လာမည့် နိုဝင်ဘာ ၈ ရက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါ ၂၀၂၀ ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မဲဆန္ဒနယ် ၆၄၄ နယ်နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၀ ကျော်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ထဲမှ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ စိတ်ဝင်စားမှု မြင့်တက်နိုင်သည့် ကိုယ်စားလှယ်လောင်း အချို့နှင့် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည့် မဲဆန္ဒနယ်များမှ ကိုယ်စားလှယ်လောင်း အချို့ကို Eleven Media Group အယ်ဒီတာအဖွဲ့က ရွေးချယ်ဖော်ပြ လိုက်ပါသည်။
အမည် - စိုင်းအောင်မြင့်(ခ)စိုင်းကူး
အသက် - ၄၇ နှစ်
ပညာအရည်အချင်း - Second Year Botany
လူမျိုး - ရှမ်း
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတ - ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကျောက်မဲမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
စိုင်းအောင်မြင့်(ခ)စိုင်းကူးသည် ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် SNLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် SNLD ပါတီက အနိုင်ရရှိထားသဖြင့် စိုင်းအောင်မြင့်အနေဖြင့် ဒေသခံများ၏ ထောက်ခံမှုရရှိနိုင်ကြောင်း သုံးသပ်ရသည်။ စိုင်းအောင်မြင့်သည် SNLD ပါတီ ကျောက်မဲမြို့နယ် အလုပ်အမှုဆောင်အဖွဲ့၏ စာရင်းစစ်ဖြစ်သည်။ နမ့်ခုံးရှမ်းများ ပရဟိတအသင်း၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ထို့ပြင် ရှမ်း သာရေးနှင့် နာရေးအသင်း၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းတို့တွင် ပါဝင်ဆောင်ရွက်သူလည်း ဖြစ်သည်။ ယင်းမဲဆန္ဒနယ်တွင် ၎င်းအနေဖြင့် တိုင်းရင်းသားပါတီ တစ်ခုဖြစ်သည့် SNDP ပါတီကို အဓိက ယှဉ်ပြိုင်ရမည်ဖြစ်ပြီး တအာင်း(ပလောင်) အမျိုးသားပါတီ၊ တစ်သီးပုဂ္ဂလနှင့် ပြည်မမှ NLD ပါတီ၊ USDP ပါတီတို့လည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
အမည် - ဦးတင်မောင်သိန်း
အသက် - ၆၅ နှစ်
ပညာအရည်အချင်း - စိုက်ပျိုးရေးသိပ္ပံဘွဲ့
လူမျိုး - ဗမာ/ရှမ်း
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - တစ်သီးပုဂ္ဂလ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကျောက်မဲမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ဦးတင်မောင်သိန်းသည် ၈၈ အရေးတော်ပုံတွင် ကျောက်မဲမြို့၌ ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး တပ်မတော် အာဏာသိမ်းစဉ်တွင် ဖမ်းဆီးထိန်းသိမ်းခံရကာ ထောင်တစ်နှစ်ခွဲ ကျခဲ့သည်။ အကျဉ်းထောင်မှ လွတ်မြောက်ပြီးနောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် ကနဦး နိုင်ငံရေး ဆောင်ရွက်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (ကျောက်မဲခရိုင်) ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဒေသတွင်းစစ်ပွဲများ ဖြစ်ပွားလာခြင်းကြောင့် စစ်ဘေးရှောင်ကော်မတီကို ဖွဲ့စည်း၍ စစ်ဘေးရှောင်များကို ကူညီပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ၎င်းသည် လူမှုကူညီရေး ဆောင်ရွက်သူဖြစ်၍ ဒေသတွင်း လူသိများသူဟု ဆိုနိုင်သော်လည်း ယင်းမဲဆန္ဒနယ်တွင် ဒေသခံ ရှမ်းတိုင်းရင်းသားပါတီများက အားကောင်းသည့်အပြင် ပြည်မပါတီကြီး နှစ်ခုဖြစ်သည့် အာဏာရ NLD ပါတီ၊ USDP ပါတီတို့လည်း ယှဉ်ပြိုင်မည် ဖြစ်သဖြင့် အနိုင်ရရှိရေး ရုန်းကန်ရမည့် သဘောရှိသည်။
အမည် - ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်
အသက် - ၇၂ နှစ်
ပညာအရည်အချင်း - သိပ္ပံဘွဲ့(သတ္တဗေဒ)၊ အထက်တန်းရှေ့နေ
လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - NLD
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - နောင်ချိုမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော် နေရာကို NLD ပါတီကိုယ်စားပြု၍ အနိုင်ရရှိထားသူဖြစ်သည်။ လက်ရှိတွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သူဖြစ်သည်။ ၎င်းသည် ပုံမှန်အားဖြင့် အေးဆေးစွာနေသူဟု ဆိုရမည် ဖြစ်သော်လည်း လွှတ်တော်အစည်းအဝေးအတွင်း ဒုတိယဥက္ကဋ္ဌအဖြစ် ကြီးကြပ်ရာတွင် ဥပဒေအတိုင်း ပြတ်သားစွာ စကားပြောဆိုမှုက လွှတ်တော်ကိုယ်စားလှယ်များနှင့် အများပြည်သူအကြား မှတ်မှတ်ထင်ထင် ရှိနေသည်။ ၁၉၈၈ ခုနှစ် ကျောက်မဲမြို့နယ် တရားရုံးမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသား တစ်ဦးဖြစ်ပြီး NLD ပါတီ CEC တစ်ဦးလည်း ဖြစ်သည်။ ၎င်းအနေဖြင့် ယင်းမဲဆန္ဒနယ်တွင် ဒေသခံ ရှမ်းတိုင်းရင်းသားများ၏ ထောက်ခံမှု အားကောင်းသည့် SNLD ပါတီနှင့် အဓိက ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည်။
အမည် - ဦးအောင်ကျော်မိုး(ခ)ကိုမိုး
အသက် - ၅၄ နှစ်
ပညာအရည်အချင်း - သိပ္ပံဘွဲ့ (ဓာတုဗေဒ)
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - SNLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - နောင်ချိုမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးအောင်ကျော်မိုး (ခ) ကိုမိုးသည် SNLD ပါတီ၏ မြေယာနှင့် သဘာဝ သယံဇာတဆိုင်ရာ အကြံပေး အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ နိုင်ငံရေး လှုပ်ရှားမှုအနေဖြင့် ၈၈ အရေးအခင်းတွင် ဝန်းသိုမြို့နယ်၏ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ဦးဆောင်လှုပ်ရှားခဲ့သူပြီး ၁၉၈၉ မှ ၁၉၉၃ အထိ (ABSDF) လှုပ်ရှားခဲ့သူ ဖြစ်သည်။ မြေယာနှင့် သဘာဝသယံဇာတများနှင့် ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်း အနေဖြင့် ဆောင်ရွက်မှုများကြောင့် လူသိများသူလည်းဖြစ်သည်။ ဒေသခံများ၏ တိုင်းရင်းသားပါတီများကို ထောက်ခံမှု မြင့်တက်နေမှုအရ ၎င်းအနေဖြင့် SNLD ပါတီမှ ဝင်ရောက် အရွေးချယ်ခံခြင်းသည် အလားအလာကောင်း တစ်ရပ်ဖြစ်သည်။ သို့သော် လက်ရှိ နောင်ချိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်မှာ NLD ပါတီဖြစ်သဖြင့် အဓိက ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ၊ အခြားဒေသတွင်း SNDP ပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ စသည်တို့နှင့်လည်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အမည် - နန်းခမ်းအေး
အသက် - ၅၆ နှစ်
ပညာအရည်အချင်း - B.Sc (Maths)
လူမျိုး - ရှမ်း
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - SNLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - နမ္မတူမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
နန်းခမ်းအေးသည် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ SNLD ပါတီမှ လက်ရှိနမ္မတူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားများ၏ ထောက်ခံမှု အားကောင်း နေခြင်းကြောင့် ယင်းမဲဆန္ဒနယ်တွင် ထပ်မံအနိုင်ရရှိမည်ဟု ခန့်မှန်းကြသည်။ ယင်းမဲဆန္ဒနယ်တွင် ၎င်းအနေဖြင့် ဒေသတွင်း တိုင်းရင်းသား ပါတီများဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တအာင်း (ပလောင်) အမျိုးသားပါတီ၊ ကချင်အမျိုးသား ကွန်ဂရက်ပါတီတို့ကို အဓိက ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြည်မပါတီများဖြစ်သည့် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်၍ ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည့် မဲဆန္ဒနယ် တစ်ခုအဖြစ် ဆိုနိုင်သည်။
အမည် - ဦးလမင်းထွန်း(ခ)အဖြိုး
အသက် - ၂၉ နှစ်
ပညာအရည်အချင်း - B.A (Geo;)
လူမျိုး - တအာင်း(ပလောင်)
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - တအာင်း (ပလောင်) အမျိုးသားပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - နမ့်ဆန်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
နမ့်ဆန်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၂၀၁၅ ရွေးကောက်ပွဲတွင် တအာင်း (ပလောင်) အမျိုးသားပါတီကပင် အနိုင်ရရှိထားပြီး ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် တအာင်း (ပလောင်) အမျိုးသားပါတီက လူပြောင်း၍ ဦးလမင်းထွန်း (ခ) အဖြိုးကို ပါဝင်ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး အနိုင်ရရှိရန် အသေအချာ တွက်ချက်ထားဟန်ရှိသည်။ ဦးလမင်းထွန်း(ခ) အဖြိုးသည် လူငယ်ပညာတတ်တစ်ဦး ဖြစ်သည့်အတွက် ဒေသတွင်း တိုင်းရင်းသားများ၏ ထောက်ခံမှုနှင့် စိတ်ဝင်စားမှုရှိသူဟု ဆိုနိုင်သည်။ ယင်းမဲဆန္ဒနယ်အတွင်း ပါတီသုံးခုသာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြည်မမှ အင်အားကြီး NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်းများက ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
အမည် - နန်းစမ်းစမ်းအေး
အသက် - ၃၃ နှစ်
ပညာအရည်အချင်း - BE (Electrical Power)၊ MEng (Energy Technology)
လူမျိုး/ဘာသာ - ရှမ်း/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - SNLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
နန်းစမ်းစမ်းအေးသည် SNLD ပါတီဗဟိုကော်မတီဝင် တစ်ဦးဖြစ်ပြီး လက်ရှိတွင် သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်သို့ ပြောင်းလဲ ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ ရှမ်းပြည်နယ် လွှတ်တော်၏ ဒေသန္တရ စီမံကိန်းနှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ စိစစ်ရေး ကော်မတီ၏ အတွင်းရေးမှူးလည်း ဖြစ်သည်။ လူငယ်တစ်ဦး အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်သူဖြစ်၍ ဒေသခံများ အကြား၏ စိတ်ဝင်စားမှု ခံရသူဖြစ်ကာ ရွေးကောက်ပွဲ အနိုင်ရရန် အလားအလာ ကောင်းများရှိသည်။ ၎င်းအနေဖြင့် ယင်းမဲဆန္ဒနယ်တွင် ဒေသတွင်း ပါတီဖြစ်သည့် ှSNDP ပါတီ၊ ပြည်မမှ NLD ပါတီ၊ USDP ပါတီတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အမည် - ဦးစိုင်းနွံတွီ
အသက် - ၅၄ နှစ်
ပညာအရည်အချင်း - B.Sc (Chemistry)
လူမျိုး - ရှမ်း
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - SNLD
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တာချီလိတ်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးစိုင်းနွံတွီသည် ှSNLD ပါတီ တာချီလိတ်မြို့နယ် ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သည်။ ရှစ်လေးလုံး လူထုလှုပ်ရှားမှုတွင် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျောင်းသားခေါင်းဆောင် အဖွဲ့တွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး အလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် မိုင်းယန်း မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသည်။ တာချီလိတ် မဲဆန္ဒနယ်တွင် NLD ပါတီနှင့် အဓိက ယှဉ်ပြိုင်ရမည်ဖြစ်ပြီး တိုင်းရင်းသား ပါတီများအပေါ် လူထုစိတ်ဝင်စားလာသည့် နိုင်ငံရေး အခြေအနေ ပြောင်းလဲမှုက ဦးစိုင်းနွံတွီအတွက် အခြေအနေကောင်း တစ်ရပ်ဖြစ်သည်။
အမည် - ဦးဝင်းစွမ်
အသက် - ၅၃ နှစ်
ပညာအရည်အချင်း - ၀ိဇ္ဇာဘွဲ့(ပထဝီဝင်)
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တာချီလိတ်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးဝင်းစွမ်သည် ဆောက်လုပ်ရေး ကန်ထရိုက်တာ တစ်ဦးဖြစ်ပြီး တာချီလိတ်မြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် အာဏာရပါတီ NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် တာချီလိတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာကို တာချီလိတ်မြို့နယ် NLD ပါတီဥက္ကဋ္ဌက အနိုင်ရရှိပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဦးဝင်းစွမ်ကို ပြောင်းလဲရွေးချယ် စေခြင်းဖြစ်သည်။ ဦးဝင်းစွမ် အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဒေသတွင်း တိုင်းရင်းသားပါတီများကို ထောက်ခံမှု မြှင့်တက်နေမှုအရ အဓိက ယှဉ်ပြိုင်ဘက်အဖြစ် ရှမ်းတိုင်းရင်းသားပါတီ နှစ်ခုဖြစ်သည့် SNLD၊ SNDP ပါတီတို့ကို ယှဉ်ပြိုင်ရမည်ဟု သုံးသပ်ရသည်။
အမည် - ဦးလင်းဇော်ထွန်း
အသက် - ၄၇ နှစ်
ပညာအရည်အချင်း - သိပ္ပံဘွဲ့(စတသ)၊ ဥပဒေဒီပလိုမာဘွဲ့၊ MBA, PhD (Candidate)
လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - USDP ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မိုင်းဖြတ်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးလင်းဇော်ထွန်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာကို ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်ပြု၍ အနိုင်ရရှိထားသည့် လက်ရှိပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည်။ ဦးလင်းဇော်ထွန်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးတွင် ကိုယ်ရံတော် (ဗိုလ်မှူးကြီး) အဖြစ်နှင့် စစ်ဘက်လက်ထောက် အရာရှိ (ဗိုလ်မှူးကြီး) အဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးသူလည်း ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်းအနေဖြင့် ယင်းမဲဆန္ဒနယ်အတွင်း ဒေသတွင်း တိုင်းရင်းသား ပါတီကြီးများဖြစ်သည့် SNLD၊ SNDP ပါတီတို့ကို အဓိက ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အာဏာရပါတီ NLD ပါတီလည်း ဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်ဖြစ်သည်။
အမည် - ဦးစိုင်းထွန်းအောင်
အသက် - ၆၇ နှစ်
ပညာအရည်အချင်း - အဋ္ဌမတန်း
လူမျိုး - ရှမ်း
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မိုင်းယောင်းမြို့နယ်ြ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ဦးစိုင်းထွန်းအောင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် မိုင်းယောင်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာကို NLD ပါတီ ကိုယ်စားပြု၍ အနိုင်ရရှိပြီး လက်ရှိ မိုင်းယောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည်။ ၎င်းသည် သမဝါယမအသင်း တာဝန်ခံအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ဖူးပြီး ၁၉၈၀ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ ရပ်ကွက် (၃) ရပ်ကွက်၊ အတွင်းရေးမှူး တာဝန်ထမ်းဆောင် ခဲ့ဖူးသူလည်း ဖြစ်သည်။ မိုင်းယောင်း မဲဆန္ဒနယ်သည် တိုင်းရင်းသားပါတီ SNDP ပါတီ အနိုင်ရရှိဖူးသည့် နေရာဖြစ်သည့်အတွက် ၂၀၂၀ ရွေးကောက်တွင် ဦးစိုင်းထွန်းအောင် အနေဖြင့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရနိုင်ကြောင်း သုံးသပ်ရသည်။
အမည် - ဒေါက်တာကျော်စိုးမြင့်
အသက် - ၆၄ နှစ်
ပညာအရည်အချင်း - Ph.D (Maths) D.E.M
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ပြည်သူ့ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တောင်ကြီးမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဒေါက်တာကျော်စိုးမြင့်သည် တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် နိုင်ငံရေး ဖြတ်သန်းမှု အားကောင်းသည့် ပုဂ္ဂိုလ်များ တည်ထောင်သည့် ပါတီအသစ်ဖြစ်သော ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူဖြစ်သည်။ ၎င်းသည် ကျိုင်းတုံတက္ကသိုလ်တွင် တာဝန်ခံ ပါမောက္ခချုပ်အဖြစ် ထမ်းဆောင်ပြီး အငြိမ်းစား ယူထားသူလည်းဖြစ်သည်။ ၎င်းယှဉ်ပြိုင်မည့် တောင်ကြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ပြည်မမှ ပါတီအများစု ဝင်ရောက်ကြမည်ဖြစ်၍ ပြိုင်ဆိုင်မှု ပြင်းထန်မည့် မဲဆန္ဒနယ် ဖြစ်သည်။ ယင်းမဲဆန္ဒနယ်တွင် တိုင်းရင်းသားပါတီများအပြင် ပြည်မမှ အင်အားကြီးပါတီများနှင့် ပါတီအသစ်များလည်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
အမည် - ခွန်ကြည်
အသက် - ၃၄ နှစ်
ပညာအရည်အချင်း - B.A (Eco)
လူမျိုး - ပအိုဝ်း
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တောင်ကြီးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ခွန်ကြည်သည် အင်္ဂလိပ်ဘာသာစကားသင်တန်း နည်းပြတစ်ဦးဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားများလည်း နေထိုင်သည့် တောင်ကြီးမြို့နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲ၌ PNO ပါတီသည် မဲရလဒ် ခြောက်သောင်းကျော် အထိ ရရှိခဲ့သော်လည်း NLD ပါတီကို မဲရလဒ် ၆၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ခဲ့သည့် နေရာဖြစ်သည်။ PNO ပါတီအတွက် ထောက်ခံမှု အခိုင်အမာ ရရှိထားသည့် မဲဆန္ဒနယ် ဖြစ်သောကြောင့် ခွန်ကြည်အနေဖြင့် အနိုင်ရရှိရန် ခဲယဉ်းမှု မရှိနိုင်ပေ။ သို့သော် NLD ပါတီကလည်း ယင်းမဲဆန္ဒနယ်တွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကို ယှဉ်ပြိုင်စေပြီး ၁၀ ပါတီခန့် ယှဉ်ပြိုင်မည်ဖြစ်သဖြင့် မဲကွဲမှုများ ရှိလာနိုင်ကာ ပြိုင်ဆိုင်မှု ပြင်းထန်မည့် နေရာဖြစ်သည်။
အမည် - ဦးအုန်းဝင်း
အသက် - ၆၈ နှစ်
ပညာအရည်အချင်း - သိပ္ပံဘွဲ့(သစ်တော)၊ မဟာသိပ္ပံဘွဲ့ (သစ်တောဇလဗေဒ)
လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တောင်ကြီးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ဦးအုန်းဝင်းသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ လက်ရှိ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။၂၀၂၀ ရွေးကောက်ပွဲတွင် တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် NLD ပါတီ ကိုယ်စားပြု၍ ယှဉ်ပြိုင်မည် ဖြစ်သဖြင့် စိတ်ဝင်စားမှုခံရသူလည်း ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် တောင်ကြီး ပြည်သူ့လွှတ်တော်နေရာကို NLD ပါတီက အနိုင်ရရှိထားသော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ဒေသတွင်း တိုင်းရင်းသားပါတီများကို ဦးအုန်းဝင်း အနေဖြင့် အဓိကထား၍ ယှဉ်ပြိုင်ရမည် ဖြစ်သည်ဟု သုံးသပ်သည်။ ယင်းမဲဆန္ဒနယ်တွင် ပါတီ ၁၀ ခု ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်သည့် မဲဆန္ဒနယ် ဖြစ်သည်။
အမည် - ဒေါက်တာရဲမြင့်စိုး
အသက် - ၅၂ နှစ်
ပညာအရည်အချင်း - M.B.B.S (Ygn)
လူမျိုး - ဗမာ/အင်း
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - အင်းအမျိုးသားအဖွဲ့ချုပ်
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ညောင်ရွှေမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဒေါက်တာရဲမြင့်စိုးသည် အင်းအမျိုးသား အဖွဲ့ချုပ်ပါတီ၏ တွဲဖက်အတွင်းရေးမှူး တစ်ဦးဖြစ်သည်။ ထို့ပြင် ၁၉၉၆-၁၉၉၉ တွင် ပြည်သူ့စစ် (ဆေးမှူး)၊ ၂၀၀၀-၂၀၀၁ တာဝန်ခံဆရာဝန် (မဟာမြိုင် အထူးကုဆေးရုံ၊ ရန်ကုန်) စသည်တို့တွင် ဆောင်ရွက်ခဲ့သူလည်းဖြစ်သည်။ အင်းသားအများစု နေထိုင်ရာ ညောင်ရွှေမြို့နယ် ဒေါက်တာရဲမြင့်စိုး အနေဖြင့် ဒေသခံများ ထောက်ခံမှု မြှင့်တက်နေမှုအရ အလားအလာ ကောင်းနိုင်သည်ဟု ဆိုနိုင်သည်။ ယင်းမဲဆန္ဒနယ်တွင် ၎င်းအနေဖြင့် ဒေသတွင်း ပါတီဖြစ်သော အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်မပါတီများဖြစ်သည့် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီနှင့် ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အမည် - ဦးအိုက်ခ
အသက် - ၄၉ နှစ်
ပညာအရည်အချင်း - ဖွံ့ဖြိုးရေး တက္ကသိုလ်ကျောင်းဆင်း
လူမျိုး - ပလောင်
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - တအာင်း (ပလောင်) အမျိုးသားပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မန်တုံမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးအိုက်ခသည် မန်တုံမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် တအာင်း (ပလောင်) အမျိုးသားပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သည့် တိုင်းရင်းသား ကိုယ်စားလှယ်လောင်းဖြစ်သည်။ ဦးအိုက်ခသည် ဒေသဦးစီးအဖွဲ့ဝင် တစ်ဦးဖြစ်သည့်အလျောက် ဒေသခံများကြား လူသိများသည်ဟု ဆိုနိုင်သည်။ အသက်အရွယ်အားဖြင့် အတွေ့အကြုံများရှိသည့် လူကြီးပိုင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး ဒေသခံ တိုင်းရင်းသားများ၏ ထောက်ခံမှု ရရှိသည်ဟု ဆိုနိုင်သည်။ ယင်းမဲဆန္ဒနယ်တွင် ပြည်မမှ အင်အားကြီး ပြည်ခိုင်ဖြိုးပါတီသာ ဝင်ရောက် ယှဉ်ပြိုင်သဖြင့် ဦးအိုက်ခ အနေဖြင့် ရွေးကောက်ပွဲ အနိုင်ရရှိရန် အလားအလာ ကောင်းမွန်သည်။
အမည် - ဒေါက်တာနန္ဒာလှမြင့်
အသက် - ၄၃ နှစ်
ပညာအရည်အချင်း - သိပ္ပံ(ဓာတုဗေဒ)/ မဟာဘွဲ့ (ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ)၊ ပါရဂူဘွဲ့ (နိုင်ငံရေးသိပ္ပံ)
လူမျိုး/ဘာသာ - ဗမာ-ဓနု/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ပြည်ခိုင်ဖြိုးပါတီ
ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်ထဲတွင် ဒေါက်တာနန္ဒာလှမြင့်သည် တစ်ဦးအပါအဝင်ဖြစ်သည်။ ၎င်း၏ ဇနီးဖြစ်သူသည် မြန်မာနိုင်ငံ ရေးကြောင်းပညာ တက္ကသိုလ်မှ လက်ထောက်ကထိက(ငြိမ်း) တစ်ဦးဖြစ်သည်။ ၎င်းယှဉ်ပြိုင်မည့် ကလောမဲဆန္ဒနယ်တွင် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု၍ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးတင်နိုင်သိန်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ကာ NLD ပါတီ အနိုင်ရရှိခဲ့သည့် နေရာလည်းဖြစ်သည်။ ယခုရွေးကောက်ပွဲတွင် NLD ပါတီမှ ဒေါ်ပြုံးကေသီနိုင်ပင် ပြန်လည်ယှဉ်ပြိုင်သဖြင့် ဒေါက်တာနန္ဒာလှမြင့် အနေဖြင့် NLD ပါတီကို အဓိကယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အရ ၎င်းအနေဖြင့်လည်း ရွေးကောက်ပွဲ အနိုင်ရရှိရန် ရာခိုင်နှုန်း တစ်ခုတွင် ရှိနေသည်။
အမည် - ဒေါ်ပြုံးကေသီနိုင်
အသက် - ၄၇ နှစ်
ပညာအရည်အချင်း - B.A (Eng)
လူမျိုး - ကချင်၊ ဗမာ၊ ရှမ်း
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - NLD
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကလောမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဒေါ်ပြုံးကေသီနိုင်သည် လက်ရှိ NLD မှ ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သည်။ ကမ္ဘောဇ ပညာရိပ်သာ ကိုယ်ပိုင်သင်တန်းကျောင်း (ရန်ကုန်) ၏ ကျောင်းအုပ်ကြီးနှင့် ဒါရိုက်တာဖြစ်ပြီး Freelance Friendship Group Women Organization တွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ Yangon University Alumini ဖြစ်မြောက်ရေး ကော်မတီတွင် English Department ၏ Representative နှင့် ဗဟန်းမြို့နယ် တက္ကသိုလ်တန်း အောင်ချက်မြင့်မားရေး စီမံချက်တွင် ပညာဒါန လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပြီး ယခုရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီနှင့် အဓိက ယှဉ်ပြိုင်ရမည် ဖြစ်သည်။
အမည် - ဦးခင်မောင်မြင့်
အသက် - ၅၃ နှစ်
ပညာအရည်အချင်း - B.Sc (Zoo)
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ပြည်ခိုင်ဖြိုးပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရပ်စောက်မြို့ နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ဦးခင်မောင်မြင့်သည် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး ၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ နှစ်ကြိမ်ဆက်တိုက် ရပ်စောက်မြို့နယ်တွင်အနိုင်ရရှိခဲ့သည့် လက်ရှိလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။ နှစ်ကြိမ်ဆက်တိုက် ရွေးကောက်ပွဲ အနိုင်ရရှိထားသည့် ၎င်းအနေဖြင့် လက်ရှိရွေးကောက်ပွဲတွင်လည်း လွယ်ကူစွာ ဖြတ်သန်းနိုင်မည်ဖြစ်သည်။ သို့သော်အာဏာရ NLD ပါတီကလည်း ယင်းမဲဆန္ဒနယ်တွင် ၂၀၁၅ ရွေးကောက်ပွဲ၌ မဲရလဒ်တစ်ခု ရရှိထားပြီး လက်ရှိတွင် ပါတီခုနစ်ခုအထိ ယှဉ်ပြိုင်သဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်မည်ဖြစ်သည်။
အမည် - ဦးလင်းလင်းစိုး
အသက် - ၄၀ နှစ်
ပညာအရည်အချင်း - B.A (Eng) D.S.A
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရပ်စောက်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၂၀၂၀ ရွေးကောက်ပွဲကာလ မတိုင်မီ ထွက်ပေါ်လာသည့် ပါတီသစ်တစ်ခုဖြစ်သော ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကိုယ်စားပြု၍ ဦးလင်းလင်းစိုး အနေဖြင့် ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ခြင်းက စိတ်ဝင်စားဖွယ် ကောင်းလှသည်။ အသက်ရွယ်အားဖြင့် လူလတ်ပိုင်းသာ ရှိသေးပြီး ရွေးကောက်ပွဲအတွက် “ယုံကြည်မှုနှင့် ထိုက်တန်သူ ဖြစ်ကြောင်း သက်သေပြပါမယ်” ဟု ၎င်းက ကြွေးကြော်ထားသည်။ ၎င်းအနေဖြင့် ရပ်စောက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် နှစ်ကြိမ်အနိုင်ရရှိထားသည့် ပြည်ခိုင်ဖြိုးပါတီနှင့် အာဏာရပါတီ NLD ကိုယ်စားလှယ်လောင်းတို့နှင့် အဓိက ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အမည် - ဦးမျိုးဦး
အသက် - ၄၄ နှစ်
ပညာအရည်အချင်း - စစ်ကိုင်းဖွံ့ဖြိုးရေးတက္ကသိုလ် ကျောင်းဆင်း
လူမျိုး - ကယန်း
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ကယန်းအမျိုးသားပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဖယ်ခုံမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ဦးမျိုးဦး၏ နိုင်ငံရေးရည်မှန်းချက်သည် သိမ်းဆည်းခံမြေယာ၊ မူးယစ်ဆေးဝါး၊ အလုပ်အကိုင် ရှားပါးမှု ပြဿနာများကို ဦးစားပေး ဆောင်ရွက် ဖြေရှင်းသွားမည်ဖြစ်ပြီး ဌာနေတိုင်းရင်းသား လူမျိုးများ အခွင့်အရေး ကာကွယ်ပေးသည့် ဥပဒေသစ် ထွက်ပေါ်လာရန်ဖြစ်သည်။ ဘိန်းအစားထိုး သီးနှံများ စိုက်ပျိုးခြင်း၊ သီးနှံဈေးကွက် ခိုင်မာမှန်ကန်စေခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၊ တောင်သူလယ်သမားများ၏ လူနေမှုဘ၀ မြှင့်တင်ဆောင်ရွက်ခြင်း စသည်တို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ကြွေးကြော်ထားသည်။ ပြည်နယ်များတွင် ဒေသခံများက တိုင်းရင်းသား ပါတီများအပေါ် ထောက်ခံမှု မြင့်တက်လာမှုအရ ဦးမျိုးဦးသည် ရွေးကောက်ပွဲ အနိုင်ရရှိရန် အလားလာကောင်းများ ရှိနေသည်။
အမည် - ဦးထွန်းကျော်
အသက် - ၆၄ နှစ်
ပညာအရည်အချင်း - အ.ပ.ထ (ခ)
လူမျိုး - ပလောင်
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - တအာင်း(ပလောင်) အမျိုးသားပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - နမ့်ခမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးထွန်းကျော်သည် လက်ရှိ နမ့်ခမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ နမ့်ခမ်းမဲဆန္ဒနယ်တွင် ရှမ်းတိုင်းရင်းသားများလည်း နေထိုင်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသား ပါတီနှင့် ဝင်ရောက်ယှဉ်ပြိုင်ရာ နှစ်ပါတီပေါင်း မဲရလဒ်သည် တအာင်း (ပလောင်) အမျိုးသားပါတီထက် များသော်လည်း မဲကွဲမှုကြောင့် ရှုံးနိမ့်ခဲ့သည်။ လက်ရှိ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ ထပ်မံယှဉ်ပြိုင်ပြီး ပြည်မပါတီကြီးများဖြစ်သည့် အာဏာရ NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့လည်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
အမည် - ဦးအောင်နိုင်ဦး
အသက် - ၄၂ နှစ်
ပညာအရည်အချင်း - B.Sc (Maths)
လူမျိုး/ဘာသာ - ဓနု/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ
ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် - ရွာငံမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ဦးအောင်နိုင်ဦး၏ ရွေးကောက်ပွဲကတိကဝတ်အနေဖြင့် ဒေသတွင်း သယံဇာတ ထုတ်လုပ်ရာတွင် ပွင့်လင်းမြင်သာမှု ရှိစေရေး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု မရှိစေရေး၊ ဒေသခံပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရေးအတွက် ဓနုလူထုနှင့်အတူ ပူးပေါင်းကာကွယ် စောင့်ရှောက်သွားမည်ဟု ကြွေးကြော်ထားသည်။ ၎င်းယှဉ်ပြိုင်မည့် ရွာငံမြို့နယ် မဲဆန္ဒနယ်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီမှ အနိုင်ရရှိထားသည်။ လက်ရှိတွင် ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီအပေါ် ဒေသခံများက ထောက်ခံမှု မြင့်တက်လာမှုသည် ဦးအောင်နိုင်ဦးအတွက် အခွင့်အရေး တစ်ရပ်ဖြစ်သည်။
အမည် - ဒေါ်နန်းရင်
အသက် - ၅၆ နှစ်
ပညာအရည်အချင်း - First Year (Geography)
လူမျိုး/ဘာသာ- ဓနု/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပင်းတယမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဒေါ်နန်းရင်သည် ပင်းတယမြို့ ရွှေဥမင် မော်တော်ယာဉ်လိုင်း တည်ထောင်ပေးခဲ့သူ တစ်ဦးဖြစ်ပြီး ILO က စီစဉ်သော စီးပွားရေးနှင့် အလုပ်သမား အုပ်ချုပ်ခြင်းဆိုင်ရာသင်တန်း တက်ရောက်ခဲ့ပြီး Ledadership Development Training Hub မှ ပေးအပ်သော Certificate ရရှိခဲ့သည်။ ပင်းတယ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီမှ ဦးစိုးမြင့်က အနိုင်ရရှိထားပြီး ၎င်းပင်ထပ်မံ ယှဉ်ပြိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ ဒေါ်နန်းရင်မှာ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီတို့နှင့် အဓိက ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ဒေသတွင်းပါတီများ အားကောင်းလာပြီး လူထုထောက်ခံမှု မြင့်တက်မှုကြောင့် ဒေါ်နန်းရင်အတွက် အလားအလာ ကောင်းသည်ဟု ဆိုနိုင်သည်။
အမည် - စိုင်းသီဟကျော်(ခ)စိုင်းဟပ်
အသက် - ၄၅ နှစ်
ပညာအရည်အချင်း - B.com
လူမျိုး - ရှမ်း
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - SNLD
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မိုင်းရယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
စိုင်းသီဟကျော်သည် SNLD ပါတီမှ လက်ရှိ မိုင်းရယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ၎င်းသည် မိုင်းရယ် မဲဆန္ဒနယ်တွင် နှစ်ကြိမ်ဆက် ရွေးကောက်ပွဲ အနိုင်ရရှိထားသူဖြစ်သည်။ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် SNDP ပါတီ ကိုယ်စားပြုယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၅ တွင်ပါတီမှ နုတ်ထွက်ကာ SNLD ပါတီ ကိုယ်စားပြု ယှဉ်ပြိုင် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းအနေဖြင့် နောက်ခံပါတီ အပါအဝင် လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေသည့် အားသာချက်အရ ၂၀၂၀ ရွေးကောက်ပွဲကို လွယ်ကူစွာ ဖြတ်ကျော်နိုင်မည့် အခြေအနေဖြစ်သည်။ စိုင်းသီဟကျော် အနေဖြင့် ၎င်း၏ပါတီဟောင်း SNDP ပါတီမှ ကိုယ်စားလှယ်လောင်း နန်းဆိုင်ထွေးနှင့် အဓိက ယှဉ်ပြိုင်ရမည် ဖြစ်သည်။
အမည် - ဦးဆိုင်နပ်
အသက် - ၄၈ နှစ်
ပညာအရည်အချင်း - B.Sc (Chem)
လူမျိုး - “ဝ”
ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်
ကိုယ်စားပြုပါတီ - “ဝ” အမျိုးသားပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မက်မန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးဆိုင်နပ်သည် ၁၉၉၄ မှ ၂၀၀၀ ခုနှစ်အထိ တပ်မတော်ရေ၊ ရေတပ်ပင်မ လက်နက်ခဲယမ်းတပ်၊ သန်လျင် ဆိပ်ကြီး၊ ရန်ကုန်တွင် တပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၀ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ “ဝ” အထူးဒေသ (၂) အ.ထ.က (ပန်ဆန်း) တွင် ဒေသကော်မတီခန့် ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၂၀၀၈ ခုနှစ်အထိ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်၊ မိုင်းမောမြို့ “ဝ” အထူးဒေသ (၂) တွင် ယာယီဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးဆိုင်နပ်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ပင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိ မက်မန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေးကို ရှုံးနိမ့်ထားခြင်းဖြစ်သည်။
အမည် - စိုင်းစံမင်း
အသက် - ၆၁ နှစ်
ပညာအရည်အချင်း - ဥပဒေဘွဲ့
လူမျိုး - ရှမ်း
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - SNDP
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - လားရှိုးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
စိုင်းစံမင်းသည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) လားရှိုးမြို့နယ် အလုပ်အမှုဆောင် ကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) ၌ အနိုင်ရရှိခဲ့သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဖြစ်သည်။ လားရှိုး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ဒုတိယ သမ္မတဟောင်း ဒေါက်တာ စိုင်းမောက်ခမ်း အနိုင်ရရှိထားပြီး NLD ပါတီသည်လည်း ထိုစဉ် ဒုတိယ မဲအများဆုံး ရရှိသည့် မဲဆန္ဒနယ်ဖြစ်သည်။ လက်ရှိတွင် ပါတီကိုးခုအထိ ဝင်ရောက်ယှဉ်ပြိုင်သဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်မည်ဖြစ်သည်။
အမည် - စိုင်းဝမ်းလှိုင်းခမ်း
အသက် - ၃၉ နှစ်
ပညာအရည်အချင်း - B.A (His)
လူမျိုး - ရှမ်း
ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - SNLD ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - လားရှိုးမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
စိုင်းဝမ်းလှိုင်းခမ်းသည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ လက်ရှိ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၃) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး၊ အမျိုးသား လွှတ်တော်တွင် အစိုးရ မဟုတ်သော ပြည်တွင်းပြည်ပ၊ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီနှင့် ကျန်းမာရေး၊ အားကစား၊ ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၌ အဖွဲ့ဝင် တစ်ဦးဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်ဘဝတွင် စစ်ဘေးရှောင် ပြည်သူများအား ကူညီချင်း၊ မြေသိမ်းခံရသော တောင်သူများအား ကာကွယ်ရပ်တည်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့သည်။ လက်ရှိတွင် အမျိုးသားလွှတ်တော်မှ ပြည်သူ့လွှတ်တော်သို့ ပြောင်းလဲယှဉ်ပြိုင်ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ရွေးကောက်ပွဲအနိုင်ရရှိရန် အလားကောင်းရှိသည်ဟု ဆိုရမည်ဖြစ်သည်။
အမည် - ဦးစိုင်းအောင်မြင့်
အသက် - ၅၈ နှစ်
ပညာအရည်အချင်း - B.Sc (Chem) , H.G.P
လူမျိုး - ရှမ်း
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - SNDP
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မူဆယ်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးစိုင်းအောင်မြင့်သည် ၁၉၈၈ လူထုလှုပ်ရှားမှုတွင် အထက်ဗမာပြည် ကျောင်းသားသမဂ္ဂ လက်အောက်ခံ မူဆယ်မြို့နယ် ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့သည်။ ၈၈ အရေးတော်ပုံတွင် ပါဝင်လှုပ်ရှားမှုကြောင့် ၁၉၈၉ ခုနှစ်တွင် ယာယီထိန်းသိမ်းခံရခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ရှမ်းပါတီများ ပေါ်ပေါက်ရေးအတွက် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီတွင် ပါဝင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ လက်ရှိ မူဆယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းဖိုးမြတ်ကို ရှုံးနိမ့်ထားကာ ယခုထပ်မံ ယှဉ်ပြိုင်ခြင်းဖြစ်သည်။
အမည် - ဒေါ်နန်းထွေးမှုံ
အသက် - ၅၄ နှစ်
ပညာအရည်အချင်း - LL.B
လူမျိုး - ရှမ်း
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - SNLD
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မူဆယ်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဒေါ်နန်းထွေးမှုံသည် ၂၀၁၂ ခုနှစ် SNLD ပါတီ ပြန်လည်မှတ်ပုံတင်သည့်အခါ ပါတီ တည်ထောင်သူ တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ဘဏ္ဍာရေးမှူးအဖြစ် ၂၀၁၅ ခုနှစ်ထိ တာဝန်ယူခဲ့သည်။ လက်ရှိအချိန်တွင် တရားလွှတ်တော် ရှေ့နေအဖြစ် ဆောင်ရွက်နေသည်။ နိုင်ငံရေးအမှုများနှင့် ငွေကြေးအခက်ခဲရှိသော ရှေ့နေမငှားနိုင်သည့် အမှုသည်များကို အခမဲ့ လိုက်ပါဆောင်ရွက် ပေးခဲ့သည်။ မူဆယ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၂၀၁၅ ရွေးကောက်ပွဲ၌ SNLD ပါတီမှ အနိုင်ရရှိထားသဖြင့် ၎င်းအတွက် ရွေးကောက်ပွဲကို လွယ်ကူစွာ ဖြတ်သန်းနိုင်မည်ဟု ဆိုနိုင်သည်။