နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီး၊ တရားစွဲဆိုခံရသူ အောက်တိုဘာလကုန်အထိ ၅၈၀ ကျော်ရှိဟု AAPP ထုတ်ပြန်

နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီး၊ တရားစွဲဆိုခံရသူ အောက်တိုဘာလကုန်အထိ ၅၈၀ ကျော်ရှိဟု AAPP ထုတ်ပြန်
Published 14 November 2020
ဉာဏ်လင်းထွန်း

နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်ဆီး၊ တရားစွဲဆိုခံခဲ့ရသူ အောက်တိုဘာလကုန်အထိ ၅၈၀ ကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ ပထမအပတ်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ၅၈၀ ကျော်အနက် ၃၆ ဦးမှာ ပြစ်ဒဏ်ချမှတ်ခံသူများဖြစ်ပြီး ၁၉၃ ဦး ထောင်တွင်းမှ တရားရင်ဆိုင်နေရကာ ၃၅၅ ဦး ထောင်ပြင်ပမှ တရားရင်ဆိုင်နေရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“လက်ရှိ အောက်တိုဘာလကုန်အထိမှာ နိုင်ငံရေးကိစ္စတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချခံရသူတွေက ၅၈၀ ဝန်းကျင်မှာ ရှိတယ်။ အဲဒီထဲမှာ ထောင်ကျပြီးသားလူတွေလည်း ပါတယ်။ ထောင် မကျသေးဘူး။ ထောင်ထဲကနေပြီးတော့ အမှုရင်ဆိုင်နေရသူတဲ့သူတွေလည်း ပါတယ်။ အပြင်ကနေ အာမခံနဲ့ အမှုရင်ဆိုင်နေရသူတွေလည်း ပါတယ်” ဟု AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်က ပြောကြားသည်။

အဆိုပါစာရင်းရှိ အများစုမှာ လက်ရှိအစိုးရလက်ထက်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များဖြစ်ကြောင်း ၎င်းက ဆိုသည်။

အောက်တိုဘာ တစ်လအတွင်းအနေဖြင့် ဖမ်းဆီးခံရသူ ၁၄၂ ဦးရှိပြီး၊ တရားစွဲခံရသူ ၂၅ ဦးရှိကြောင်းနှင့် ၁၂ ဦး ပြစ်ဒဏ် ချမှတ်ခံရပြီး ၁၁၁ ဦး ပြန်လည်လွတ်မြောက်သည်ဟု AAPP က ထုတ်ပြန်သည်။

လက်ရှိတွင် ရွေးကောက်ပွဲကျင်းပပြီးစီးခြင်း၊ တပ်မတော်နှင့် AA အဖွဲ့တို့၏ အပြုသဘောဆောင်သော အပြန်အလှန် ထုတ်ပြန်ချက်များ ထုတ်ပြန်နေချိန်တွင် နိုင်ငံရေး ဖြစ်စဉ်ကြောင့် အကျဉ်းကျခံနေရသူများ၊ တရားစွဲဆိုခံထားရသူများကို ခြွင်းချက်မရှိ လွှတ်ပေးရန် AAPP က တောင်းဆိုသည်။

“ ဒီလိုအမှုမျိုးတွေကို ခြွင်းချက်မရှိ ရုပ်သိမ်းပေးပြီးတော့ တကယ်စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်မယ်။ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ၀ိုင်းဝန်းအကောင်အထည် ဖော်နိုင်ကြမယ်ဆိုရင် အင်မတန်မှကို ကောင်းမွန်တဲ့အခြေအနေတစ်ရပ် ဖြစ်လာမှာပါလို့ ကျွန်တော်တို့က သုံးသပ်မိတယ်” ဟု ဦးအောင်မျိုးကျော်က ပြောကြားသည်။

အောက်တိုဘာလအတွင်း တရားစွဲခံရသူ ၂၅ ဦးအနက် ၂၁ ဦးမှာ ရခိုင်ပြည်နယ် တောင်ကုတ်၊ စစ်တွေ၊ ကျောက်တော်နှင့် အမ်းမြို့နယ်တို့ရှိ အရပ်သား၊ ရှေ့နေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းသားတို့ဖြစ်ကြပြီး ကျန်လေးဦးမှာမန္တလေးမြို့မှ ကျောင်းသားနှစ်ဦး၊ တပ်မတော်မိသားစုဝင် တစ်ဦးနှင့် တိုင်းရင်းသားပါတီတစ်ခု၏ စည်းရုံးရေးမှူးတို့ဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရ သိရသည်။

၎င်းတို့ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ၊ ဆက်သွယ်ရေးဥပဒေနှင့် ရာဇသတ်ကြီးဥပဒေများဖြင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။

အောက်တိုဘာလအတွင်း ဖမ်းဆီးခံရသူ ၁၄၂ ဦးအနက် ရခိုင်လက်နက်ကိုင် (AA) အဖွဲ့နှင့် ဆက်နွယ်မှုသံသယဖြင့် ဖမ်းဆီးခံရသူ ၁၂၂ ဦးအထိရှိပြီး ၎င်းတို့မှာ ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့နှင့် ချင်းပြည်နယ် ပလက်ဝတို့မှဖြစ်ကြောင်း AAPP က ထုတ်ပြန်သည်။

အောက်တိုဘာလအတွင်း ပြစ်ဒဏ်ချမှတ်ခံရသူ ၁၂ ဦးတွင် ကျောင်းသားကိုးဦးနှင့် တက်ကြွလှုပ်ရှားသူ နှစ်ဦးပါဝင်ပြီး ရာဇတ်သတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)၊ (ခ)၊ ငြိမ်းစု စီဥပဒေပုဒ်မ ၁၉ တို့ဖြင့်ချမှတ်ခံရကာ ရဲတပ်သားတစ်ဦးမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ်ချမှတ်ခံရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့ကျောင်းသား၊ အလုပ်သမားအရေး လှုပ်ရှားသူများကို ငြိမ်းစုစီဥပဒေ၊ ရာဇသတ်ကြီးဥပဒေတို့ဖြင့် အရေးယူခြင်းက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နယ်ပယ် လွန်စွာ ထိခိုက်လွယ်သည့်အခြေအနေသို့ ကျဆင်းလာခြင်းဖြစ်ပြီး လူ့အခွင့်အရေး၏ အခြေခံအုတ်မြစ်ဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အခြေခိုင်မာအောင် မတည်ဆောက်နိုင်လျှင် အခြားသောအခြေခံ အခွင့်အရေးများလည်း ယိမ်းယိုင်နေမည်ဟု AAPP က မှတ်ချက်ပြုသည်။

ထို့ကြောင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အခြေခံအခွင့်အရေးတစ်ခုအဖြစ် သတ်မှတ်ဖော်ဆောင်ပေးရန် AAPP က တိုက်တွန်းသည်။

ယခင်လအတွင်း လွတ်မြောက်သူ ၁၁၁ ဦးအနက် တက်ကြွလှုပ်ရှားသူတစ်ဦးနှင့် လယ်သမား ခြောက်ဦးမှာ လွတ်ရက်စေ့ဖြင့် အကျဉ်းထောင်မှ လွတ်မြောက်ခြင်းဖြစ်ကြောင်း၊ ရခိုင်အရေး ဆန္ဒထုတ်ဖော်သည့် ကျောင်းသားတစ်ဦး စစ်ဆေးမေးမြန်းခံရပြီးနောက် ပြန်လည်လွတ်မြောက်ကာ ၁၀၃ ဦးမှာ AA အဖွဲ့နှင့် ဆက်နွယ်သည့် သံသယဖြင့် တပ်မတော်၏ ဖမ်းဆီးစစ်ဆေးမှုခံရပြီး လွတ်မြောက်ခြင်းဖြစ်သည်ဟု AAPP က ဆိုသည်။

AAPP ၏ ထုတ်ပြန်ချက်တွင် အောက်တိုဘာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ ဖမ်းဆီးမှုကိုလည်း ထည့်သွင်းဖော်ပြထားပြီး ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း သုံးဦးနှင့် အရပ်သားသုံးဦးကို AA က ဖမ်းဆီးမှု၊ အရပ်သားသုံးဦးနှင့် ကျောင်းဆရာတစ်ဦးတို့ကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖမ်းဆီးမှုများလည်း ဖော်ပြပါရှိသည်။ ယခင်လအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ဖမ်းဆီးထားသည့် အရပ်သားများကိုပြန်လွှတ်ပေးသည့် ဖြစ်စဉ်များလည်း AAPP က ဖော်ပြခဲ့သည်။