တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များနှင့် Online မှတစ်ဆင့် တွေ့ဆုံ၍ ရရှိထားသော အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုများကို ဆက်လက်ထိန်းသိမ်းကြရန် ဆွေးနွေးခဲ့ကြောင်း AA အဖွဲ့ထုတ်ပြန်

တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များနှင့် Online မှတစ်ဆင့် တွေ့ဆုံ၍ ရရှိထားသော အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုများကို ဆက်လက်ထိန်းသိမ်းကြရန် ဆွေးနွေးခဲ့ကြောင်း AA အဖွဲ့ထုတ်ပြန်
Published 3 December 2020
မင်းနိုင်စိုး

တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့AA ခေါင်း ဆောင်တို့ နိုဝင်ဘာ ၂၅ ရက်တွင် Online မှတစ်ဆင့် ဆွေးနွေးခဲ့ကြကြောင်း AA အဖွဲ့က ဒီဇင်ဘာ ၂ ရက်တွင် သတင်းထုတ် ပြန်သည်။

အဆိုပါဆွေးနွေးမှုသည် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များနှင့် AA ခေါင်းဆောင်တို့အကြား ဆွေးနွေးမှုတွင် ရွေးကောက်ပွဲကျင်းပခွင့် မရခဲ့သည့် မြို့နယ်များအားလုံး၌ ပြည်သူများ၏ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် လွတ်လပ်မျှတသော ရွေးကောက်ပွဲ၏ စံချိန်စံညွှန်းနှင့် ပြည့်စုံရန်အတွက် ဆက်စပ်ရွေးကောက်ပွဲများကို အချိန်မီ ပြန်လည်ကျင်းပနိုင်ရန် ဆွေးနွေးခဲ့ကြောင်း AA အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် အခြေခံစားသောက်ကုန်၊ ရိက္ခာ၊ ဆေးဝါးများပြတ်လပ်နေပြီး သယ်ယူပို့ဆောင်ရန် အခက်အခဲဖြစ်နေသော ကျေးရွာများအားလုံးသို့ ဆေးဝါး၊ ရိက္ခာများ အမြန်ဆုံးရောက်ရှိနိုင်ရေးနှင့် အန္တရာယ်ကင်းစွာသယ်ယူပို့ ဆောင်နိုင်ရေးကိုနှစ်ဖက်စလုံးက အလေးထားဆောင်ရွက်ကြရန် နှစ်ဖက်ခေါင်းဆောင်များအကြား ဆွေးနွေးခဲ့ကြောင်း AA အဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့ပြင် တိုက်ပွဲကာလများအတွင်း ပိတ်ဆို့နေသောကုန်းလမ်း၊ ရေလမ်းများတွင် ဒေသခံပြည်သူလူထုများ စိုးရိမ်ကြောင့်ကြကင်းစွာဖြင့် ခရီးသွားလာနိုင်ရေး၊ အခြေခံစားသောက်ကုန်ပစ္စည်းများကို အန္တရာယ်ကင်းစွာ သယ်ယူပို့ဆောင်နိုင်ရေးနှင့် တိုက်ပွဲဖြစ်ပွားရာဒေသအားလုံးမှ ပြည်သူလူထုများ၏ ဘဝလုံခြုံမှု၊ ငြိမ်းချမ်းမှုအတွက် နည်းလမ်းများရှာဖွေပြီး ဆောင်ရွက်သွားရေးတို့ကို အလေးထားစဉ်းစားပေးရန် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်အား AA ခေါင်းဆောင်များက အကြံပြုခဲ့ကြောင်းလည်း အဆိုပါသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့အတူ တစ်ပြိုင်နက်တည်းတွင် နှစ်ဖက်လူချင်းတွေ့နိုင်မည့် အခြေအနေတစ်ရပ်ကို ဆက်လက်ဆွေးနွေး ညှိနှိုင်းနေကြဆဲဖြစ်ပြီး အထက်ဖော်ပြပါ အချက်အလက်များမှာ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တပ်မတော်နှင့် AA တို့အကြား ဆွေးနွေးလုပ်ဆောင်နေသော အချက်များဖြစ်ကြောင်း AA အဖွဲ့က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၈ ရက်က ရွေးကောက်ပွဲ ကျင်းပပြီးသည့်နောက်တွင် တပ်မတော်ဘက်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အပြုသဘောဆောင်သည့် ထုတ်ပြန်ကြေညာချက်တစ်ရပ်ကို နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်တွင် AA အဖွဲ့၏ နိုဝင်ဘာ ၁၂ ရက် ထုတ်ပြန်ချက်ကိုလည်း အပြုသဘောဖြင့် ကြိုဆိုကြောင်း ထည့်သွင်းဖော်ပြခဲ့သည်ဟု AA အဖွဲ့၏ ယခု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့ ထုတ်ပြန်ချက်များအပြီးတွင် တပ်မတော်မှ ရခိုင်နှင့် ပလက်ဝဒေသများအတွင်း စစ်ရေးလှုပ်ရှားမှု၊ ရိက္ခာ၊ လက်နက်ခဲယမ်း သယ်ယူပို့ဆောင်နေမှုများရှိသော်လည်း မြေပြင်၌ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခြင်းလုံးဝမရှိတော့ဘဲ တိုက်ပွဲများသည်လည်း သိသာစွာလျော့ကျခဲ့ပြီး နှစ်ဖက်တိုက်ပွဲ မဖြစ်ပွားခဲ့သည်မှာ ရက်ပေါင်း ၂၀ ကျော်ခဲ့ ပြီဖြစ်ကြောင်း AA အဖွဲ့၏ သတင်းထုတ်ပြန် ချက်တွင်ပါရှိသည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် နည်းလမ်းများရှာဖွေကာ ဆောင်ရွက်နေကြောင်း ထပ်မံကြားသိရသောကြောင့် ရခိုင်နှင့် ပလက်ဝဒေသအတွင်း၌ နှစ်နှစ်ကျော်နီးပါး ဆက်တိုက်ဖြစ်ပွားနေခဲ့သော စစ်မက်များ ရပ်တန့်ကာ ငြိမ်းချမ်းရေးလမ်းစများပွင့်လာမည်လားဟု နိုင်ငံတကာနှင့် မြန်မာတစ်နိုင်ငံလုံးက မျှော်လင့်နေကြသော်လည်း ကုန်းလမ်း၊ ရေလမ်းများမှ လက်နက်ခဲယမ်း ရိက္ခာများကို ယခုရက်များတွင် ဆက်တိုက်ပို့ဆောင်နေသောကြောင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ဟုလည်း ဒေသခံပြည်သူများက ယုံကြည်နေကြကြောင်း ရခိုင်လက်နက်ကိုင်အဖွဲ့ AA ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

သို့ရာတွင် အကောင်းဘက်မှကြည့်ပါက တစ်နှစ်နီးပါးကြာ ရပ်တန့်နေခဲ့သော အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့အကြား တွေ့ဆုံဆွေးနွေးနေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် ပြန်လည်စတင်နိုင်လိမ့်မည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့အစည်းများက ယုံကြည်မျှော်လင့်နေကြောင်း AA အဖွဲ့၏ သတင်းထုတ်ချက်တွင်ဖော်ပြထားသည်။