COVID-19 ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က ပြည်တွင်းဘောလုံးကလပ်အသင်းများနှင့် ဖူဆယ်ကလပ်အသင်းများအတွက် ထောက်ပံ့ငွေကို ဇန်နဝါရီလအတွင်း ပေးအပ်ဖွယ်ရှိကြောင်း မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောကြားသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ အင်ဖန်တီနိုသည် ဇူလိုင် ၂၈ ရက်က အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ များ၊ အဖွဲ့ဝင်နိုင်ငံများမှ ဥက္ကဋ္ဌများနှင့် ပြုလုပ် ခဲ့သည့်အစည်းအဝေးတွင် ထောက်ပံ့ကြေးနှင့် ချေးငွေပေးအပ်မည့်အစီအစဉ်ကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
FIFA အနေဖြင့် COVID-19 ကာလအတွင်း အဖွဲ့ဝင်နိုင်ငံအားလုံးကို ထောက်ပံ့ကြေးပေးအပ်ရန် အတည်ပြုထားသည်။

''FIFA ကနေ ကလပ်အသင်းတွေဆီကိုပေးအပ်မယ့် ထောက်ပံ့ကြေးဟာ ကျွန်တော်တို့ ဘောလုံးအဖွဲ့ချုပ်တွေဆီကနေ သွားမှာမဟုတ်ဘဲ FIFA ကနေ ကလပ်အသင်း တွေရဲ့ဘဏ်စာရင်းတွေဆီကို တိုက်ရိုက်ပေးအပ်သွားမှာဖြစ်ပါတယ်။ ကလပ်အသင်းတွေအနေနဲ့ FIFA က သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေအတိုင်း ပြည့်မီအောင် ဆောင် ရွက်ပြီးတာနဲ့ အချက်အလက်တွေ၊ ဘဏ်စာရင်းတွေကို ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ဒီဘက်က စိစစ်ပို့ဆောင်ပေးလိုက်တဲ့ ဘဏ်စာရင်းတွေအတိုင်း FIFA ကနေ သတ်မှတ် ထားတဲ့ ငွေကြေးပမာဏအတိုင်း ပေးအပ်သွားမယ်လို့ သိရပါတယ်။ လိဂ်ကော်မတီအနေနဲ့ကတော့ လက်ရှိမှာ လိုအပ်တဲ့အချက်အလက်တွေကို စီစဉ်ပေးနေပြီး ရက်ပိုင်းအတွင်း FIFA ဆီကို ပို့ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ခန့်မှန်းခြေ လာမယ့်ဇန်နဝါရီလထဲမှာ FIFA ကပေးအပ်မယ့် ထောက်ပံ့ငွေတွေဟာ ကလပ်အသင်းတွေရဲ့ ဘဏ်စာရင်းထဲကို ရောက်မယ်လို့ မျှော်မှန်းထားပါတယ်။ လက်ရှိ ကျွန်တော်တို့ ခန့်မှန်းတွက်ချက်ထားတာကတော့ လိဂ်-၁ အသင်းတွေအနေနဲ့ ဒေါ်လာ ၂၀၀၀၀ ကျော်လောက် ရနိုင်မှာဖြစ်သလို လိဂ်-၂ က အသင်းတွေအနေနဲ့ ဒေါ်လာ ၈၀၀၀ ကျော်လောက် ရနိုင်ပါလိမ့်မယ်။ ဖူဆယ်ကလပ်တွေကတော့ ထောင်ဂဏန်းလောက်ရဖို့ ရှိပါတယ်''ဟု ဦးစိုးမိုးကျော်က ပြောကြားသည်။

FIFA က ယခုပေးအပ်မည့် ထောက်ပံ့ကြေးသည် COVID-19ကာလအတွင်း ပြည်တွင်းကလပ်အသင်းများအား သီးသန့် ပေးအပ်သည့် ပံ့ပိုးငွေဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနေရှင်နယ်လိဂ်ကလည်း ပြည်တွင်းကလပ်အသင်းများအား နှစ်စဉ်ထောက်ပံ့ပေးနေသည့် Subsidy အစီအစဉ်အရ ယခုရာသီအတွက် ပေးအပ်သွားရန်ရှိနေကြောင်း သိရသည်။
MNL အနေဖြင့် ယင်းအစီအစဉ်ကို မကြာမီ အကောင်အထည်ဖော်သွားဖွယ် ရှိနေသည်။















