လမ်းဘေးတွင် သေဆုံးနေသည့် တောင်းရမ်းစားသောက်သူ၌ COVID ပိုးတွေ့ရှိခဲ့၍ ၄င်းနှင့် စပ်ဆက်သော အိမ်ခြေယာမဲ့များကို Quarantine စင်တာသို့ ပို့ဆောင်လျက်ရှိပြီး တောင်းရမ်းသူများအား ပေးကမ်းခြင်းမပြုရန် မန္တလေးမြို့တော်စည်ပင် မေတ္တာရပ်ခံထား

လမ်းဘေးတွင် သေဆုံးနေသည့် တောင်းရမ်းစားသောက်သူ၌ COVID ပိုးတွေ့ရှိခဲ့၍ ၄င်းနှင့် စပ်ဆက်သော အိမ်ခြေယာမဲ့များကို Quarantine စင်တာသို့ ပို့ဆောင်လျက်ရှိပြီး တောင်းရမ်းသူများအား ပေးကမ်းခြင်းမပြုရန် မန္တလေးမြို့တော်စည်ပင် မေတ္တာရပ်ခံထား
ဓာတ်ပုံ- ချမ်းမြသုခ လူမူကူညီရေးအသင်း
ဓာတ်ပုံ- ချမ်းမြသုခ လူမူကူညီရေးအသင်း
Published 23 November 2020
မင်းသန့် ၊ မင်းလတ်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ် ဦးပွားကုန်းကျော်အနီး လမ်းဘေးတစ်နေရာတွင် နိုဝင်ဘာ ၂၁ ရက်က သေဆုံးနေသော တောင်းရမ်းစားသောက်သူတစ်ဦးကို တွေ့ရှိခဲ့ပြီး ၄င်းအား ကျန်းမာရေးဌာနမှ COVID-19 ရောဂါပိုးရှိ မရှိ စစ်ဆေးခဲ့ရာ Positive တွေ့ရှိခဲ့ခြင်းကြောင့် ၄င်းနှင့်စပ်ဆက်မှုရှိနိုင်သော အိမ်ခြေယာမဲ့များကို လိုက်လံရှာဖွေကာ Quarantine စင်တာသို့ ပို့ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ယင်းသို့ အိမ်ခြေယာမဲ့များကို လိုက်လံစိစစ်ရှာဖွေရာ၌ ထွက်ပြေးတိမ်းရှောင်မှုနှင့် အခက်အခဲအချို့ရှိနေ၍ ယခုအခါ လမ်းပေါ်နေ ကလေးသူငယ်များ ၊ တောင်းရမ်းစားသောက်သူများ၊ ပန်းရောင်းဟန်ပြဖြင့် တောင်းရမ်းသူများမှတဆင့် ရောဂါကူးစက် ပြန့်ပွားနိုင်သဖြင့် ၄င်းတို့ကို ပေးကမ်းခြင်းများ မပြုလုပ်ရန် MCDC သန့်ရှင်းရေးဌာနမှ အသိပေးမေတ္တာရပ်ခံထားကြောင်း သိရှိရသည်။

ယင်းသို့ အသက်် ၁၅ နှစ်အရွယ်ခန့်ရှိ သေဆုံးသူ အိမ်ခြေယာမဲ့တစ်ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် အဆိုပါ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တောင်းရမ်းစားသောက်သူ အသက် ၃ နှစ်မှ ၁၅ နှစ်အရွယ်ရှိ ကလေးငယ် ကိုးဦးကို ဇီးပင်ကြီး Quarantine စင်တာသို့ နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ပို့ဆောင်ထားကြောင်း ယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

“ဦးပွားကုန်းကျော်အောက်မှာ သေဆုံးနေတဲ့ ကလေးက အဓိကပြောရရင် အိမ်ခြေရာမဲ့တွေ ဖြစ်တယ်။ လမ်းပေါ်မှာပဲ သွားလာနေတဲ့ ကလေးတွေဖြစ်တော့ အဲဒီအထဲက တစ်ယောက်က ရုတ်တရက် သေဆုံးသွားတာ။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တိုင်းကျန်းမာကို ပို့ပြီးစစ်ဆေးတဲ့အခါ သူက ဘာ့ကြောင့် သေဆုံးတယ် ဆိုတာတော့ အတိအကျ မသိရဘူး။ ဒါပေမယ့် သေဆုံးပြီးတဲ့အချိန်မှာ စစ်ဆေးလိုက်တဲ့အခါကျ COVID-19 ပိုးတွေ့တယ်ပေါ့။ အဲ့ဒီကလေးနဲ့ စပ်ဆက်ပြီး ကျွန််တော်တို့မြို့နယ်ထဲမှာ ကော်ရှူနေတဲ့ အိမ်ခြေယာမဲ့ ကလေးတွေကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေရယ် ၊ ရဲတပ်ဖွဲ့ရယ် ပါဝင်တဲ့အဖွဲ့တွေနဲ့ လိုက်လံရှာဖွေတော့ ကိုးဦး ထပ်တွေ့ပါတယ်။ သူတို့ကိုတော့ မနေ့ညနေကပဲ ဇီးပင်ကြီး Quarantine စင်တာကို ပို့ထားပြီးဖြစ်ပါတယ်။ သူတို့ကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ Guide Line တွေအတိုင်း စစ်ဆေးတာတွေ ဆောင်ရွက်သွားမှာပါ။ လတ်တလောမှာတော့ ကျွန်တော်တို့ မြို့နယ်ထဲမှာ အဲ့လိုကလေးတွေ ကျန်ရှိ မရှိကိုတော့ စိစစ်တဲ့အပိုင်းတွေ ဆက်လက် လုပ်ဆောင်နေပါတယ်” ဟု ချမ်းမြသာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာထွန်းက ပြောကြားသည်။

မန္တလေးမြို့ လမ်းဆုံလမ်းခွနှင့် မီးပွိုင့်များတွင် ယင်းကဲ့သို့ အိမ်ခြေယာမဲ့ တောင်းရမ်းစားသောက်သူများ၊ ပန်းရောင်းချသူများမှာ ယခု COVID-19 ကာလတွင် ပိုမိုတွေ့ရှိလာရပြီး ၄င်းတို့မှာ ကော်ရှူသည့် အလေ့အထများကို ပြုလုပ်လေ့ရှိကြောင်း တွေ့ရှိရသည်။

ယင်းသို့ အိမ်ခြေယာမဲ့ တောင်းရမ်းစားသောက်သူများကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ စီမံချက်ဖြင့် ဖြေရှင်းဆောင်ရွက်ခြင်း၊ တောင်းရမ်းစားသောက်သည့် ကလေးငယ်များကို နောက်ကွယ်မှ အုပ်စုဖွဲ့ စေခိုင်းစေခြင်းများကို အရေးယူဆောင်ရွက်လျက် ရှိသော်လည်း ပပျောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးခြင်း ဖြစ်သည်။

Most Read

Most Recent