အစုအဖွဲ့အားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများမှတစ်ဆင့် အပြန်အလှန်ယုံကြည်မှု တိုးမြှင့်တည်ဆောက်ကာ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အမျိုးသားညီညွတ်ရေးလုပ်ငန်းစဉ်များကို အတူတကွ လက်တွဲဆောင်ရွက်နိုင်မည်ဟုမျှော်လင့်ကြောင်း ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က ကြေညာချက်ထုတ်ပြန်သည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-SEAO) မှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို Online Video Conferencing စနစ်ဖြင့် နိုဝင်ဘာ ၂၅ ရက်မှ ၂၆ ရက်အထိ ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်တွင် ထိုသို့ ထည့်သွင်းဖော်ပြခဲ့သည်။
အစိုးရနှင့် NCA စာချုပ် လက်မှတ်မရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားရန် PPST အစည်းအဝေးက တိုက်တွန်းသည်။
NCA-SEAO အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်ရေးမူ (All Inclusive Principle) ကို အစဉ်တစိုက် စွဲကိုင်ထားမည်ဖြစ်ပြီး အဆိုပါမူနှင့်အညီ သက်ဆိုင်သည့် အစုအဖွဲ့အားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများမှတစ်ဆင့် အပြန်အလှန်ယုံကြည်မှု တိုးမြှင့်တည်ဆောက်ကာ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အမျိုးသားညီညွတ်ရေးလုပ်ငန်းစဉ်များကို အတူတကွ လက်တွဲဆောင်ရွက်နိုင်မည်ဟုမျှော်လင့်ကြောင်း PPST အစည်းအဝေးက ကြေညာချက်ထုတ်ပြန်သည်။
NCA- SEAO အနေဖြင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်ဟူသည့် NCA စာချုပ် အခန်း (၁) အခြေခံမူပါ ပြဋ္ဌာန်းချက်နှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရွေးကောက်ပွဲလွန်ကာလတွင် ပေါ်ထွန်းလာမည့် အစိုးရနှင့် တစိုက်မတ်မတ် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း PPST အစည်းအဝေးက ကြေညာချက်ထုတ်ပြန်သည်။
နှစ်ရက်တာပြုလုပ်ခဲ့သည့် PPST အစည်းအဝေးတွင် အစီရင်ခံစာများတင်သွင်းခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲ အလွန်ကာလ ဖြစ်ပေါ်လာသည့် နိုင်ငံရေးအ ခြေအနေများအပေါ် အချိန်ယူဆွေးနွေးခဲ့ကြပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အနာဂတ်ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြောင်း PPST အစည်းအဝေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်သုံးသပ်ခြင်း (ဇယား-၂ ကိစ္စ)၊ ဖက်ဒရယ်လမ်းညွှန်အခြေခံမူကိစ္စနှင့် မူဘောင်ကိစ္စများကို NCA စာချုပ်ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း PPST အစည်းအဝေးက ကြေညာသည်။
ထို့ပြင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့မှုအတွက် PPST အနေဖြင့် ဝမ်းမြောက်ဂုဏ် ယူကြောင်း၊ NLD ပါတီအနေဖြင့် လက်ရှိတိုင်းပြည်အတွင်း ရင်ဆိုင်နေရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာအရပ်ရပ်ကို အမျိုးသားညီညွတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးစိတ်ဓာတ် အခြေခံဖြင့်ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်သွားလိမ့်မည်ဟု မျှော်လင့်မိကြောင်းလည်း PPST က NLD ပါတီထံ သဝဏ်လွှာပေးပို့သည်။
PPST အနေဖြင့်လည်း ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် မကြာခင်ကာလတွင် ဖွဲ့စည်းမည့်အစိုးရနှင့် အတူ နိုင်ငံရေးကတိကဝတ် ခိုင်မာစွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း PPST က သဝဏ်လွှာပေးပို့သည်။