ငြိမ်းချမ်းရေးရရှိရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအနေဖြင့် တိုင်းရင်းသားများနှင့် ရင်ကြားစေ့ရေးကို လုပ်ဆောင်ခြင်းမရှိဘဲ ကျန်အချက်များ ညှိနှိုင်းခြင်းသည် ထိရောက်မှုမရှိဟု “၀” အမျိုးသားပါတီဥက္ကဋ္ဌ ဦးဆိုင်းပေါင်းနပ်က ပြောကြားသည်။
“လာမယ့် ငါးနှစ်ကာလကို ဦးဆောင်မယ့် NLD အစိုးရအနေနဲ့ ဖက်ဒရယ်စနစ်တကယ်ပေါ်ပေါက်ဖို့ အရေးကြီးတယ်။ ငြိမ်းချမ်းရေးကို တကယ်ရရှိအောင် အပစ်အခတ်ရပ်စဲရေးကို တကယ်ဖြစ်အောင် ဆောင်ရွက်ဖို့လိုအပ်တာပေါ့။ အဲဒါက တကယ့်အရေးကြီးတဲ့ကိစ္စရပ်ပဲ။ နောက်ပြီးတော့ တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့ရေးကိစ္စကို လုံးဝမလုပ်ဘဲနဲ့ ကျန်တဲ့ဟာကို ညှိနှိုင်းတာက ထိရောက်မှုမရှိဘူး။ အဲဒီတော့ စစ်ရေးရပ်ဆိုင်းဖို့ အရင်ဆုံးသာလုပ်လိုက်။ အဲဒီလိုရပ်ဆိုင်းမှုကို အချိန်အကန့်အသတ်နဲ့ပဲ လုပ်လုပ်၊ နှစ်ရှည်ပဲလုပ်လုပ်ပေါ့။ စစ်ရေးတိုက်ခိုက်မှု တကယ်ရပ်စဲနိုင်သင့်တာပေါ့။ ဒါကို လုပ်မယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကို တကယ်ဖော်ဆောင်နိုင်မယ်” ဟု ဦးဆိုင်းပေါင်းနပ်က ပြောကြားသည်။
ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲပြီး တိုင်းရင်းသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို ယခင်က မည်သည့်အကြောင်းအရာများ ဖြစ်ခဲ့သည်ဖြစ်စေ၊ စိတ်သစ်လူသစ်နှင့် ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးမှုများကို လာမည့်အစိုးရလက်ထက်တွင် ဆောင်ရွက်သင့်ကြောင်း ဦးဆိုင်းပေါင်းနပ်က ပြောကြားသည်။
“ပြောချင်တာကတော့ အရင်က သောင်းကျန်းသူလို့ပဲ ကြေညာကြေညာ။ ဒီကနေ့မှာတော့ စိတ်သစ်၊ လူသစ်၊ ကိုယ်သစ်နဲ့ အားလုံး စားပွဲဝိုင်းပေါ်မှာ ပြန်ရောက်ကြဖို့ပေါ့။ တကယ်ထိရောက်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ စားပွဲဝိုင်းမှာ ထိရောက်တဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဥပမာ- လူမျိုးတစ်မျိုးက ပါရင်ပြီးရောဆိုတဲ့ သဘောမျိုးမဟုတ်ဘဲနဲ့ တကယ့်ကို ဒီကိစ္စကို တကယ်ကိုင်တွယ်ပြီး လုပ်ဆောင်နိုင်မယ့်လူတွေကို ရွေးချယ်ပြီးတော့ စုစည်းပြီးတော့ ဆောင်ရွက်ပေးစေချင်တာပေါ့ဗျာ။ ဒါမှ တကယ့်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်လို့ ယူဆပါတယ်” ဟု ၎င်းက ပြောကြားသည်။
ငြိမ်းချမ်းအရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ရာတွင် ငြိမ်ချမ်းရေးကို အမှန်တကယ် လုပ်ဆောင်နိုင်မည့် လူပုဂ္ဂိုလ်များကို ရွေးချယ်စုစည်း၍ ဆောင်ရွက်ပေးစေချင်သလို တရားဥပဒေစိုးမိုးရေးကိစ္စကို တတ်နိုင်သမျှ ဆောင်ရွက်နိုင်ရန်လည်း အရေးကြီးကြောင်း ဦးဆိုင်းပေါင်းနပ်က ဆက်လက်ပြောကြားသည်။
“တရားဥပဒေစိုးမိုးရေးလို့ ဆိုတဲ့အချိန်မှာ သူပုန်အပေါ်ကိုတော့ စိုးမိုးလို့မရဘူးပေါ့ဗျာ။ ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေးလုပ်လိုက်တာနဲ့ကို အလိုအလျောက်အကျုံး ဝင်လိမ့်မယ်လို့ ယူဆပါတယ်။ ထိန်းကျောင်းသွားတာပေါ့။ တိုင်းရင်းသားတွေအနေနဲ့ကတော့ ငြိမ်းချမ်းရေးကိစ္စကို တကယ်ဖော်ဆောင်လာပြီဆိုရင် အပြင်ကနေ၊ အဝေးကနေ ပြောဆိုနေတာထက် အတွင်းကျကျနဲ့ စားပွဲတစ်ခုပေါ်မှာ မျက်နှာချင်းဆိုင်ပြီးတော့ ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး ပြောဆိုဆွေးနွေးတာက ပိုပြီးတော့ အဖြေရရှိမှာပေါ့။ အခုက အဝေးကနေပြီးတော့ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးနဲ့ပြောပြီးတော့ လုပ်နေတာက အဖြေမှန်မရဘူး။ အဖြေရဖို့ တော်တော်လေးရှာရခက်တယ်။ အဲဒီတော့ အကောင်းအဆိုးကို စားပွဲဝိုင်းမှာ ဆုံးဖြတ်စေချင်တာပေါ့” ဟု ဦးဆိုင်းပေါင်းနပ်က ပြောကြားသည်။