နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အစိုးရသစ်လက်ထက်၌ အသင်းအဖွဲ့မှတ်ပုံတင် ထပ်မံလျှောက်ထားမည်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အစိုးရသစ်လက်ထက်၌ အသင်းအဖွဲ့မှတ်ပုံတင် ထပ်မံလျှောက်ထားမည်
Published 12 December 2020
ဉာဏ်လင်းထွန်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို လက်ရှိအစိုးရလက်ထက်တွင် အသင်းအဖွဲ့မှတ်ပုံတင်လျှောက်ထားမှုပယ်ချခံရ၍ လာမည့်အစိုးရသစ်လက်ထက်တွင် ထပ်မံလျှောက်ထားသွားမည်ဟု ယင်းအဖွဲ့၏ ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်က ပြောကြားသည်။

“ လက်ရှိအစိုးရသက်တမ်းမှာ ကျွန်တော်တို့ တင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းကိစ္စ အငြင်းခံခဲ့ရတယ်ပေါ့နော်။ ဒါပေမဲ့လည်း အခုအစိုးရသစ်သက်တမ်းမှာ ထပ်ပြီးတော့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းကိစ္စကို ဆက်ပြီး ကြိုးစားသွားမှာပါ” ဟု ဦးအောင်မျိုးကျော်က  ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို ၂၀၀၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် အခြေပြုတည်ထောင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားအရေး၊ လူ့အခွင့်အရေးနှင့် နိုင်ငံသားအရေးတို့ကို အဓိကလုပ်ဆောင်လျက်ရှိသည့် အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

AAPP က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်တာအချို့မှာ တည်ဆဲဥပဒေ နှင့် ကိုက်ညီမှုမရှိခြင်း အပါအဝင် အဖွဲ့၏ လုပ်ငန်းဆောင်တာများက အစိုးရဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ အသင်းအဖွဲ့ မှတ်ပုံတင်ခွင့်မပြုနိုင်ကြောင်း ငြင်းဆန်ခံရခြင်းဖြစ်သည်ဟု ဦးအောင်မျိုးကျော်က ပြောကြားသည်။

အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဖြင့် အစိုးရ၊ လွှတ်တော်နှင့် အခြားအရပ်ဘက်အဖွဲ့အစည်းများနှင့် သံတမန်ဆက်ဆံရေးတို့တွင် ပိုမိုအားကောင်းလာမည်ဟု AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောကြားသည်။

“ ကျွန်တော်တို့က ကျွန်တော်တို့ ရည်မှန်းထားတဲ့ မြန်မာနိုင်ငံထဲမှာရှိနေတဲ့ တစ်ဦးချင်း၊ တစ်ဦးချင်းက နိုင်ငံသားနဲ့ နိုင်ငံရေး အပြည့်အဝရရှိရင်းနဲ့ နိုင်ငံရေးအကျဉ်းသား မရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ပုံဖော်ဖို့ပေါ့နော်။ အဲဒါကို ရည်ရွယ်ပြီး တည်ထောင်ထားတာဖြစ်တဲ့အတွက် အဲဒီရည်ရွယ်ချက်ဆီ ရောက်အောင်တော့ ဆက်ပြီးဆောင်ရွက်သွားမှာပါ” ဟု ဦးဘိုကြည်က ပြောကြားသည်။

၂၀၁၄ ခုနှစ် ဇူလိုင်တွင် စတင်ပြဋ္ဌာန်းသည့်အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ မှတ်ပုံတင်ရေးအဖွဲ့ကို မြို့နယ်အဆင့်မှ ပြည်ထောင်စုအဆင့်အထိ အဆင့်ဆင့်ဖွဲ့စည်းထားပြီး ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌမှာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သည်။

နိုင်ငံတစ်ဝန်း လှုပ်ရှားဆောင်ရွက်လိုသည့် အသင်းအဖွဲ့အနေဖြင့် ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့တွင် မှတ်ပုံတင်ရန် လိုအပ်ပြီး မှတ်ပုံတင်ကြေးကျပ်တစ်သိန်း ပေးသွင်းရမည်ဟု ဥပဒေတွင် ဖော်ပြပါရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း၊ နေပြည်တော်ကောင်စီအတွင်း လှုပ်ရှားဆောင်ရွက်မည့် အသင်းအဖွဲ့များအနေဖြင့် အဆိုပါ မှတ်ပုံတင်ရေးအဖွဲ့များထံ မှတ်ပုံတင်ကြေး ကျပ်သုံးသောင်းဖြင့် မှတ်ပုံတင် လျှောက်ထားရမည်ဖြစ်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ခရိုင်နှင့် မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့များထံ မှတ်ပုံတင် လျှောက်ထားမည့် အသင်းအဖွဲ့များအနေဖြင့် မှတ်ပုံတင်ကြေးပေးသွင်းရန်မလိုပေ။