၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မကျင်းပနိုင်ခဲ့သည့် နေရာဒေသများ၌ ရွေးကောက်ပွဲများကို ဆောလျင်စွာကျင်းပပေးရန် တိုက်တွန်းလိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ သဝဏ်လွှာပေးပို့ရာ၌ ဆွစ်ဇာလန် သံအမတ်ကြီး မစ္စတာတင်မ်အန်ဒါလင်က ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ဆွစ်ဇာလန်သံအမတ်ကြီး မစ္စတာတင်မ်အန်ဒါလင်က ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် ထိုသို့တိုက်တွန်းထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
နိုင်ငံရေးလုပ်ငန်းစဉ်တွင် မတူကွဲပြားသောအဖွဲ့များနှင့် လူနည်းစုများ ပါဝင်စေခြင်းအားဖြင့် ဒီမိုကရေစီ၏ အနှစ်သာရနှင့် အင်အားရှိမှုကို ပြသရာရောက်ကြောင်း၊ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် နေရာဒေသများ၌ ရွေးကောက်ပွဲများကို ဆောလျင်စွာ ကျင်းပပေးနိုင်ရန် တိုက်တွန်းလိုကြောင်း ဆွစ်ဇာလန်သံအမတ်ကြီးက သဝဏ်လွှာ ပေးပို့သည်။
ထို့ပြင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများအား အတူတကွ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုလည်း ချီးကျူးဂုဏ်ပြုကြောင်း၊ ဆွစ်ဇာလန်နိုင်ငံအနေဖြင့် အထူးသဖြင့် အကြမ်းဖက်မှုဖြစ်စဉ်များနှင့် ချန်လှပ်ထားမှုများရှိသော နေရာဒေသများ၌ ဆွေးနွေးပွဲနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ ရှိစေရေးအတွက် အားပေးထောက်ခံကြောင်းလည်း အဆိုပါသဝဏ်လွှာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမှ ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် ပြည်သူအားလုံး အကျိုးဖြစ်ထွန်းစေရန်အတွက် ဖြေရှင်းရာတွင် အချိန်လိုအပ်သည်ကို နားလည်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးတို့ ရရှိစေမည့် လမ်းကြောင်းသို့ ဦးတည်သွားရာတွင် မြန်မာနိုင်ငံဘက်မှ စည်းလုံးစွာ အားပေးထောက်ခံသွားမည်ဟု ဆွစ်ဇာလန်အစိုးရကိုယ်စား ပြောကြားလိုကြောင်း ဆွစ်ဇာလန်သံအမတ်ကြီးက သဝဏ်လွှာပေးပို့သည်။
နှစ်နိုင်ငံအနေဖြင့် ရှိရင်းစွဲမိတ်ဖက် နိုင်ငံဖြစ်သည့်အလျောက် မိမိတို့အနေဖြင့် အဓိကနယ်ပယ်များဖြစ်သည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှု၊ လူ့အခွင့်အရေးတိုးမြှင့်ရေး၊ COVID-19 ကူးစက် ရောဂါတိုက်ဖျက်ရေးနှင့် ပြန်လည်ကောင်းမွန်ရေး၊ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာနှင့် သင်တန်းများပေးခြင်း၊ နေရပ်စွန့်ခွာသူများအရေးကိစ္စဖြေရှင်းရေးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ပြုပြင်ပြောင်းလဲရေးစသည်ကဏ္ဍများတွင် ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံအမတ်ကြီးက ဆိုသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့ကြသော မြန်မာပြည်သူများမှ အပ်နှင်းသောလုပ်ပိုင်ခွင့်ကို ရရှိခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေသည့်ကြားမှ မြန်မာပြည်သူများ အများအပြား မဲရုံသို့သွားရောက်မဲပေးကြခြင်းမှာ ဒီမိုကရေစီအသွင် ကူးပြောင်းမှုလုပ်ငန်းစဉ်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပေါ် ပြည်သူများ၏ ယုံကြည်မှုကို ပြသလိုက်ခြင်းဖြစ်ကြောင်း ဆွစ်ဇာလန်သံအမတ်ကြီးက ပြောကြားသည်။