ဆေးဝါးများ၊ မော်တော်ယာဉ်နှင့် ယန္တရားများ၊ သစ်တောထွက်ပစ္စည်းများ၊ အဖျော်ယမကာ၊ သတ္တုတွင်းထွက် အပါအဝင် ကုန်စည် ၃၉၃၁ လိုင်းကို သွင်းကုန်လိုင်စင်လျှောက်ထားရန် သတ်မှတ်

ဆေးဝါးများ၊ မော်တော်ယာဉ်နှင့် ယန္တရားများ၊ သစ်တောထွက်ပစ္စည်းများ၊ အဖျော်ယမကာ၊ သတ္တုတွင်းထွက် အပါအဝင် ကုန်စည် ၃၉၃၁ လိုင်းကို သွင်းကုန်လိုင်စင်လျှောက်ထားရန် သတ်မှတ်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 27 October 2020

ဆေးဝါးများ၊ မော်တော်ယာဉ်နှင့် ယန္တရားများ၊ သစ်တောထွက်ပစ္စည်းများ၊ အဖျော်ယမကာများ၊ သတ္တုတွင်းထွက်ပစ္စည်းများ၊ ဓာတုပစ္စည်းများအပါအဝင် HS Code 2017 Version အရ ကုန်စည်လိုင်း ၃၉၃၁ လိုင်းကို သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သောကုန်စည်စာရင်းအဖြစ် သတ်မှတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် သွင်းကုန်လိုင်စင်လျှောက်ထာရန် လိုသောကုန်စည်လိုင်းများကို နှစ်စဉ်ပြန်လည်သုံးသပ်လျက်ရှိရာ အချို့သောကုန်စည်လိုင်းများကို လိုင်စင်လျှောက်ထားရန် မလိုသောကုန်စည်အဖြစ် ဖြေလျှော့ပြီး နိုင်ငံတော်လုံခြုံရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်ရေးတို့ကို ရည်ရွယ်လျက် တိရစ္ဆာန်အရှင်၊ အသား၊ ငါး၊ စားဆီအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နှင့် နှံစားသီးနှံများ၊ သစ်တောထွက်ပစ္စည်းများ၊ အဖျော်ယမကာများ၊ တွင်းထွက်လောင်စာများ၊  သတ္တုတွင်းထွက်ပစ္စည်းများ၊ ဓာတုပစ္စည်းများ၊ ဆေးဝါးများ၊ မော်တော်ယာဉ်နှင့် ယန္တရားများ၊ စွန့်ပစ်ပစ္စည်းများစသည့် ကုန်စည်အုပ်စုပါဝင်သည့် HS Code 2017 Version အရ ကုန်စည်လိုင်း ၃၉၃၁ လိုင်းကို သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်စာရင်းအဖြစ် သတ်မှတ်ထုတ်ပြန်လိုက်သည်။

အဆိုပါအမိန့်ကြော်ငြာစာသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်မှစတင်၍ အကျုံးဝင်မည်ဖြစ်ပြီး အမိန့်ကြော်ငြာစာအမှတ် ၂၂/ ၂၀၁၉ ဖြင့် ထုတ်ပြန်ခဲ့သည့် လိုင်စင်လျှောက်ထားရယူရန် လိုအပ်သောစာရင်းတွင် မပါဝင်သည့်ကုန်စည်လိုင်းများသည် ယခုအမိန့်ကြော်ငြာစာပါ 10 Digit ဖြင့် ကုန်စည်လိုင်း ၃၉၃၁ လိုင်းတွင် အကျုံးဝင်ပါက ယင်းကုန်စည်လိုင်းများအတွက် သွင်းကုန်လိုင်စင် လျှောက်ထားခြင်းကို ယခုအမိန့်စာထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း ၉၀ ပြည့်မြောက်သည့်နေ့တွင် သွင်းကုန်လိုင်စင် လျှောက်ထားရယူပြီးမှသာ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် မေ ၂၁ ရက်က ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၂၂/ ၂၀၁၉ ကို ယခုအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

COVID-19 အရေးပေါ်ကာလအတွင်း ပို့ကုန်သွင်းကုန်လိုင်စင်များ အွန်လိုင်းစနစ်ဖြင့် ထုတ်ပေးခဲ့ရာ ဧပြီ ၁ ရက်မှသြဂုတ်လကုန်အထိ ဒေါ်လာ ၅၀ ဒသမ ၄၇ သန်းရှိသည့် လိုင်စင်စောင်ရေ ၁၀၄၀၇ စောင်ကို အွန်လိုင်းမှ ထုတ်ပေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

COVID-19 ဖြစ်ပေါ်နေချိန်တွင် ရုံးဌာနအတွင်း လူစုလူဝေးများလျော့ကျစေရန် ဆေးပစ္စည်းအုပ်စု၊ ပြည်ပမှတင်သွင်းနေသည့် စားသောက်ကုန်များ၊ စားသုံးဆီ၊ စက်သုံးဆီ စသည့်ကုန်စည်များအတွက် လိုင်စင် လျှောက်ထားမှုကို ဧပြီ ၁ ရက်ကစတင်၍ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ခဲ့သည်။

အဆိုပါကုန်စည်အမျိုးအစား အုပ်စုလေးခုအတွက် Over Sea (ပင်လယ်ရေကြောင်း) မှ တင်သွင်းရန် လိုင်စင်လျှောက်ထားခြင်းတို့အတွက် အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ပြီး နယ်စပ်ကုန်သွယ်ရေး၌လည်း ရုံးချုပ်မှ လိုင်စင်လျှောက်ထားရန် လိုအပ်သည့်ကုန်စည်များကို အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ခဲ့သည်။

Most Read

Most Recent