ကြိုတင်မဲများတွင် အမှန်ခြစ်တံဆိပ်တုံးဖြင့် ဆန္ဒပြုရမည့်အစား ဘောပင်ဖြင့် အမှန် ခြစ်ပြုထားခြင်းနှင့် လွှတ်တော်အလိုက် ထည့်သွင်းရမည့် ကြိုတင်မဲလက်မှတ်နှင့် စာအိတ် လွဲမှားသော်လည်း မဲဆန္ဒရှင်က မှန်ကန်စွာ ဆန္ဒပြုထားသော ကြိုတင်ဆန္ဒမဲများကို ပယ်မဲအဖြစ် သတ်မှတ်မည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။
COVID-19 ရောဂါကူးစက်ဖြစ်ပွားမူ အခြေအနေများအရ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဖွဲ့စည်းထားရှိသော ကြိုတင်ဆန္ဒမဲကောက်ယူ ရေးအဖွဲ့များသည် အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ မဲဆန္ဒရှင် များအတွက် ကြိုတင်ဆန္ဒမဲများကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အတွင်း ကောက်ယူပေးလျက်ရှိကြောင်း၊ ထိုကဲ့သို့ကြို တင်မဲဆန္ဒများရယူရာတွင် ဆန္ဒပြုပြီး ဆန္ဒမဲ လက်မှတ်များ ထည့်သွင်းသည့် စာအိတ်များကို မဲဆန္ဒရှင်များက လုံခြုံစွာပိတ်ခဲ့မူမရှိခြင်း အချို့စာအိတ်များကိုကော်သုတ်၍ ပိတ်ရာ၌ ဆန္ဒမဲလက်မှတ်များကို အစွန်းအထင်းဖြစ် ပေါ်နိုင်စေခြင်း တာဝန်ရှိသူကစာအိတ်များ ကို ဖွင့်ဖောက်သည့်အခါ ဆန္ဒမဲ လက်မှတ်စုတ် ပြဲမူဖြစ်ပေါ်နိုင်ခြင်းတို့ကြောင့် အဆိုပါ ဆန္ဒ မဲလက်မှတ်များကို ပဲမယ်အဖြစ် သတ်မှတ်မည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ကြိုတင်ဆန္ဒမဲကောက်ယူရေး အဖွဲ့များက အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူ မဲဆန္ဒရှင်များ၏ နေအိမ်များသို့ သွားရောက်ပြီး ကြိုတင်ဆန္ဒမဲများ ရယူရာတွင် ကောက်ယူရမည့် မဲဆန္ဒရှင်အရေအတွက် များပြားခြင်းကြောင့် သတ်မှတ်ထားသော အမှန်ခြစ်တံဆိပ်တုံးဖြင့် ဆန္ဒပြုမည့်အစား ဘောပင်ဖြင့်အမှန်ခြစ်၍ ဆန္ဒပြုထားသည့် ဆန္ဒမဲလက်မှတ်၊ ကြိုတင်ဆန္ဒမဲ လက်မှတ်ပေါ်တွင် မဲရုံမှူး၏လက်မှတ် သို့မဟုတ် ဆန္ဒမဲလက်မှတ်၏ ကျောဘက်တွင် ကော်မရှင်အဖွဲ့ခွဲ တံဆိပ်တုံး သို့မဟုတ် တာဝန်ခံ ထုတ်ပေးသူ၏လက်မှတ်နှင့် အမည်ပါ သောဆန္ဒမဲလက်မှတ်၊ လွှတ်တော်အလိုက် ထည့်သွင်းရမည့် ကြိုတင်မဲလက်မှတ်နှင့် စာအိတ်လွဲမှားသော်လည်း မဲဆန္ဒရှင်က မှန်ကန် စွာ ဆန္ဒပြုထားသော ဆန္ဒမဲလက်မှတ်များကို ပယ်မဲအဖြစ် သတ်မှတ်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ကြိုတင်ဆန္ဒမဲများ ကောက်ယူပြီးစီး ပါက သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် မဲရုံ များအလိုက်ထားရှိသော ချိတ်ပိတ်ထားသည့် ကြိုတင်ဆန္ဒမဲပုံးအတွင်းသို့ ပြောင်းရွှေ့ထည့် သွင်းရန်အတွက် သက်ဆိုင်ရာရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်သို့ ညွှန်ကြားထားပြီးဖြစ်ဟု ထုတ်ပြန်ချက်၌ပါရှိသည်။
ထို့ကြောင့် သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တွင် ရဲလုံခြုံရေးအစောင့်ရှောက်ဖြင့် ထိန်းသိမ်းထားရှိသော မဲရုံအလိုက် ချိတ်ပိတ်ထားသည့် ကြိုတင်ဆန္ဒမဲပုံးများကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲကိုယ်စားလှယ်များ မဲရုံကိုယ်စားလှယ်များ အကူကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများသည် သတ်မှတ်ထားသည့်နေရာမှ စောင့်ကြပ် ကြည့်ရှု လေ့လာနိုင်ကြောင်း ထုတ်ပြန်ထားသည်။