မွေးမြူရေးနှင့် ရေလုပ်ငန်း၊ အိမ်ရာအဆောက်အအုံ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ အခြားဝန်ဆောင်မှုနှင့် စက်မှုကဏ္ဍစသည့် စီးပွားရေးကဏ္ဍ ငါးခုတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု အသစ်များ MIC ခွင့်ပြု

မွေးမြူရေးနှင့် ရေလုပ်ငန်း၊ အိမ်ရာအဆောက်အအုံ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ အခြားဝန်ဆောင်မှုနှင့် စက်မှုကဏ္ဍစသည့် စီးပွားရေးကဏ္ဍ ငါးခုတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု အသစ်များ MIC ခွင့်ပြု
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၁၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-MIFER)
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၁၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-MIFER)
Published 29 October 2020
ဇေယျာငြိမ်း

မွေးမြူရေးနှင့် ရေလုပ်ငန်း၊ အိမ်ရာအဆောက်အအုံ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ အခြားဝန်ဆောင်မှုနှင့် စက်မှုကဏ္ဍ စသည့် စီးပွားရေးကဏ္ဍ ငါးခုတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု အသစ်များ ထပ်မံခွင့်ပြု ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ သိရသည်။

အောက်တိုဘာ ၂၈ ရက်က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ (၁၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်းရှစ်ခုမှ မတည်ရင်းနှီးငွေရင်း တိုးမြှင့်ခြင်း အပါအဝင် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ စက်မှုကဏ္ဍ၊ အိမ်ရာနှင့် အဆောက်အအုံကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍတို့မှ လုပ်ငန်းသစ် ငါးခုကို ခွင့်ပြုခဲ့သည်။

အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၁၀၅ ဒသမ ၈၉၁ သန်းနှင့် ကျပ် ၃၅ ဒသမ ၆၂၉ ဘီလျံရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၆၈၈ နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။

နိုင်ငံပေါင်း ၅၁ နိုင်ငံမှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် အဓိက လာရောက်ရင်းနှီးမြှုပ်နှံထားပြီး လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၁၇ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၀၉ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၅ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၅ ဘီလျံရှိသည့်စီမံကိန်း ၂၄ ခု၏ အဆိုပြုလွှာများ လက်ခံရရှိထားပြီး ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA)၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

COVID-19 ကြောင့်  အသွားအလာ ကန့်သတ်ထားသဖြင့် အချို့လုပ်ငန်းများ ဝင်ရောက်ရန် ရှိသော်လည်း ခွင့်ပြုမပေးနိုင်ခဲ့သဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လျာထားချက် ပြည့်မီခြင်း မရှိဘဲ လျော့ကျခဲ့သည်။

 

Most Read

Most Recent