မဲပေးသည့်နေ့တွင် မဲရုံပရိဝုဏ်အတွင်း ကျေးရွာရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးကို အော်ဟစ်ကြိမ်းမောင်းခြင်းနှင့် မဲစာရင်း၌မပါသူများအား အတင်းမဲပေးခိုင်းသည်ဟုဆိုကာ NLD ပါတီမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်ကို ပြိုင်ဘက်လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ကိုယ်စားလှယ်က ချောင်းနှစ်ခွနယ်မြေရဲစခန်းတွင် အမှုဖွင့်

မဲပေးသည့်နေ့တွင် မဲရုံပရိဝုဏ်အတွင်း ကျေးရွာရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးကို အော်ဟစ်ကြိမ်းမောင်းခြင်းနှင့် မဲစာရင်း၌မပါသူများအား အတင်းမဲပေးခိုင်းသည်ဟုဆိုကာ NLD ပါတီမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်ကို ပြိုင်ဘက်လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ကိုယ်စားလှယ်က ချောင်းနှစ်ခွနယ်မြေရဲစခန်းတွင် အမှုဖွင့်
Published 25 November 2020
မောင်မောင်ရွှေမြိုင်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပေါလောကျေးရွာမဲရုံတွင် မဲပေးသည့်နေ့က မဲရုံပရိဝုဏ်အတွင်း  ကျေးရွာရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးကို အော်ဟစ်ကြိမ်းမောင်းခြင်းနှင့်  မဲစာရင်း၌ မပါသူများအား အတင်းမဲပေးခိုင်းသည်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD မှ အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်ကို ချောင်းနှစ်ခွ နယ်မြေရဲစခန်းတွင် နိုဝင်ဘာ ၂၃ ရက်က မွန်ညီညွတ်ပါတီကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ညွန့်ရီ၏ကိုယ်စားလှယ် မိစုမွန်က အမှုဖွင့်တိုင်ကြားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“အဓိက ပြည်သူတွေကို ခြိမ်းခြောက်တာ။ မဲစာရင်းမပါတဲ့သူကို အတင်းမဲပေးခိုင်းတာ။ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အာဏာပါ၀ါကိုသုံးပြီးတော့ ပြည်သူကိုခြိမ်းခြောက်တာ။ မဲရုံပရိဝုဏ် ပေ ၂၀ နဲ့ ၃၀ လောက်ပဲရှိတဲ့နေရာမှာ ကျေးရွာအတွင်းရေးမှူး ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးကို သူက အာဏာပါ၀ါပြခြိမ်းခြောက်တယ်။ မဟုတ်တာတွေ ပြောတာပေါ့။ ပြည်သူတွေက ကြားပြီးတော့ ကြောက်စိတ်တွေ ဝင်လာပြီးတော့ နိုင်ငံရေးကို စိတ်ကုန်မှာလည်းကြောက်တယ်။ အဲဒါကြောင့် ကျွန်မတို့က အမှုလာတိုင်ရခြင်းဖြစ်ပါတယ်” ဟု တိုင်ကြားသူမိစုမွန်က ပြောကြားသည်။

ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ ချောင်းနှစ်ခွနယ်မြေ ရဲစခန်းတွင် နိုဝင်ဘာ ၂၃ ရက် က မိစုမွန်အနေဖြင့် တိုင်ချက်သွားရောက်ဖွင့် လှစ်ခဲ့ပြီး ရဲစခန်းက (ပ) အမှတ် -၂၇/၂၀၂၀၊ ပုဒ်မ-၆၁၊ ၆၂ နှင့်အမှုဖွင့်၍ ဆက်လက်ဆောင်ရွက်နေကြောင်း တရားလိုရှေ့နေဖြစ်သူ  တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းက ပြောကြားသည်။

“တိုင်ကြားလွှာအကျဉ်းချုပ်က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် ကျင်းပတဲ့ တတိယအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၁) ကျိုက်မရောမြို့နယ် အတ္ထရံကျေးရွာအုပ်စု ပေါလောကျေးရွာ မဲရုံအမှတ် (၁)၊ (၂) ရှိ မူလွန်ကျောင်းမှာ ပါတီများ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ နံနက် ၈ နာရီ ကျေးရွာသား ၁၈ ဦး မဲထည့်ဖို့ ဆိုင်ကယ်နဲ့ လာတယ်။ မဲစာရင်းမပါဘူးဆိုပြီး ပြန်သွားတယ်။ နံနက် ၁၁ နာရီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးမြင့်က အဖြူရောင်ကားနဲ့ မဲစာရင်းမှာမပါလို့ မဲထည့်ခွင့်မရလို့ပြန်သွားတဲ့ ဒီရွာသား ၁၈ ဦးက တခြားကားတစ်စီးနဲ့ ရောက်လာတယ်။ ရောက်ပြီး မဲရုံအမှတ် (၁) နဲ့ (၂) မှာ မဲပေးစောင့်ဆိုင်းနေတဲ့ရွာသား ခန့်မှန်းခြေ ၃၀ လောက်ရှိတယ်။ ဒေါ်ခင်မျိုးမြင့်က မဲရုံနဲ့ ပေ ၂၀ အကွာမှာရှိပြီး မဲဆန္ဒရှင်စာရင်းမှာ မပါတဲ့ ၁၈ ဦးကို မဲစာရင်းမှာ ထည့်သွင်းဖို့ ပြောဆိုပါတယ်။ မဲပေးနိုင်ရေးအတွက် အဲဒီသူတွေနဲ့အတူရှိနေပြီး အတ္ထရံကျေးရွာကော်မရှင် အတွင်းရေးမှူး ဦးဝင်းချို၊ ကျေးရွာအုပ်ချုပ်ရေးရုံးရဲ့စာရေးပေါ့။ သူ့ကို ကျယ်လောင်စွာ အော်ဟစ်ကြိမ်းမောင်းခြောက်လှန့် ပြောဆိုနေတယ်လို့ ဆိုပါတယ်။ ဆန္ဒမဲပေးဖို့ လာရောက်သူများကလည်း စိတ်ငြိုငြင်သွားပါတယ်။ အဲဒီမှာ လုံခြုံရေးတာဝန်ယူနေတဲ့ အထူးရဲလည်းရှိတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက မဲရုံကိုယ်စားလှယ်တွေရှိတယ်။ မဲစာရင်းမပါတဲ့ ၁၈ ဦး ထဲက ဒေါ်သေးသေးဆိုတဲ့ နာမည်က မဲစာရင်းမှာ ဒေါ်သေး ဖြစ်နေတယ်။ မဲရုံမှာ စိစစ်ထည့်ခွင့်ပြုလိုက်တယ်။ ကျန်တဲ့သူကို ထည့်ခွင့်မပြုဘူး။ ဒေါ်ခင်မျိုးမြင့်က အဲဒါကို မကျေနပ်လို့ ဒေါသအမျက်ထွက်ပြီး အော်ဟစ်ကြိမ်းမောင်းခြောက်လှန့် ပြောဆိုတယ်။ မဲဆန္ဒရှင် စာရင်းမပါတဲ့လူတွေကို မဲစာရင်းမှာ ထည့်သွင်းဖို့ဆိုပြီး အတင်းအကျပ် အားထုတ်ခဲ့တယ်။ အဲဒါကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်စားလှယ်တွေက ကန့်ကွက်တယ်လို့ ဆိုပါတယ်။ အဲဒီလူတွေက မဲမထည့်ရတဲ့အတွက် မကျေမနပ်နဲ့ ပြန်သွားရတယ်လို့ ဆိုပါတယ်။ အဲဒီလို ရဲကိုတော့ ပထမ သတင်းပေးတိုင်ချက်ဖွင့်တယ်လို့ သိရပါတယ်။ ချောင်းနှစ်ခွနယ်မြေရဲစခန်းမှာပါ။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ၂၃ ရက်မှာ ချောင်းနှစ်ခွနယ်မြေရဲစခန်းက (ပ) အမှတ် - ၂၇/ ၂၀၂၀၊ ပုဒ်မ - ၆၁၊ ၆၂နဲ့ အရေးယူထားတယ်လို့ သိရပါတယ်” ဟု တရားလိုရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းက ဆိုသည်။

ဆက်လက်၍ ၎င်းက “ဒီကနေ့ ရဲစခန်းက ချိန်းဆိုထားတာက တိုင်ကြားသူမိစုမွန်ပေါ့။ သူက မွန်ညီညွတ်ရေးပါတီဗဟိုကော်မတီဝင်၊ ပြည်နယ်အောင်နိုင်ရေးအဖွဲ့မှာလည်း ပါတယ်။ ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၁) ပြည်နယ်လွှတ်ကိုယ် စားလှယ်လောင်း ဒေါ်ညွန့်ရီရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်ဖြစ်တယ်။ မိစုမွန်က တရားလိုလုပ်ပြီး ဒေါ်ခင်မျိုးမြင့်ကို စွဲဆိုတဲ့ အမှုဖြစ်တယ်။ ဒီနေ့ မိစုမွန်နဲ့ သက်သေသူ့ဘက်က ပြထားတဲ့သက်သေကို စစ်ဖို့ ရဲစခန်းချိန်းတယ်။ သူတို့အဖွဲ့တွေ ရောက်နေပါတယ်” ဟု ပြောကြားသည်။

ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ် တော်မဲဆန္ဒနယ်အမှတ် (၁) တွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ ၉၆၂၁၂ ဦးရှိပြီး  မဲလာပေးသူ ၅၀၇၈၅ ဦးရှိသည့်အနက် ခိုင်လုံမဲ-၄၆၉၂၆ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးမြင့်က ခိုင်လုံမဲ ၂၅၂၇၂ မဲဖြင့် အနိုင်ရရှိကာ မွန်ညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ညွန့်ရီက ခိုင်လုံမဲ ၉၃၃၄ မဲဖြင့် ဒုတိယရရှိခဲ့ကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။