မန်စီးတီးနည်းပြ ဂွါဒီယိုလာအတွက်ကတော့ ရာသီအစမှာပဲ ဖိအားတွေက ဆိုင်းမဆင့်ဗုံမဆင့်ရောက်လာခဲ့ပြီလို့ဆိုရပါမယ်။
အခုဝက်စ်ဟမ်းအသင်းကို သရေကျခဲ့တဲ့ပွဲစဉ်အပါအဝင် ပရီးမီးယားလိဂ်နောက်ဆုံး (၄)ပွဲမှာ အာဆင်နယ်တစ်သင်းတည်းကိုနိုင်ပြီး (၂)ပွဲသရေ၊ (၁)ပွဲရှုံးခဲ့တဲ့ရလဒ်ပိုင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကိုမျှော်လင့်နေတဲ့အသင်းတစ်သင်းအတွက်
မေးခွန်းထုတ်ချင်စရာပါပဲ။
ဒါ့အပြင် ဒီရာသီပရီးမီးယားလိဂ် (၅)ပွဲကစားပြီးချိန်မှာ (၈)ဂိုးပေးထားရပြီး ဂိုးမပေးရတဲ့ပွဲ (၁)ပွဲသာရှိခဲ့တဲ့ မန်စီးတီးအသင်းရဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်ကလည်း စိတ်ပျက်စရာပါပဲ။
ဝက်စ်ဟမ်းအသင်းကတော့ ပြီးခဲ့တဲ့ပွဲစဉ်မှာလည်း စပါးအသင်းကို (၃)ဂိုးအရှုံးကနေ နောက်ကလိုက်ပြီး (၃-၃)ဂိုးသရေကျအောင်ကစားနိုင်ခဲ့သလို အခုပွဲမှာလည်း မန်စီးတီးအသင်းကို ဦးဆောင်ဂိုးရယူပြီး သရေရအောင်ကစားနိုင်ခဲ့တဲ့အတွက် ကျေနပ်စရာလို့ ဆိုရပါလိမ့်မယ်။
တစ်ပွဲလုံးကိုခြုံကြည့်ရင် မန်စီးတီးအသင်း ဘောလုံးပိုင်ဆိုင်မှုအသာ၊ အခွင့်အရေးအသာနဲ့ကစားနိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းရဲ့ တန်ပြန်တိုက်စစ်နဲ့ ခံစစ်ပိုင်းတုံ့ပြန်မှုတွေကလည်း သရေရမှတ်အတွက် ထိုက်တန်ခဲ့ပါတယ်။
ဂွါဒီယိုလာအနေနဲ့တော့ ခံစစ်ပိုင်းအားဖြည့်မှုတွေအမြောက်အမြားပြုလုပ်ခဲ့၊ လုပ်နေခဲ့ပေမယ့် အသင်းရဲ့ခံစစ်ပိုင်းတည်ငြိမ်မှုကို ရှာဖွေတွေ့ရှိဖို့ခက်နေဆဲပါ။
ပွဲအစကတည်းက မန်စီးတီးအသင်း အနိုင်ရလဒ်အတွက် ဖိအားပေးကစားဖို့ကြိုးစားပေမယ့် ဝက်စ်ဟမ်းအသင်းရဲ့ စနစ်ကျတဲ့တုံ့ပြန်မှုတွေက ထင်သလောက်မလွယ်ခဲ့ပါဘူး။
ဒါ့အပြင် ပွဲချိန် (၁၈)မိနစ်မှာပဲ ဝက်စ်ဟမ်းအသင်းအဖွင့်ဂိုးရရှိသွားခဲ့ပြီး ကူဖယ်လ်ရဲ့ပေးပို့မှုကနေ အန်တိုနီယိုက လှပတဲ့ Bicycle ကန်ချက်နဲ့သွင်းယူပေးခဲ့တာပါ။
အန်တိုနီယိုအနေနဲ့ ပြီးခဲ့တဲ့ ဇွန်လက စရေတွက်မယ်ဆို ပရီးမီးယားလိဂ်သွင်းဂိုး (၁၁)ဂိုးအထိရှိခဲ့ပြီး စပါးတိုက်စစ်မှူး ဟာရီကိန်း (၁၂ ဂိုး) နောက် ဒုတိယအများဆုံးကစားသမားအဖြစ်ရပ်တည်နေပါတယ်။
ဂိုးပေးလိုက်ရပြီးနောက်မှာ မန်စီးတီးအသင်းချေပဂိုးအတွက် ကစားအားမြှင့်ခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းရဲ့ ခံစစ်ကိုကျော်ဖြတ်ဖို့ခက်နေဆဲပါပဲ။
အဂွဲရိုး၊ မာရက်ဇ်၊ စတာလင်တို့နဲ့ မန်စီးတီးအသင်းရဲ့တိုက်စစ်ပိုင်းက အခွင့်အရေးတချို့ကိုဖြုန်းတီးခဲ့လို့လည်း ချေပဂိုးနဲ့ဝေးခဲ့ပါတယ်။
ပထမပိုင်းမှာတော့ (၁-ဝ)ဂိုးနဲ့ပဲပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာ မန်စီးတီးအသင်းချေပဂိုးရဖို့ပိုမိုအားထုတ်လာခဲ့လို့ ပွဲကအကြိတ်အနယ်ပိုရှိလာခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းကတော့ ဂိုးမပေးရဖို့ကိုပဲ အဓိကဦးတည်ကစားသွားခဲ့ပြီး တန်ပြန်တိုက်စစ်တွေကနေ မန်စီးတီးခံစစ်ကိုခြိမ်းခြောက်ခဲ့တာပါ။
ပွဲချိန် (၅၁)မိနစ်မှာတော့ မန်စီးတီးအသင်းချေပဂိုးရသွားခဲ့ပြီး ဂိုးဧရိယာအတွင်း ကန်ဆယ်လိုရဲ့ပေးပို့မှုကနေ ဖိုဒန်ကသွင်းယူပေးခဲ့ပါတယ်။
ချေပဂိုးရသွားလို့ မန်စီးတီးအသင်း ဝက်စ်ဟမ်းအသင်းဘက်ကို တရစပ်တိုက်စစ်ဆင်ခဲ့ပြီး အနိုင်ဂိုးအတွက်ကြိုးပမ်းခဲ့ပါတယ်။
ဒါပေမဲ့ တိုက်စစ်ပိုင်းကအခွင့်အရေးတွေဖြုန်းတီးခဲ့သလို ဝက်စ်ဟမ်းအသင်းခံစစ်နဲ့ ဂိုးသမားဖေဘီယန်စကီးတို့ပုံစံကောင်းပြခဲ့လို့ မန်စီးတီးအသင်းအနိုင်ဂိုးနဲ့ ဝေးခဲ့ရတာပါ။
ပွဲပြီးခါနီးလေ မန်စီးတီးအသင်းပိုဖိအားပေးနိုင်လေဖြစ်ပေမယ့် ဝက်စ်ဟမ်းအသင်းရဲ့ ခံစစ်ကို တောင့်ခံကစားသွားခဲ့လို့ (၁-၁)ဂိုးရလဒ်နဲ့ပဲပွဲပြီးဆုံးခဲ့ပါတယ်။