ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သော ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲများကို ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ကျင်းပပေးရန် မေတ္တာရပ်ခံကြောင်း AA အဖွဲ့ ထုတ်ပြန်

ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သော ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲများကို ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ကျင်းပပေးရန် မေတ္တာရပ်ခံကြောင်း AA အဖွဲ့ ထုတ်ပြန်
Published 12 November 2020

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲများအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ကျင်းပပေးရန် အစိုးရနှင့် တပ်မတော်အား မေတ္တာရပ်ခံတိုက်တွန်းကြောင်း ရခိုင်လက်နက်ကိုင်အဖွဲ့ AA က နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပြုလုပ်နေသော ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ရပ်တန့်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာလွှမ်းခြုံသော အပစ်အခတ်ရပ်စဲရေးကို ကြေညာကာ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပ နိုင်ရေးအတွက် NLD အစိုးရနှင့် ပူးပေါင်းလုပ် ဆောင်သင့်ကြောင်း အကြံပြုထားသည်။

ထိုသို့ ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် လိုအပ်သည့် တည်ငြိမ်သောအခင်းအကျင်း အခြေအနေတစ်ခုကို ဖန်တီးရန်အတွက် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးတို့နှင့် သင့်လျော်သလို ပံ့ပိုးကူညီ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်းလည်း AA အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် ရွေးကောက်ခံ ကိုယ်စားလှယ်များ၏ အနိုင်အရှုံးရလဒ်၊ အစိုးရသစ်ဖွဲ့နိုင်မည့် ပါတီသည်လည်း ထွက်ပေါ်ခဲ့ပြီဖြစ်ကြောင်း၊ သို့သော် ရခိုင်ပြည်နယ်၏ မြို့နယ်အများစု၌ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သောကြောင့် ၎င်းဒေသအတွင်း နေထိုင်ကြသော ပြည်သူလူထုများအနေဖြင့် မဲပေးခွင့် မရရှိခဲ့ကြဘဲ ပြည်သူ့အသံကိုကိုယ်စား ပြုနိုင်သော ရွေးကောက်ခံကိုယ်စားလှယ်များကို ဆုံးရှုံးခဲ့ရသကဲ့သို့ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးနှင့် ဒီမိုကရေစီ အခွင့်အရေးများလည်း နစ်နာခဲ့ကြောင်း AA အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုသို့သောအခွင့်အရေးများ မဆုံးရှုံးစေရန်အတွက် ရွေးကောက်ပွဲမကျင်းပရသေးသော မြို့နယ်များ၌ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရန် AA အနေဖြင့် မှန်ကန်ရိုးသားသော သဘောထားဖြင့် လိုလားကြောင်း၊ အဆိုပါနေရာများ၌ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရန်အတွက် ပထမဆုံးအနေဖြင့် ၎င်းတို့သည် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခြင်းအား နိုဝင်ဘာ ၁၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်အထိ သက်တမ်းတိုးမြှင့်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

AA အဖွဲ့၏ ယခုထုတ်ပြန်ချက်နှင့်ပတ်သက်၍ တပ်မတော်၏ သဘောထားအား ရယူရန် ဆက်သွယ်မေးမြန်းခဲ့သော်လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။

Most Read

Most Recent