ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ်သုံးခုမှ ဆန္ဒမဲနှစ်ကြိမ်ပေးသူ ငါးဦးအား ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း UEC ထုတ်ပြန်

ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ်သုံးခုမှ ဆန္ဒမဲနှစ်ကြိမ်ပေးသူ ငါးဦးအား ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း UEC ထုတ်ပြန်
Published 12 November 2020
ဉာဏ်လင်းထွန်း

တိုင်းဒေသကြီးနှင့် ပြည်နယ်သုံးခုမှ ဆန္ဒမဲနှစ်ကြိမ်ပေးသူ ငါးဦးကို ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က နိုဝင်ဘာ ၁၁ ရက်တွင်ထုတ် ပြန်သည်။

ဆန္ဒမဲ နှစ်ကြိမ်ပေး၍ အမှုဖွင့်ခံရသူ ငါးဦးအနက် သုံးဦးမှာ ရန်ကုန်တိုင်းရှိ မြို့နယ်သုံးခုမှဖြစ်ပြီး နှစ်ဦးမှာ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းတို့မှဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်း တာမွေမြို့နယ် အရိုးကုန်း ရပ်ကွက်နေဦးကြည်ဇင်သည် အရိုးကုန်းရပ်ကွက် မဲရုံအမှတ် (၅) တွင် မဲပေးပြီးနောက် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အမှတ် (၂၂) ရပ်ကွက်၊ မဲရုံအမှတ် (၈) တွင် ထပ်မံမဲပေးခဲ့သည်ဟု ကော်မရှင်က ထုတ်ပြန်သည်။

ထို့အတူ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်နေ ဒေါ်ဖြူဖြူဝင်းနှင့် ရွှေပြည်သာမြို့နယ်နေ ဦးစိုးလွင်တို့သည်လည်း ၎င်းတို့ မြို့နယ်အတွင်းရှိ မတူညီသောရပ်ကွက်၊ ကျေးရွာအုပ်စုရှိ မဲရုံနှစ်ရုံတွင် ဆန္ဒမဲနှစ်ကြိမ်ပေးခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ပြင် မန္တလေးတိုင်း ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကဘိုးကျေးရွာတွင် နေထိုင်သူ ဦးကျော်စိုးခိုင်သည် နေထိုင်ရာ ကျေးရွာအမှတ် (၁) မဲရုံတွင် ဆန္ဒမဲပေးပြီး ကျစွယ်ကျေးရွာ မဲရုံအမှတ် (၁) တွင် မဲထပ်မံပေးကြောင်း ပေါ်ပေါက်ခဲ့သည်။

ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ကုက္ကိုကျေးရွာအုပ်စု၊ ဒေါင်းချောင်းကျေးရွာနေ ဦးမြင့်ဝင်းသည်လည်း ခနောင်ကျေးရွာ မဲရုံအမှတ် (၂) တွင် တစ်ကြိမ်၊ ကညင်ကုန်းကျေးရွာအုပ်စု၊ မလေးကြီးကုန်းကျေးရွာမဲရုံအမှတ် (၃) တွင် တစ်ကြိမ် ဆန္ဒမဲနှစ်ကြိမ်ပေးခဲ့သည်ဟု ကော်မရှင်ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် အဆိုပါဖြစ်စဉ်များ ကျူးလွန်ခဲ့သော ဦးကျော်စိုးခိုင်၊ ဦးကြည်ဇင်၊ ဒေါ်ဖြူဖြူဝင်း၊ ဦးစိုးလွင်၊ ဦးမြင့်ဝင်းတို့ကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းများတွင် သက်ဆိုင်ရာလွှတ် တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။

ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ ပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ထင်ရှားသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ကယားပြည်နယ် ဖားဆောင်းမြို့နယ်၊ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်၊ ဧရာဝတီတိုင်းရှိ အင်္ဂပူမြို့နယ်နှင့် မအူပင်မြို့နယ်၊ စစ်ကိုင်းတိုင်းဖောင်းပြင်မြို့၊ ရှမ်းပြည်နယ် နမ်းခမ့်မြို့နယ်တို့တွင်လည်း ဆန္ဒမဲနှစ်ကြိမ်ပေးသည့်ဖြစ်စဉ်များ ရှိခဲ့ပြီး ဆန္ဒမဲနှစ်ကြိမ်ပေးခဲ့သူများကို ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ကော်မရှင်က နိုဝင်ဘာ ၈ ရက်နှင့် ၉ ရက်တွင် ထုတ်ပြန်အသိပေးသည်။

ထို့ပြင် UEC အမှတ်အသားမပါသော တံဆိပ်တုံးကိုင်ဆောင်မှုများ၊ UEC အမှတ်အသားမပါသော တံဆိပ်တုံးဖြင့် ဆန္ဒပြုမှုများ၊ ကိုယ်စားဆန္ဒမဲပေးမှုများ၊ ဆန္ဒပြုပြီး မဲလက်မှတ်ကို မဲပုံးအတွင်းသို့ မထည့်ဘဲ ဆုတ်ဖြဲ၍ ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်အရေးယူမှုများလည်းရှိကြောင်း၊ အထွေထွေရွေးကောက် ပွဲနှင့်ပတ်သက်၍ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ ရာဇသတ်ကြီးဥပဒေနှင့် ငြိမ်းစုစီဥပဒေတို့ဖြင့် အမှုဖွင့်အရေးယူထားသူ ၂၈ ဦးရှိပြီး အမှုဖွင့်ခံရသူများတွင် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရာအိမ်မှူး၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများလည်း ပါဝင်ကြောင်းသိရသည်။

 

Most Read

Most Recent