ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုအညွှန်းကိန်းတွင် အဆင့် ၇၈ နှင့် အင်ဒို-ပစိဖိတ် စီးပွားရေးဒေသဆိုင်ရာ ရေရှည်ဖွံ့ဖြိုးမှုရှိသော ကုန်သွယ်ရေးအညွှန်းကိန်း၌ အောက်ဆုံးအဆင့် ၂၀ တွင် ရပ်တည်နေသော မြန်မာနိုင်ငံ

ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုအညွှန်းကိန်းတွင် အဆင့် ၇၈ နှင့် အင်ဒို-ပစိဖိတ် စီးပွားရေးဒေသဆိုင်ရာ ရေရှည်ဖွံ့ဖြိုးမှုရှိသော ကုန်သွယ်ရေးအညွှန်းကိန်း၌ အောက်ဆုံးအဆင့် ၂၀ တွင် ရပ်တည်နေသော မြန်မာနိုင်ငံ
ရန်ကုန်မြို့စွန်ရှိ ဆင်ခြေဖုံးရပ်ကွက်တစ်နေရာကို တွေ့ရစဉ်
ရန်ကုန်မြို့စွန်ရှိ ဆင်ခြေဖုံးရပ်ကွက်တစ်နေရာကို တွေ့ရစဉ်
Published 1 November 2020
စည်သူအောင်

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူဦးရေ ၁၁ ဒသမ ၈ သန်း၊ နိုင်ငံ့လူဦးရေ၏ ၂၄ ဒသမ ၈ ရာခိုင်နှုန်းအထိရှိပြီး လူဦးရေ အများအပြား ဆင်းရဲတွင်းသို့ ပြန်ဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ်နှင့် UNDP တို့ ပူးတွဲပြုစုသည့် မြန်မာနေထိုင်မှုအခြေအနေ စစ်တမ်း (ဆင်းရဲနွမ်းပါးမှုအစီရင်ခံစာ) တွင် သတိပေးထားသည်။ ဆင်းရဲ၍ ထိခိုက်လွယ်သောသူများသည် ရုတ်တရက်ကျရောက်သော ဘေးအန္တရာယ်များကို ရင်ဆိုင်ရနိုင်ခြေ ပိုများသည်။ အများဆုံးကြုံတွေ့ရသည်မှာ စားသောက်ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်ခြင်းအပြင် အပြင်းအထန် နာမကျန်းဖြစ်ခြင်း/ မတော်တဆဖြစ်ခြင်း၊ စိုက်ပျိုးရေးထွက်ကုန်များ စျေးကောင်း မရရှိခြင်း၊ ရေကြီးရေလျှံခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးခေါင်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ပြီး ယခုကဲ့သို့ COVID-19 ကပ်ရောဂါများကလည်း ဆင်းရဲနွမ်းပါးသူများအတွက် ဆင်းရဲတွင်း ပိုနက်စေသည်။ ဆင်းရဲနွမ်းပါးသူများအတွက် အန္တရာယ်အကြီးဆုံးဘေးဒဏ်သည် အာဟာရချို့တဲ့မှုနှင့် ငတ်မွတ်ခေါင်းပါးမှုဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအများစု ဆင်းရဲတွင်းမှ လွတ်မြောက်ရေးအတွက် အဓိကအချက်မှာ နိုင်ငံချမ်းသာလာရန်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ အာဟာရချို့တဲ့မှု ဘေးဒဏ်မှ လွန်မြောက်ရန်အတွက် နိုင်ငံအတွင်း အခြေခံအဆောက်အအုံနှင့် နည်းပညာများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်မှုမှ အစပြု၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် တောင်သူများကို မြှင့်တင်ခြင်း၊ အငယ်စား၊ အသေးစား၊ အလတ်စားလုပ်ငန်းများကို ထောက်ပ့ံခြင်း၊ မြေယာများပိုင်ဆိုင်စေရန် စီမံခန့်ခွဲပေးခြင်း၊ နည်းပညာနှင့် စျေးကွက်ကို လက်လှမ်းမီစေရန် လုပ်ဆောင်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ရန်လိုအပ်သည်။ နိုင်ငံ၏ ကုန်သွယ်ရေး (အထူးသဖြင့် ပို့ကုန်) အားကောင်းမှသာ နိုင်ငံရှိ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်စေမည်ဖြစ်ပြီး အငယ်စား၊ အသေးစား၊ အလတ်စားလုပ်ငန်းများလည်း စျေးကွက်တိုးချဲ့နိုင်မည်ဖြစ်ကာ ပြည်ပတင်ပို့မှုအား ကောင်းလာသည်နှင့်အမျှ ပြည်တွင်းစျေးကွက်နှင့် ဝယ်လိုအား တဖြည်းဖြည်း ကြီးထွားလာရန် အထောက်အကူဖြစ်စေမည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ် ခေါင်းပါးမှုအညွှန်းကိန်းတွင် အဆင့် ၇၈ ရရှိပြီး သုံးနှစ်ဆက်တိုက် နိုင်ငံအလိုက် အဆင့်ကျဆင်းလာသော မြန်မာနိုင်ငံ

၂၀၂၀ ပြည့်နှစ် ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုအညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၀၇ နိုင်ငံအနက် မြန်မာနိုင်ငံ အဆင့် ၇၈ ရရှိပြီး သုံးနှစ်ဆက်တိုက် နိုင်ငံအလိုက် အဆင့်ကျဆင်းလာကြောင်း ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် ထုတ်ပြန်သည့် Global Hunger Index 2020 အရ သိရသည်။

လက်ရှိအစိုးရလက်ထက် မြန်မာနိုင်ငံ၏ နှစ်အလိုက် ငတ်မွတ်ခေါင်းပါးမှုအညွှန်းကိန်းနှင့် အဆင့်များမှာ ၂၀၁၆ ခုနှစ်တွင် အဆင့် ၇၅ (ညွှန်းကိန်း ၂၂) ၊ ၂၀၁၇ ခုနှစ်တွင် အဆင့် ၇၇ (ညွှန်းကိန်း၂၂ ဒသမ ၆)၊ ၂၀၁၈ ခုနှစ်တွင် အဆင့် ၆၈ (ညွှန်းကိန်း ၂၀ ဒသမ ၁)၊  ၂၀၁၉ ခုနှစ်တွင် အဆင့် ၆၉ (ညွှန်းကိန်း ၁၉ ဒသမ ၈) ၂၀၂၀ ပြည့်နှစ်တွင် အဆင့် ၇၈ (ညွှန်းကိန်း ၂၀ ဒသမ ၉) တို့ဖြစ်သည်။

Global Hunger Index အရ ညွှန်းကိန်းဂဏန်းများလေ ငတ်မွတ်ခေါင်းပါးမှု ဆိုးရွားလေဖြစ်ပြီး ယခင်စစ်အစိုးရလက်ထက် ၁၉၉၂ ခုနှစ်တွင် ညွှန်းကိန်း ၅၅ ဒသမ ၈ အထိရှိခဲ့ကာ ငတ်မွတ်ခေါင်းပါးမှု အဆိုးရွားဆုံး ၁၀ နိုင်ငံစာရင်းဝင်ခဲ့သည်။ ထို့နောက် ၂၀၀၀ ပြည့်နှစ်တွင် ညွှန်းကိန်း ၄၅ ဒသမ ၃၊ ၂၀၀၆ ခုနှစ်တွင် ညွှန်ကိန်း ၃၁ ဒသမ ၈ အထိ နိမ့်ဆင်းကာ ငတ်မွတ်ခေါင်း ပါးမှုပမာဏလျော့ကျလာခဲ့သည်။ ဦးသိန်းစိန်ခေါင်းဆောင်သော ယခင်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် ငတ်မွတ်ခေါင်းပါးမှုအညွှန်းကိန်းနှင့် အဆင့် ၄၁ (ညွှန်းကိန်း ၁၆ ဒသမ ၃) အထိ မြင့်တက်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် အဆင့် ၆၅ (ညွှန်းကိန်း ၂၃ ဒသမ ၅) အထိ ပြန်လည်ကျဆင်းခဲ့သည်။

မြန်မာနိုင်ငံ၏ အဆင့် ၇၈ နေရာသည်  အငတ်ဘေးအန္တရာယ်ဇုန်တွင် ဆက်ရှိနေခြင်းဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယက အဆင့် ၉၄၊ ဘင်္ဂလားဒေ့ရှ်က အဆင့် ၇၅ ရရှိထားသည်။ အာဆီယံနိုင်ငံများ ဖြစ်သော ထိုင်းက အဆင့် ၄၈၊ မလေးရှားက အဆင့် ၅၉၊ ဗီယက်နမ်က အဆင့် ၆၁၊ ဖိ လစ်ပိုင်က အဆင့် ၆၉၊ အင်ဒိုနီးရှားက အဆင့် ၇၀၊ ကမ္ဘောဒီးယားက အဆင့် ၇၆ ဖြင့် မြန်မာနိုင်ငံအထက်တွင် ရပ်တည်နေသည်။

မြန်မာနိုင်ငံ၏ ငတ်မွတ်ခေါင်းပါးမှုအခြေအနေသည် နှစ် ၂၀ ကျော်အတွင်း တဖြည်းဖြည်း လျော့နည်းလာသော်လည်း ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်ခေါင်းပါးမှုအန္တရာယ်မှ လွတ်မြောက်နိုင်ရန်အတွက် ကောင်းမွန်သည့် မူဝါဒများစွာ ချမှတ်ရန် လိုအပ်နေသည်။

လွန်ခဲ့သော ၁၀ စုနှစ်နှစ်ခုအတွင်း အာဟာရချို့တဲ့သော လူဦးရေသည် စီးပွားရေးတိုးတက်မှုနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာခြင်းကြောင့် ထက်ဝက်နီးပါး ကျဆင်းခဲ့သော်လည်း အစာခေါင်းပါးခြင်းနှင့် ငတ်မွတ်ခေါင်းပါးမှုကို ဆက်လက်ရင်ဆိုင်နေရသူများစွာလည်း ကျန်ရှိနေသည်။

ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုတို့သည် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသောအတားအဆီးတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်သည်။

အင်ဒို-ပစိဖိတ်စီးပွားရေးဒေသဆိုင်ရာ ရေရှည်ဖွံ့ဖြိုးမှုရှိသောကုန်သွယ်ရေး အညွှန်းကိန်းတွင် ရမှတ် ၄၀ ဒသမ ၁ ဖြင့် အောက်ဆုံးအဆင့် ၂၀ ၌ ဆက်ရှိနေသော မြန်မာနိုင်ငံ

နိုင်ငံပေါင်း ၂၀ ပါဝင်သည့် အင်ဒို-ပစိဖိတ်စီးပွားရေးဒေသဆိုင်ရာ ရေရှည်ဖွံ့ဖြိုးမှုရှိသော ကုန်သွယ်ရေးအညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် ရမှတ် ၄၀ ဒသမ ၁ ဖြင့် အောက်ဆုံးအဆင့် ၂၀ ၌ ဆက်ရှိနေကြောင်း  Hinrich Foundation နှင့် The Economic Intelligence Unit တို့ ပူးပေါင်းထုတ်ပြန်သည့် Sustainable Trade Index 2020 အရ သိရသည်။

အဆိုပါ Sustainable Trade Index ကို နှစ်နှစ်တစ်ကြိမ် ထုတ်ပြန်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် Sustainable Trade Index 2018 တွင်လည်း အောက်ဆုံးအဆင့် ၂၀ တွင်သာ ရပ်တည်နိုင်ခဲ့ပြီး Sustainable Trade Index 2020 တွင်လည်း အဆင့်အပြောင်းအလဲ မဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Sustainable Trade Index 2020 တွင် နိုင်ငံအလိုက်ရရှိခဲ့သော အဆင့်နှင့် ရမှတ်များမှာ ဂျပန်နှင့် တောင်ကိုရီးယားပူးတွဲ အဆင့် (၁) (ရမှတ် ၇၅ ဒသမ ၁)၊ စင်ကာပူ အဆင့် (၃) (ရမှတ် ၇၀)၊ ဟောင်ကောင် အဆင့် (၄) (ရမှတ် ၆၈ ဒသမ ၁)၊ ထိုင်ဝမ် အ ဆင့် (၅) (ရမှတ် ၆၆ ဒသမ ၇)၊ အမေရိကန် အဆင့် (၆) (ရမှတ် ၆၆ ဒသမ ၁)၊ တရုတ် အ ဆင့် (၇) (ရမှတ် ၅၆ ဒသမ ၁)၊ ဖိလစ်ပိုင်အဆင့် (၈) (ရမှတ် ၅၅  ဒသမ ၉)၊ သီရိလင်္ကာနှင့် ထိုင်း ပူးတွဲအဆင့် (၉) (ရမှတ် ၅၀ ဒသမ ၅)၊ မလေးရှား အဆင့် (၁၁) (ရမှတ် ၄၉ ဒသမ ၈)၊ ဘင်္ဂလားဒေ့ရှ်အဆင့် (၁၂) (ရမှတ် ၄၉ ဒသမ ၃)၊ ဘရူနိုင်း အဆင့် (၁၃) (ရမှတ် ၄၈ ဒသမ ၅)၊ ကမ္ဘောဒီးယားအဆင့်  (၁၄) (ရ မှတ် ၄၈)၊ အိန္ဒိယ အဆင့် (၁၅) (ရမှတ် ၄၇ ဒသမ ၁)၊ ဗီယက် နမ် အဆင့် (၁၆) (ရမှတ် ၄၆ ဒသမ ၇)၊ အင်ဒိုနီးရှားအဆင့် (၁၇) (ရမှတ် ၄၆ ဒသမ ၄)၊ လာအို အဆင့် (၁၈) (ရ မှတ် ၄၆ ဒသမ ၂)၊ ပါကစ္စတန် အဆင့် (၁၉) (ရမှတ် ၄၃ ဒသမ ၉)၊ မြန်မာ အဆင့် (၂၀) ရမှတ် (၄၀ ဒသမ ၁) ဖြစ်သည်။

Sustainable Trade Index 2020 တွင် ပါဝင်သည့် နိုင်ငံ ၂၀ အနက် ကိုးနိုင်ငံသည် ၂၀၁၈ ခုနှစ်ကထက် အဆင့်မြင့်တက်ခဲ့ပြီး ရှစ်နိုင်ငံသည် ၂၀၁၈ ခုနှစ်ကထက် အဆင့်ကျဆင်းခဲ့ကာ မြန်မာနိုင်ငံ အပါအဝင် သုံးနိုင်ငံသည် ၂၀၁၈ ခုနှစ်ကအတိုင်း ဆက်လက်တည်ရှိခြင်းဖြစ်သည်။

Sustainable Trade Index 2020 ကို မဏ္ဍိုင်သုံးရပ်ဖြင့် အမှတ်ပေး အဆင့်သတ်မှတ်ခြင်းဖြစ်ပြီး ၎င်းတို့မှာ စီးပွားရေးမဏ္ဍိုင်၊ လူမှုဘဝ မဏ္ဍိုင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမဏ္ဍိုင်တို့ဖြစ်သည်။

စီးပွားရေးမဏ္ဍိုင်တွင် ပြည်တွင်းစုစုပေါင်းထုတ်လုပ်မှုတန်ဖိုး (GDP) ၊ တစ်ဦးချင်းဝင်ငွေ၊ နိုင်ငံ့ စာရင်းရှင်ငွေစာရင်း၊ ကုန်သွယ် ရေးဖြေလျှော့မှု၊ ကုန်သွယ်ရေး အတားအဆီးများ၊ ငွေလဲနှုန်းတည်ငြိမ်မှု၊ ဘဏ္ဍာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ ပြည်ပကုန်သွယ်ရေး ဖွံ့ဖြိုး တိုးတက်မှု၊ ငွေပေးချေမှုလုံခြုံစိတ်ချရမှု၊ ပို့ကုန်အမယ်များပြားမှု၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၊ အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးမှု၊ ကုန်သွယ်ရေးကုန်ကျစရိတ်၊ နည်းပပညာ ဖွံ့ဖြိုးမှုနှင့် အသုံးချနိုင်မှု၊ အရည်အသွေးပြည့်မီသောလုပ်သားစျေး ကွက်ရှိမှုစသည်တို့အပေါ် အမှတ်ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံက စီးပွားရေးမဏ္ဍိုင်တွင် (ရမှတ် ၄၈ ဒသမ ၉) (အဆင့် ၁၇) ရရှိခဲ့ကာ ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အဆင့်သုံးဆင့်မြင့်တက်ခဲ့သည်။

လူမှုဘဝမဏ္ဍိုင်တွင် ကျန်းမာကြံ့ခိုင်မှု၊ ပညာရေးစနစ်ကောင်းမွန်မှု၊ အရည်အသွေး မြင့်မားသော လုပ်သားများရှိမှု၊ နိုင်ငံရေး တည် ငြိမ်မှု၊ လူကုန်ကူးခံရမှုနှင့် လုပ်အား ခေါင်းပုံဖြတ်ခံရမှု စသည်တို့အပေါ် အမှတ်ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံက လူမှုဘဝ မဏ္ဍိုင်တွင် (ရမှတ် ၃၅ ဒသမ ၇) (အဆင့် ၂၀) ရရှိခဲ့ကာ ၂၀၁၈ ခုနှစ်နှင့်နှိုင်းယှဉ်ပါက အဆင့် တစ်ဆင့်ကျဆင်းခဲ့သည်။

သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးမဏ္ဍိုင်တွင် လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ ကောင်းမွန်သောအမှိုက်ပစ်စနစ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် လျော်ညီသော ကုန်သွယ်ရေးမူဝါဒရှိမှု၊ သဘာဝထွက်ကုန်များကို ဦးစားပေးမှုရှိသော ကုန်သွယ်ရေးမူဝါဒ ရှိမှု၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချနိုင်မှု စသည်တို့အပေါ် အမှတ်ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမဏ္ဍိုင်တွင် (ရမှတ် ၃၅ ဒသမ ၆) (အဆင့် ၁၇) ရရှိခဲ့ကာ ၂၀၁၈ ခုနှစ်နှင့်နှိုင်းယှဉ်ပါက အဆင့် တစ်ဆင့်မြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံသည် Sustainable Trade Index 2020 တွင် မဏ္ဍိုင်သုံးရပ်အနက် မဏ္ဍိုင်နှစ်ရပ်တွင် အနည်းငယ်တိုးတက်ခဲ့သော်လည်း မဏ္ဍိုင်အားလုံးပေါင်းအဆင့် သတ်မှတ်ရာတွင် အဆင့် ၂၀ သာ ဆက်လက်ရရှိခဲ့ခြင်းဖြစ်သည်။

ညွှန်းကိန်းနှစ်ခုအရ နိုင်ငံအတွင်းရှိ လူဦးရေအများအပြားသည် ဆင်းရဲတွင်းရှိ ငတ်မွတ်ခေါင်းပါးမှု၊ အာဟာရချို့တဲ့မှုနွံအတွင်း ကျရောက်နေဆဲဖြစ်ပြီး အားနည်းနေသည့် နိုင်ငံ့ကုန်သွယ်ရေး အခြေအနေကလည်း နိုင်ငံ၏စီးပွားရေးကို ချိနဲ့စေလျက်ရှိသည်။ နိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှုအများဆုံး ဒေသများမှာ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု အနည်းဆုံးဒေသများမှာ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့ ဖြစ်သည်။ တစ်ဦးကျပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖုုိး (Per Capita GDP) တွင် မြန်မာနိုင်ငံသည် အာဆီယံ ၁၀ နိုင်ငံအနက် အနိမ့်ဆုံးဖြစ်နေပြီး အဆင်းရဲဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက်၊ ဆင်းရဲတွင်းမှ ပြည်သူများကို ဆွဲထုတ်နိုင်ရေးအတွက် စိန်ခေါ်မှုများစွာရှိနေသည်။

Most Read

Most Recent