ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းနှင့် အထောက်အထားများကို မည်သည့်အဖွဲ့အစည်း၊ မည်သူ့ကိုမျှ ကူးယူခွင့်မပြုရန် ကော်မရှင်အဖွဲ့ခွဲများထံ UEC ညွှန်ကြား

ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းနှင့် အထောက်အထားများကို မည်သည့်အဖွဲ့အစည်း၊ မည်သူ့ကိုမျှ ကူးယူခွင့်မပြုရန် ကော်မရှင်အဖွဲ့ခွဲများထံ UEC ညွှန်ကြား
မုံရွာမြို့နယ်ရှိ မဲရုံတစ်ခုတွင် နိုဝင်ဘာ ၈ ရက်က ခင်းကျင်းပြသထားသည့် မဲစာရင်းများကို တွေ့ရစဉ် (ဓာတ်ပုံ- ကောင်းခန့်လင်း)
မုံရွာမြို့နယ်ရှိ မဲရုံတစ်ခုတွင် နိုဝင်ဘာ ၈ ရက်က ခင်းကျင်းပြသထားသည့် မဲစာရင်းများကို တွေ့ရစဉ် (ဓာတ်ပုံ- ကောင်းခန့်လင်း)
Published 2 December 2020
ဉာဏ်လင်းထွန်း

ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်း၊ အမှတ်အသားနှင့် အထောက်အထားများကိုမည်သည့် အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်တစ်ဦးယောက်ကိုမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ခွင့်ပြုချက် မရဘဲကူးယူခွင့် မပြုရန် ဒီဇင်ဘာ ၁ ရက်နေ့စွဲဖြင့် ညွှန်ကြားလာကြောင်း ကော်မရှင် အဖွဲ့ခွဲတာဝန်ရှိသူများက ပြောကြားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ထံ ညွှန်ကြားစာတွင် အထက်ပါအချက်သာ ဖော်ပြပါရှိကြောင်း သိရသည်။

“ တပ်မတော်ကတောင်းမယ်။ ကော်မရှင်ခွဲအသီးသီးတွေကို လိုအပ်သလိုညွှန်ကြားပေးပါဆိုတဲ့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ တောင်းဆိုချက်တွေလည်းရှိတာကိုး။ အဲဒါကြောင့်မို့ ကြိုပြီးတော့ ချုပ်ထားတယ်လို့ပဲ ယူဆပါတယ်ဗျ” ဟု အမည်မဖော်လိုသည့် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌတစ်ဦးက ပြောကြားသည်။

အထက်ဌာနမှ ညွှန်ကြားလာခြင်းဖြစ်၍ ညွှန်ကြားချက်ကိုလိုက်နာဆောင်ရွက်သွားမည်ဟု ၄င်းက ဆိုသည်။

တပ်မတော်အနေဖြင့် ရွေးကောက်ပွဲ ဖြစ်စဉ်များဥပဒေနှင့်အညီ နည်းလမ်းတကျ ဖြစ်ထွန်းခဲ့ခြင်းရှိ၊ မရှိ ကို တပ်မတော်သားများနှင့် ၄င်းတို့၏ အိမ်ထောင်စုဝင်များ ဆန္ဒမဲပေးခဲ့သည့် မြို့နယ် ၂၁၈  မြို့နယ်မှ ရွေးကောက်ပွဲ ဖြစ်စဉ်များကို စိစစ်သုံးသပ်လျက်ရှိပြီး တွေ့ရှိချက်များအရ လိုအပ်ပါက သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင်များက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းသွားမည်ဟု နိုဝင်ဘာ ၃၀ ရက်က ထုတ်ပြန်ထားသည်။

ထိုသို့ ရွေးကောက်ပွဲ ဖြစ်စဉ်ကိုသုံးသပ်ရာတွင် လိုအပ်သည့် စာရွက်စာတမ်းများကူးယူခွင့် တောင်းခံသည့်အခါ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်အနေဖြင့် သက်သေခံဥပဒေပုဒ်မ ၇၄ နှင့် ၇၆ တို့ အရအများပြည်သူနှင့်သက်ဆိုင်သည့် စာတမ်းအမှတ်အသားများကို ဥပဒေနှင့်အညီ ကူးယူခွင့်ပြုရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လိုအပ်သလို ညွှန်ကြားပေးရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေများအရ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲ ဖြစ်စဉ်နှင့်ပက်သက်၍ စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်ခွင့် မရှိသလို အချက်အလက်များလည်း တောင်းယူ၍ မရဟု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက မှတ်ချက်ပြုသည်။

“ ကိုယ်စားလှယ်လောင်းအတည်ပြုပြီးပြီဆိုရင် မဲဆန္ဒနယ်ရဲ့ မဲစာရင်းကိုကိုယ်စားလှယ်လောင်းတွေ ကိုပေးရတယ်။ တစ်စုံကိုအခမဲ့ ပေးရတယ်။ အဲ့လိုလူပဲပေးရပါတယ်။ လွှတ်တော်သုံးရပ်ကို ပြိုင်တဲ့ ကိုယ်စားလှယ်တွေ” ဟု တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌတစ်ဦးက ပြောကြားသည်။