ရွေးကောက်ပွဲမကျင်းပခဲ့သော မဲဆန္ဒနယ်များတွင် လွတ်လပ်မျှတသည့် အခြေအနေမျိုးရှိကြောင်း လုံခြုံရေးအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ စိတ်ချရပြီဆိုသည့် သဘောထားမှတ်ချက်ရရှိပါက ရွေးကောက်ပွဲကျင်းပရန် အသင့်ရှိကြောင်း UEC အဖွဲ့ဝင် ပြောကြား

ရွေးကောက်ပွဲမကျင်းပခဲ့သော မဲဆန္ဒနယ်များတွင် လွတ်လပ်မျှတသည့် အခြေအနေမျိုးရှိကြောင်း လုံခြုံရေးအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ စိတ်ချရပြီဆိုသည့် သဘောထားမှတ်ချက်ရရှိပါက ရွေးကောက်ပွဲကျင်းပရန် အသင့်ရှိကြောင်း UEC အဖွဲ့ဝင် ပြောကြား
နိုဝင်ဘာ ၈ ရက်က ပြုလုပ်သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်
နိုဝင်ဘာ ၈ ရက်က ပြုလုပ်သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်
Published 13 November 2020
အောင်မင်းသိန်း

ရွေးကောက်ပွဲမကျင်းပခဲ့ရသည့် မဲဆန္ဒနယ်များတွင် လွတ်လပ်မျှတသည့် အခြေအနေမျိုးရှိကြောင်း လုံခြုံရေးအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ စိတ်ချရပြီဆိုသည့် သဘောထားမှတ်ချက်ရရှိပါက ရွေးကောက်ပွဲကျင်းပရန် အသင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

နိုဝင်ဘာ ၁၁ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ပြုလုပ်သည့် ကော်မရှင်၏ သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် မဲဆန္ဒနယ်များနှင့်ပတ်သက်၍ ပြန်လည်ကျင်းပရန်အတွက် မည်သို့စီစဉ်ထားသည်ကို သိလိုကြောင်း သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဦးမြင့်နိုင်က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကတော့ ခုနကပြောတဲ့ ဥပဒေနဲ့အညီ လွတ်လပ်မျှတတဲ့ အခြေအနေမျိုးရှိရင် ကျင်းပသွားမှာပဲ။ ဒီအခြေအနေမျိုး ရှိသလား၊ မရှိသလားဆိုတာလည်းပဲ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ ဒါတွေရဲ့ သဘောထားမှတ်ချက်ကို အမြဲတမ်းတောင်းခံနေတယ်။ သူတို့က ဒီဟာတွေ စိတ်ချရတယ်၊ ကျင်းပနိုင်တယ်ဆိုရင် ကျွန်တော်တို့ ကျင်းပသွားဖို့ ကျွန်တော်တို့ဘက်ကတော့ အရန်သင့်ပဲပေါ့” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိခဲ့သည့် မဲဆန္ဒနယ်မြေများတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရန်သည် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်ပြီး UEC အနေဖြင့် ရွေးကောက်ပွဲလုပ်ပေးချင်ကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။

“ဒီလွှတ်တော်ထဲမှာ တက်နိုင်အောင် ကျွန်တော်တို့ကတော့ ကျင်းပနိုင်တဲ့ အနေအထားရှိတာပေါ့။ ကျွန်တော်တို့မှာ မဲစာရင်းက ရပြီးသားလေ။ မဲစာရင်းတွေရှိပြီးသား။ အဲဒါတွေကို ပြန်ပြီးတော့ ကျွန်တော်တို့ အရင်တုန်းကတော့ ကျွန်တော်တို့ ဒီဇင်ဘာလကုန်အထိ ကောက်ထားတယ်။ နိုဝင်ဘာလဆိုတဲ့အခါကျတော့ အသက်နဲ့ပြန်ဖြတ်ပြီးတော့ လုပ်ထားလိုက်တယ်ဆိုတော့ ဒါလေးတွေက နောက်ထပ်ထပ်ပြီးတော့ မဲပေးပိုင်ခွင့်ရှိတဲ့လူတွေ စိစစ်ပြီးတိုးလိုက်လို့ရှိရင် အဆင်ပြေတာပေါ့။ ကျွန်တော်တို့ကတော့ အရန်သင့်ရှိပါတယ်” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူများ၏ ရာခိုင်နှုန်း ၇၀ ခန့် ဆန္ဒမဲပေးခဲ့ကြသည်ဟု ခန့်မှန်းထားပြီးရွေးကောက်ပွဲသည် UEC က ရည်ရွယ်ထားသည့် ရည်ရွက်ချက်များအတိုင်း အောင်မြင်သည်ဟု သုံးသပ်ထားကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ပြည်သူလူထုသို့ အခိုင်အမာမည်သို့ ပြောနိုင်သနည်းဆိုသည့် မေးမြန်းမှုကို ဦးမြင့်နိုင်က “ရွေးကောက်ပွဲရလဒ်၊ ပြည်သူတွေဘာမှမစိုးရိမ်ပါနဲ့။ ရွေးကောက်ပွဲရလဒ်၊ ခုနကပြောတဲ့ပုံစံ (၁၆) မှာ ရေးသွင်းပြီးသား။ ဘယ်သူမှဖျက်လို့မရဘူး။ ပြင်လို့မရဘူး။ အဲဒီရွေးကောက်ပွဲရလဒ် ပုံစံ (၁၆) ကို အဲဒီသက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းအသီးသီးရဲ့ မဲရုံကိုယ်စားလှယ်တွေရှေ့မှာ ရေတွက်တာ။ သူတို့ရှေ့မှာ ရေးသွင်းတယ်။ သူတို့ လက်မှတ်တွေထိုးပြီးသား။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ဘယ်လိုပြောပြော၊ လွှတ်တော်ကိုယ်စားလှယ်လောင်း မဲရုံကိုယ်စားလှယ်တွေက ပုံစံ ၁၆ အပေါ်မှာ လက်မှတ်ထိုးပြီးသားတွေပဲ။ မြို့နယ်ကော်မရှင်ကရေတဲ့ ကြိုတင်မဲ၊ ပုံစံ (၁၈) မှာ ဖြည့်ပြီးပြီ။ သွင်းပြီးသားပေါ့။ ဒီကိန်းဂဏန်းတွေက ဘယ်လိုမှ ပြုပြင်ပြောင်းလဲလို့ မရဘူး။ ဒါတွေက ကျွန်တော်တို့က ၂၀၁၅ တုန်းကလုပ်ခဲ့တဲ့ ပုံစံ (၁၆) တို့၊ ပုံစံ(၁၈)တို့ဆိုတာလည်းပဲ အခုဒီရွေးကောက်ပွဲပြီးမှ ဖျက်ဆီးရတာ။ ရွေးကောက်ပွဲမတိုင်ခင် ဖျက်ဆီးလို့မရဘူး။ အခုဒါတွေကလည်း သေချာလုံခြုံအောင် သိမ်းထားမှာ။ ဒါကြောင့်မလို့ ဒီရလဒ်ကို ဘယ်သူမှ ပြင်လို့ဖျက်လို့မရဘူး။ ဒီရလဒ်နဲ့ တစ်ထပ်တည်း ကျွန်တော်တို့က ကြေညာရတာပေါ့။ ဒါကြောင့် ပြည်သူတွေက ဘာမှမစိုးရိမ်နဲ့။ ၁၆ မှာ မှတ်တမ်းတင်ပြီးသား။ ဒါကြောင့် ကျွန်တော်တို့ဆီက အင်မတန်ကောင်းပါတယ်လို့။ လက်ရေးနဲ့ဖြည့်တာ။ အကုန်လုံးသူတို့ရှေ့မှာပဲ။ လက်မှတ်ထိုးကြတယ်။ ကွန်ပျူတာတွေ ဘာတွေနဲ့လုပ်ရင်တော့ တစ်မျိုးပြောကြတာပေါ့။ ကျွန်တော်တို့ဆီက သိပ်ကောင်းတယ်။ ဘာမှဒီရလဒ်က ဘာမှပြောင်းလဲစရာ အကြောင်းမရှိတော့ဘူး။ သက်သေခံအထောက်အထားတွေ ရှိပြီးသားတွေ” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

Most Read

Most Recent