ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန်က အလှူ ရန်ပုံငွေအတွက် လက်ရှိဟဲဗီးဝိတ်လက်ဝှေ့အကျော်အမော်များဖြစ်သည့် WBC ချန်ပီယံ တိုင်ဆန်ဖျူရီ၊ WBA (Super)၊ IBF နှင့် WBO ချန်ပီယံ အန်သိုနီဂျိုရှူအာ၊ WBC ချန်ပီယံဟောင်း ဒီယွန်တေးဝိုင်လ်ဒါတို့နှင့် သရုပ်ပြလက်ဝှေ့ပွဲများ ယှဉ်ပြိုင်ထိုးသတ်လိုကြောင်း ပြောကြားခဲ့သည်။

အသက်(၅၄)နှစ်အရွယ်ရှိပြီဖြစ်သူ မိုက်တိုင်ဆန်သည် အလှူရန်ပုံငွေအတွက် နာမည်ကျော်လက်ဝှေ့သမားဟောင်းတစ်ဦးဖြစ်သည့် (၅၁)နှစ်အရွယ်ရှိ ရွိုင်ဂျုံးစ်ဂျူနီယာနှင့် လာမည့် နိုဝင်ဘာလ(၂၈)ရက်တွင် သရုပ်ပြလက်ဝှေ့ပွဲထိုးမည်ဖြစ်ပြီး လက်ရှိတွင် ယင်းပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ အဆိုပါပွဲကို အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Staples Center တွင်ထိုးသတ်ရန် စီစဉ်ထားပြီး မိုက်တိုင်ဆန်-ရွိုင်ဂျုံးစ်ဂျူနီယာ ပွဲမတိုင်မီ အခြား လိုက်ဟဲဗီးဝိတ်တန်းပွဲစဉ်(၁)ပွဲနှင့် ခရူဆာဝိတ် တန်းပွဲစဉ်(၂)ပွဲလည်း ပါဝင်မည်ဖြစ်သည်။

ထိုးသတ်မည့်(၂)ဦးစလုံးသည် အသက်(၄၀)ကျော်လက်ဝှေ့သမားများကို ပြုလုပ်သည့် ဆေးစစ်မှုအတိုင်း လုပ်ဆောင်ရမည်ဖြစ်ပြီး အလဲထိုးရန် ကြိုးစားခြင်းမရှိရဟူသောအချက်ကိုလည်း စာချုပ်တွင် ထည့်သွင်းထားသည်။ ယင်းပွဲကို (၂)မိနစ် (၈)ချီဖြင့် ထိုးသတ်မည်ဖြစ်ပြီး လက်ဝှေ့သမား(၂)ဦးသည် ဟဲဗီးဝိတ်တန်း၏ ပုံမှန်အသုံးပြုသည့်လက်အိတ်အလေးချိန် (၁၀)အောင်စ ထက် ပိုလေးသော (၁၂)အောင်စရှိ လက်ဝှေ့အိတ်များကို အသုံးပြု ယှဉ်ပြိုင်ရမည်ဖြစ်သည်။ BT Sports ရုပ်သံနှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် မိုက်တိုင်ဆန်က အနာဂတ်တွင် လိုအပ်ချက်ရှိသူများအတွက် ရန်ပုံငွေပိုမိုရရှိရန် အာရုံစိုက်ထားသည်ဟု ဖွင့်ဟခဲ့သည်။

ကမ္ဘာဂြိုဟ်၏အမိုက်မဲဆုံးလူသားအဖြစ် အမည်ပြောင်ပေးခြင်းခံခဲ့ရသူ တိုင်ဆန်သည် လွန်ခဲ့သည့်(၁၅)နှစ်ခန့်က အိုင်ယာလန်လက်ဝှေ့သမား ကီဗင်မက်ဘရိုက်နှင့်ထိုးသတ်ခဲ့သည့်ပွဲတွင် (၆)ချီ၌ အလဲထိုးခံရပြီးနောက် လက်ဝှေ့လောကမှ အနားယူခဲ့သည်။ ယင်းနောက်ပိုင်းကတည်းက လက်ဝှေ့ကြိုးဝိုင်းနှင့် ကင်းကွာခဲ့သူဖြစ်ပြီး ယခုအခါ အလှူရန်ပုံငွေအတွက် ကြိုးဝိုင်းထဲသို့ တစ်ကျော့ပြန် ဝင်ရောက်လာခြင်းလည်းဖြစ်သည်။ တိုင်ဆန်က တိုင်ဆန်ဖျူရီ၊ ဂျိုရှူအာနှင့် ၀ိုင်လ်ဒါတို့၏ကျော်ကြားမှုကို အသုံးချပြီး သူ၏လူမှုရေးလုပ်ငန်းများကို ပိုမိုထင်ရှားလာစေရန် မျှော်လင့်နေလျက်ရှိသည်။

"သူတို့ဟာ လက်ဖျားခါလောက်တဲ့ လက်ဝှေ့သမားတွေလို့ ကျွန်တော် ယူဆပါတယ်။ သူတို့အနေနဲ့ လူမှုအဖွဲ့အစည်းအတွက် များစွာလုပ်ဆောင်နိုင်ပါတယ်။ သူတို့ သရုပ်ပြပွဲတွေထိုးရင် ငွေကြေးအမြောက်အမြားဝင်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပရိသတ်အခိုင်အမာရှိသူတွေဖြစ်ပြီး လူအများအပြားအတွက် ကူညီနိုင်သူတွေပါ။ ဒီလိုအရေအတွက်က များပြားလွန်းလို့ ကျွန်တော်တို့က အလုပ်များများ လုပ်ရပါမယ်။ သူတို့အတွက် ဒီလိုလုပ်စရာတောင် မလိုပါဘူး။ အဓိကအချက်က ကျွန်တော်နဲ့ သရုပ်ပြပွဲထိုးပြီး လိုအပ်တဲ့သူတွေဆီ ငွေကြေးရောက်ရှိစေဖို့ပါ ပဲ"ဟု မိုက်တိုင်ဆန်က ပြောကြားခဲ့သည်။

မိုက်တိုင်ဆန်သည် ရွိုင်ဂျုံးစ်ဂျူနီယာနှင့်ပွဲမှ ရရှိသည့်ငွေကြေးအားလုံးကို လှူဒါန်းမည်ဟုလည်း ကတိပြုထားသည်။















