စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရပ်ကွက်တွင် ကြိုတင်မဲပုံးရှိ လုံခြုံးရေးကြိုးပြတ်တောက်မှုကြောင့် ယင်းမဲပုံးတွင်းရှိမဲများကို နိုင်ငံရေးပါတီလေးခု၏ သဘောထားဖြင့် ပယ်မဲများအဖြစ် သတ်မှတ်လိုက်ကြောင်း လဟယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နှင်းဟေမာန်လွင်၏ ပြောကြားချက်အရ သိရသည်။
အောက်တိုဘာ ၂၉ ရက်မှစတင်ကာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မရပ်ကွက်တွင် အသက် ၆၀ နှစ်နှင့်အထက် ရှိသူများ မဲပေးပြီး မဲရုံးတာဝန်ကျစာရေးသည် အဆိုပါမဲပုံးကို ဆိုင်ကယ်ပေါ်ကို တင်ဆောင်ရာမှ လုံခြုံရေးကြိုးတစ်ကြိုး ပြတ်ထွက်သွားကြောင်း ဒေါ်နှင်းဟေမာန်လွင်က ပြောကြားသည်။
“မတော်တဆပြုတ်ထွက်သွားတဲ့ သဘောပါ။ ကျွန်မတို့က ချက်ချင်းပဲ နိုင်ငံရေး ပါတီလေးခုကို ခေါ်ပြီး ဆောင်ရွက်တယ်။ နိုင်ငံရေးပါတီလေးခုရဲ့ သဘောတူညီချက်နဲ့ပဲ အဲဒီမဲပုံးကို ပယ်မဲအဖြစ် သတ်မှတ်လိုက်တယ်။ အဲဒီမဲပုံးထဲမှာ ၂၂ မဲပါတယ်” ဟု ဒေါ်နှင်းဟေမာန်လွင်က ပြောကြားသည်။
နာဂအမျိုးသားပါတီမှ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေအမှတ် (၁၂) ကိုယ်စားလှယ်လောင်း ဦးအီနွေက “ကျွန်တော်တို့ကတော့ တရားမျှတတဲ့ ရွေးကောက်ပွဲပဲလိုချင်တယ်။ အဖြေမှန်ပဲ လိုချင်တယ်ဆိုတော့ လုံခြုံရေးကြိုးက ပျက်ပြယ်နေတဲ့အခါကျတော့ လူတွေကလည်း သံသယရှိလာတဲ့ အခါကျတော့ အဲဒီသံသယကို မကင်းမကင်းနဲ့ သယ်ဆောင်သွားလို့မရဘူး။ ရွေးကောက်ပွဲဥပဒေအရ သွားမယ်ဆိုရင် ဒီဟာကြီးက တကယ်ပဲလုပ်မယ်ဆိုရင် နောက်ရလဒ်ပြန် တွေးတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် ပြန်ပြီးတော့ တရားစွဲဆိုလို့ရှိရင် မဲရုံမှူးတွေနဲ့ တာဝန်ရှိတဲ့သူတွေအတွက် ပိုပြီးတော့ အန္တရာယ်ကြီးတယ်။ ကျွန်တော်တို့ နောက်ဆုံးပယ်ဖို့ လုပ်လိုက်ကြတယ်” ဟု ပြောကြားသည်။
လဟယ်မြို့နယ်တွင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌ နာဂအမျိုးသားပါတီ၊ UBP ပါတီ၊ NLD ပါတီ၊ USDP ပါတီတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။