (Japan International Cooperation Agency) Guideline နှင့်အညီ ရွေးချယ်ခဲ့ရာ Joint Venture with Nihon Suido Consultants Co., Ltd. and Grontmij A/S အတိုင်ပင်ခံကုမ္ပဏီနှင့် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး Consultant မှ မြေပြင်ကွင်းဆင်း တိုင်းတာခြင်း၊ အသေးစိတ်ဒီဇိုင်းများ တွက်ချက်ရေးဆွဲခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ တင်ဒါ ခေါ်ယူ၍ လုပ်ငန်းဆောင်ရွက်မည့် ကန်ထရိုက်တာများကို JICA Guideline နှင့်အညီ အဆင့်ဆင့်စိစစ် ရွေးချယ် စာချုပ်ချုပ်ဆိုခြင်းများကို နှစ်နှစ်ကြာ ဆောင်ရွက်ခဲ့ကြောင်း၊ ကန်ထရိုက်လုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ စတင်ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် မတ်လမှာ စီမံကိန်း ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

Most Read

Most Recent