ရခိုင်ပြည်နယ်ရှိ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် မြို့နယ်များတွင် ရွေးကောက်ပွဲအမြန်ဆုံးကျင်းပနိုင်ရန် လိုလားသော်လည်း ဥပဒေနှင့်ဆန့်ကျင်ပြီး နားလည်မှုနှင့်လုပ်ခြင်းမျိုးမဖြစ်သင့်ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ပြောကြား

ရခိုင်ပြည်နယ်ရှိ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် မြို့နယ်များတွင် ရွေးကောက်ပွဲအမြန်ဆုံးကျင်းပနိုင်ရန် လိုလားသော်လည်း ဥပဒေနှင့်ဆန့်ကျင်ပြီး နားလည်မှုနှင့်လုပ်ခြင်းမျိုးမဖြစ်သင့်ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ပြောကြား
Published 12 December 2020
အောင်မင်းသိန်း

ရခိုင်ပြည်နယ်ရှိ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် မြို့နယ်များတွင် ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရန် လိုလားသော်လည်း နားလည်မှုနှင့်လုပ်ခြင်းမျိုးမဖြစ်သင့်ဟု NLD ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ဒီဇင်ဘာ ၁၂ ရက်က နေပြည်တော်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပါတီဗဟိုရုံးချုပ် (ယာယီ) တွင် ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခဲ့သော မဲဆန္ဒနယ်မြေများတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပရန်အတွက် ပါတီ၏သဘောထားကို မီဒီယာများက မေးမြန်းရာတွင် ဒေါက်တာမျိုးညွန့်က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ နေရာတွေကို အမြန်ဆုံးပြန်လည်ကျင်းပနိုင်ဖို့ ကျွန်တော်တို့ လိုလားပါတယ်။ သို့သော် ကျွန်တော်တို့ ရွေးကောက်ပွဲဥပဒေ ရှိပါတယ်။ တည်ဆဲဥပဒေတွေကို ဆန့်ကျင်ပြီးတော့ နားလည်မှုနဲ့လုပ်တာမျိုး မဖြစ်သင့်ပါဘူး။ရွေးကောက်ပွဲတစ်ခုရဲ့အသက်ဟာ လွတ်လပ်ပြီး သန့်ရှင်းမျှတမှုက အသက်ပါ။ ရွေးကောက်ပွဲလုပ်ရုံမျှနဲ့ ဒါဟာ ဒီမိုကရေစီနည်းကျတယ်လို့ ပြောလို့မရပါဘူး။ အဲ့တော့ လွတ်လပ်ပြီးသန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဖြစ်နိုင်တဲ့ အခြေအနေရှိလာပြီ၊ ဥပဒေနဲ့လည်း ညီညွတ်ပြီဆိုရင် အမြန်ဆုံးလုပ်တာ ကျွန်တော်တို့ လိုလားပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ နယ်မြေအချို့၌ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများ ကျင်းပခြင်းပြုမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကြေညာချက်တွင် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တော်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် မြောက်ဦးမြို့နယ်တစ်ခုလုံးကိုလည်းကောင်း၊ ကျောက်ဖြူမြို့နယ်မှ ရပ်ကွက် (၂) ရပ်ကွက်၊ ကျေးရွာ အုပ်စု (၅၂) အုပ်စု၊ အမ်းမြို့နယ်မှ ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၉) အုပ်စု၊ စစ်တွေမြို့နယ်မှ ကျေးရွာအုပ်စု (၄) အုပ်စုနှင့် တောင်ကုတ်မြို့နယ်မှ ရပ်ကွက် (၁၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂) အုပ်စုတွင် ရွေးကောက်ပွဲကျင်းပခြင်း ပြုလုပ်မည်မဟုတ်ကြောင်း အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့်နယ်မြေများ၌ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ပေးရန် အစိုးရနှင့် တပ်မတော်ကို မေတ္တာရပ်ခံကြောင်း AA အဖွဲ့က နိုဝင်ဘာ ၁၂ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ AA အဖွဲ့၏ ထုတ်ပြန်ချက်အပေါ် ကြိုဆိုကြောင်းနှင့် ကျန်ရှိသည့်နေရာများတွင် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်နိုင်ရေး အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်က နိုဝင်ဘာ ၁၂ ရက်၌ပင် သတင်းထုတ်ပြန်ခဲ့သည်။

အလားတူရွေးကောက်ပွဲကျင်းပရန် ကျန်ရှိသည့် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ မြို့နယ်များတွင် ရွေးကောက်ပွဲအမြန်ဆုံးကျင်းပရန် UEC အား ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) က နိုဝင်ဘာ ၁၃ ရက်တွင် တိုက်တွန်းကြောင်း စာပေးပို့ခဲ့သည်။

အထွေထွေရွေးကောက်ပွဲအပြီး တစ်နှစ်အတွင်း ဥပဒေအရ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်၍မရဘဲ ရွေးကောက်ပွဲမကျင်းပခဲ့သည့်နေရာများ၌ ပြန်ကျင်းပပေးရန် ယခုတောင်းဆိုမှုသည် အသစ်ဖြစ်နေခြင်းဖြစ်သည်။ ထိုသို့ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် မြို့နယ်များတွင် ရွေးကောက်ပွဲကို ကြားဖြတ်ရွေးကောက်ပွဲပုံစံမဟုတ်ဘဲ အထွေထွေရွေးကောက်ပွဲ၏နောက်ဆက်တွဲအဖြစ် ကျင်းပနိုင်ကြောင်းလည်း နိုင်ငံရေးပါတီအချို့က ထောက်ပြမှုများရှိသည်။

Most Read

Most Recent