Pay-per-view အစီအစဉ်ကို လီဗာပူးလ်ပရိသတ်အချို့ဆန့်ကျင်ခဲ့ပြီး ပွဲကြည့်ခအဖြစ်ပေးရမည့်ရုပ်သံကြေးများကို Foodbanks များသို့ လှူဒါန်း 

Pay-per-view အစီအစဉ်ကို လီဗာပူးလ်ပရိသတ်အချို့ဆန့်ကျင်ခဲ့ပြီး ပွဲကြည့်ခအဖြစ်ပေးရမည့်ရုပ်သံကြေးများကို Foodbanks များသို့ လှူဒါန်း 
Published 27 October 2020

လီဗာပူးလ်ပရိသတ်အချို့သည် Pay-per-view စနစ်ဖြင့်ကြည့်ရှုရမည့် လီဗာပူးလ်(၂-၁)ရှက်ဖီးယူနိုက်တက်ပွဲကို ရုပ်သံကြေးပေးကာ မကြည့်တော့ဘဲ ယင်းငွေကြေးအား Foodbanks များသို့ လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

ပြီးခဲ့သည့် စနေနေ့ကကစားခဲ့သော လီဗာပူးလ် - ရှက်ဖီးယူနိုက်တက်ပွဲကို ရုပ်သံမှကြည့်ရှုလိုသူ ပရိသတ်များအနေဖြင့် Pay-per-view အစီအစဉ်အရ (၁၄. ၉၅) ပေါင်ပေးပြီးမှ ကြည့်ရှုခွင့်ရရှိမည်ဖြစ်သည်။ 

ယခုရာသီတွင် ပရီးမီးယားလိဂ်ပွဲစဉ်အချို့ကို ယင်းကဲ့သို့ Pay-per-view စနစ်ဖြင့် ငွေကြေးကောက်ခံခြင်းအား ပရိသတ်အများစုက မကျေမနပ်ဖြစ်လျက်ရှိနေပြီး လီဗာပူးလ်ပရိသတ်အချို့က ယင်းအစီအစဉ်အား သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။ 

လီဗာပူးလ်အသင်းအားပေးသူအဖွဲ့အစည်းတစ်ခုဖြစ်သော Spirit of Shankly မှ အဖွဲ့ဝင်ပရိသတ်များသည် ရုပ်သံကြေး (၁၄.၉၅) ပေါင်အား စုပေါင်းလှူဒါန်းခဲ့ကြပြီး ၎င်းတို့၏လှူဒါန်းငွေ စုစုပေါင်းမှာ ပေါင် (၈၁၀၀၀)အထိရှိခဲ့ကြောင်း သိရှိရသည်။ 

Spirit of Shankly အဖွဲ့မှ ကြေညာချက်ထုတ်ပြန်ကာ တစ်ပွဲချင်းငွေကြေးပေးသွင်းကြည့်ရှုရမည့် Pay-per-view အစီအစဉ်ကိုဆန့်ကျင်ရန်နှင့် မရှိနွမ်းပါးသူများအတွက်လှုဒါန်းရန် ပရိသတ်များထံသို့ တိုက်တွန်းခဲ့သည်။ 

''သူတို့ (ရုပ်သံကုမ္ပဏီများ)အကျိုးစီးပွားရှာတာကို အားမပေးပါနဲ့။ ဆန့်ကျင်သပိတ်မှောက်လိုက်ပါ။ ကျွန်တော်တို့နိုင်ငံအတွင်းမှာ လူသားချင်းစာနာထောက်ထားရမယ့်  အခက်အခဲပြဿနာတွေ အများကြီးရှိနေပါသေးတယ်။ ဒါတွေက ဒီထက် ပိုပြီး ဆိုးသွားနိုင်တဲ့အခြေအနေမှာရှိနေပါတယ်''ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ပရိသတ်အများအပြားက ယင်းကဲ့သို့ ရုပ်သံကြေးများမပေးတော့ဘဲ သပိတ်မှောက်ခြင်းကြောင့် ရုပ်သံကုမ္ပဏီများအနေဖြင့် အခက်တွေ့ပြီး ၎င်းတို့သတ်မှတ်ထားသော Pay-per-view စျေးနှုန်းများကို လျှော့ချပေးမည်ဟု လီဗာပူးလ်ပရိသတ်များက မျှော်မှန်းနေကြောင်း သိရှိရသည်။ 

ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးကို ကြည့်ရှုလိုသည့် ဗြိတိန်ပရိသတ်များအနေဖြင့် ယင်းပြိုင်ပွဲကို ရုပ်သံထုတ်လွှင့်ခွင့်ရရှိထားသည့် Sky Sports နှင့် BT Sport ရုပ်သံများသို့ ရုပ်သံကြေးများပေးရမည့်အပြင် Pay-per-view စနစ်ဖြင့်ထုတ်လွှင့်သော ပွဲစဉ်များအတွက်လည်း တစ်ပွဲလျှင် (၁၅)ပေါင်နီးပါး ထပ်မံပေးချေရမည်ဖြစ်သည်။  

Most Read

Most Recent